စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇွန်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၉၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဇူလိုင် ၂၀) တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ အချက်အလက်များကို  ကောက်ယူရရှိနိုင်ခဲ့ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။    

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၇၄၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၃၄၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ (၇၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၄၇) ဦး ရှိသည်။

ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာအတွင်းကို ပုလောအခြေစိုက် ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်သည် ကျေးရွာအတွင်းရှိ နေအိမ် တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦးဖြစ်သူ ကိုဇင်ဝိုင်းကို ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စိန်သာကျေးရွာမှ ကိုပြည့်စုံဦးသည် အရာတော်-ဝါးတောမလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ကျွဲခြံကျေးရွာအနီးအရောက်၌ အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ စစ်ဆေးရန် တားဆီးရာ ရပ်တန့်မပေးသောကြောင့် ပစ်သတ်ခြင်းခံခဲ့ရသည်။ ကိုပြည့်စုံဦး၏  ရုပ်လောင်းကို လမ်းဘေး၌ ပစ်ထားခဲ့ကာ ဆိုင်ကယ်နှင့် ဖုန်းကို ယူဆောင်သွားကြောင်း သိရှိရသည်။ ကိုပြည့်စုံဦးသည် ကျေးရွာသို့ ပြန်လာစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ရင်ဘတ်နှင့် ပေါင်တို့ကို ထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း