စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၅ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇွန်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၆၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဇူလိုင် ၅) တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၈) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၄၂၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၂၁၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၁) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၄၅) ဦး ရှိသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ဧရာဝတီသတင်းဌာန၏ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ သပိတ်စစ်ကြောင်းတွင်ပါဝင်မှု၊ ဆန္ဒပြဓာတ်ပုံများပေးပို့မှုတို့ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ကျောက်ကြီးမြို့နယ်၊ လော်မူပယ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ ခမရ-၄၃၉၊ ခမရ-၃၅၁၊ ခလရ-၆၀ ပူးပေါင်းစစ်ကြောင်းမှ ဝင်ရောက်စီးနင်းခဲ့ပြီး ကိုနေလင်းထွန်း၊ စောမာနေထူးနှင့် အမည်သိရှိရခြင်းမရှိသေးသည့် အရပ်သား နှစ်ဦးတို့ကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ စောမာနေထူးသည် အသက်မွေးဝမ်းကျောင်းအတွက် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူဖြစ်ပြီး ၎င်း၏ ဆိုင်အတွင်း၌ပင် ပစ်သတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး –bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း –  bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ –  bit.ly/3m3Z8Lm
လွတ်မြောက် – bit.ly/3MbC3kd
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း