စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၇0) ခုထက်မနည်းရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ မေလ ၂၅ ရက်နေ့က ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့ (မေ ၂၇)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၆၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၈၂၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၈၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၃) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။

မေလ ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာမှ ကိုကျော်ငြိမ်းနှင့် ကိုချစ်သိန်းဇော် (ခ) ဖားကြီးတို့ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဒုန်းတောကျေးရွာ၌ ဖမ်းဆီးခဲ့ပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများကို ကံကုန်းကျေးရွာသုသာန်၌ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ကိုကျော်ငြိမ်းမှာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရ၍ မျက်နှာတစ်ခြမ်း ရွဲ့သွားပြီး နဖူးတွင် ကျည်တစ်ချက် တွေ့ရှိရကာ ကိုချစ်သိန်းဇော် (ခ) ဖားကြီးတွင်လည်း ညှဉ်းပန်းနှိပ်စက်ခြင်းခံထားရသော ဒဏ်ရာများ တွေ့ရှိရပြီး ဦးခေါင်းနှင့် ရင်ဘတ်၌ ကျည်ဒဏ်ရာများ တွေ့ရှိရကြောင်း သိရှိရသည်။ ၎င်းတို့နှစ်ဦးမှာ မြန်မာယန်စီကြေးနီကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ပြီး ကိုကျော်ငြိမ်းမှာ Process ဌာနမှဖြစ်ကာ ကိုချစ်သိန်းဇော် (ခ) ဖားကြီးမှာ Mining ဌာနတွင် Drill Operator ဖြစ်ကြောင်း သိရှိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးထွက်ခဲ့သူ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU) တတိယနှစ်ကျောင်းသား ကိုထက်မြက်နိုင်ကို စစ်ခုံရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် မေလ ၁၈ ရက်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ကိုထက်မြက်နိုင်ကို PDF များအား ဆက်သွယ် ထောက်ပံ့သည်ဟုစွပ်စွဲပြီး မတ်လ ၂ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၂၉) ရပ်ကွက်ရှိ နေအိမ်၌ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for May 27, 2022 (English)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-27-May-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-27-May-2022