စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၅၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၈၈၈) ဦးရှိပြီး ထိုအထဲမှ (၂၁၃၁၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၆၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ ဆက်လက်ဆိုးရွားစွာ ဖြစ်ပေါ် နေသည်။ ယခင်သီတင်းပတ်အတွင်းရရှိထားသည့် သတင်းအချက်အလက်များအရ ရွှေဘိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာလူတွေ့ခွင့်မပေးဘဲ ပိတ်ပင်ထားသည်မှာ ၆ လဝန်းကျင်ရှိ နေပြီဖြစ်ပြီး အကျဉ်းဦးစီးဝန်ထမ်းများကလည်း အဂတိလိုက်စားမှုများဖြင့် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို အကျပ်ကိုင်လျက်ရှိသည်။ အလားတူပင် မြောင်းမြအကျဉ်းထောင်ရှိ နာမကျန်းဖြစ်နေသည့် အကျဉ်းသားများမှာ အကျဉ်းထောင်တွင်းလုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိနေသလို မိသားစုဝင်များမှ ဆေးဝါးပို့ခွင့်ကိုပါ ကန့်သတ်ခံထားရလျက်ရှိသည်။
ထို့အပြင် စစ်ရေးပြင်းထန်နေသည့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ကျေးရွာ ၂၀ ဝန်းကျင်ရှိ ဒေသခံပြည်သူ အနည်းဆုံးငါးထောင်ကျော် မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြသည်။ ဆောင်းရာသီဖြစ်သည့်အတွက် လုံလောက်သည့် အဝတ် အထည်အပါအဝင် အခြေခံလိုအပ်ချက်များပြတ်လပ်နေပြီး လူသားချင်းစာနာမှုအကူအညီများလိုအပ်နေသည်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ချွန်ကျုံးကျေးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့ပြီး ဒေသခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

