စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၂၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၂၇၅) ဦးရှိပြီး ထိုအထဲမှ (၁၈၉၄၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၂၉၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၂၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
ယနေ့ရရှိသော အချက်အလက်များအရ ဇွန်လ ၃ ရက်နေ့၊ နံနက် ၆ နာရီခန့်အချိန်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ပွဲကုန်း ၂ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးရှေ့သို့ အကြမ်းဖက်စစ်အုပ်စု၏တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကိုအောင်ကျော်ဖြိုး (ခ) အဖြိုးမှာ ကျည်စထိမှန်၍ ဦးခေါင်း၊ ဗိုက်နှင့် ညာဘက်ပေါင် ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့နောက် ၎င်းအား လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးခဲ့သည်။
ထို့ပြင် ဇွန်လ ၂ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်အချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာရှိ လှေဆိပ်မှ ကမ်းတိုကျေးရွာသို့ လှေဖြင့်သွားနေသော အမျိုးသားနှစ်ဦးကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ကုန်းပေါ်မှ သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ကမ်းတိုကျေးရွာသား ကိုအောင်ကျော်မှာ ကျည်ထိမှန်၍ ရေထဲသို့ ပြုတ်ကျခဲ့ပြီး ၎င်းနှင့်အတူပါလာသော အမျိုးသားတစ်ဦးမှာ ရေကူးလွတ်မြောက်ခဲ့သည်။ ထို့နောက် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဆင်ဒင်ကျေးရွာအနီးရှိ မြစ်ထဲ၌ သေဆုံးနေသည့် ကိုအောင်ကျော်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် – Sector_Data_Definition (2-Feb-2023)
Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် – Special_Condition_Data_Definition (2-Feb-2023)
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း