စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ကနီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ယနေ့ (ဖေဖော်ဝါရီ ၃)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၅၁၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၉၄၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၆၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပလူသာကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်များက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပလူသာကျေးရွာတွင် နေထိုင်သည့် မန်ကျည်းကုန်းကျေးရွာသား ဦးမောင်ညွန့်ကို ဖမ်းဆီး ခဲ့သည်။ ထို့နောက် ဦးမောင်ညွန့်ကို တောတွင်းတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဦးမောင်ညွန့်၏ ရုပ်အလောင်းကို တောတွင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏တပ်သားများသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အသက် ၂၅ နှစ်အရွယ် ကိုဆင်ပေါက်(ခ) ချမ်းသာအပါအဝင် အရပ်သား ခုနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကိုဆင်ပေါက်(ခ) ချမ်းသာအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ကိုဆင်ပေါက်(ခ) ချမ်းသာ၏ ရုပ်အလောင်း၌ လည်ပင်းတွင် ဓားဒဏ်ရာကို တွေ့ရှိခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Feb 3, 2022 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-3-February-2022
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-3-February-2022