စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့(ဒီဇင်ဘာ ၂၉)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၃၈၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၃၀၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၄၃၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၃၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၇၈) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံးမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)၏ ဒုဥက္ကဌဖြစ်သူ ကိုဝေယံဖြိုးမိုးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေတို့ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် တစ်လချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ချုပ်ရက်များကိုလည်း ခံစားခွင့်မပေးကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စမ်းကန်ကျေးရွာအုပ်စု၊ လင်းကတိုးကျေးရွာတွင် နေထိုင်သည့် ဦးသိန်းရွှေ၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကျင်မေ၊ သားဖြစ်သူ ကိုဖြိုးပိုင်ကို တို့ကို စစ်သားများမှ မေးမြန်းမှု တစ်စုံတစ်ရာမရှိဘဲ ဒီဇင်ဘာလ ၂ရ ရက်နေ့ ည ၁ဝ နာရီဝန်းကျင်တွင် ပစ်ခတ်၍ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်းတို့သည် နေအိမ်အတွင်း၌အိပ်နေစဉ် ပစ်ခတ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုဖြိုးပိုင်ကိုမှာ ပေါင်ကို ကျည်ထိမှန်ထားကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for December 29, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-29-December-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-29-December-2021