စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မတ်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၁၉) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၀၁) ဦးရှိပြီး ထိုအထဲမှ (၂၂၁၁၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၆၈၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၃၁) ဦး စုစုပေါင်း (၃၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၁) ဦး နှင့် အသက် ၉၃ နှစ်အရွယ် အမျိုးသမီးတဦးအပါအဝင် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၈) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းမှာ (၆) ဦးဖြင့် သေဆုံးမှု  ဒုတိယအများဆုံးဒေသဖြစ်သည်။

မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်သို့ ဆိုင်ကယ်မောင်းနှင်၍ ပစ္စည်းဝယ်ရန်ထွက်လာသည့် မြိတ်မြို့နယ်အတွင်း နေထိုင်သော ရမ်ဇာန်ခန်းနှင့် ၎င်း၏သားဖြစ်သူတို့က ရေဖြူကျေးရွာအနီးရှိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစဉ် စစ်အုပ်စုက ပစ်ခတ်သဖြင့် ဆိုင်ကယ်မောင်းနှင်သည့် သားဖြစ်သူမှာ ထိခိုက်ခြင်းမရှိသော်လည်း ဖခင်ဖြစ်သူ ရမ်ဇာန်ခန်း၏ လက်မောင်းနှင့်ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့သည်။ ထို့ကြောင့် ၎င်းကို မတ်လ ၁၂ ရက်နေ့တွင် တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံမှ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင် ထိုဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)