စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၄၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဇွန် ၃၀) တွင် ဇွန်လ ၂၉ ရက်နေ့က ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၃၃၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၂၀၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၁) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၄၃) ဦး ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေသူများကို ကူညီသည်ဟုဆိုကာ ရဝမ်လူငယ်များအသင်းဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်သည် ဇွန်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။ ဦးဖုန်ရော့ဖီနန်သည် အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ထိုသို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၂၇၄ မှ မင်းတပ်မြို့မြောက်ဘက် မဒပ်ကျေးရွာ၊ ကြားအိမ်နူးကျေးရွာ တို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်သည် မဒပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ မောင်နိုင်းခေါဂေအား ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး –bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း –  bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ –  bit.ly/3m3Z8Lm
လွတ်မြောက် – bit.ly/3MbC3kd
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း