စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၆) ဦး၏ အချက်အလက်များကို ယနေ့ (နိုဝင်ဘာ ၉) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၂၅၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၁၃၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၈၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ထောင်ဒဏ် နှစ်နှစ် ချမှတ်ခြင်းခံထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ယနေ့ (နိုဝင်ဘာ ၉) တွင် အလုပ်နှင့် ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဒေါ်နန်းခင်ထွေးမြင့်ကို ပုဒ်မ ၅၅ ဖြင့် ငါးမှုတရားစွဲဆိုထားခြင်းဖြစ်ပြီး တစ်မှုလျှင် ၁၅ နှစ်ဖြင့် ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခဲ့ ခြင်းဖြစ်သည်။ အလားတူ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခြင်းခံထားရသည့် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက် ခြောက်ခုအတွက် ယနေ့တွင် ထောင်ဒဏ် နှစ် ၉ဝ ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ဒေးဒနောကျေးရွာတွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် ကိုဇင်ဝေအောင်ကို အကြမ်းဖက်စစ်အုပ်စုမှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်သောကြောင့် ကိုဇင်ဝေအောင်မှာ ထိုနေ့ညအချိန်တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ တစ်လနီးပါးကြာ ဖမ်းဆီးချုပ်နှောင်ထားသည့် ကိုရိုာလ်ကျူံးသည် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဟားခါးမြို့၊ နှီးရာလွန်သာရ်ရပ်ကွက်၌ တိုက်ပွဲဖြစ်ပွားရာ ကိုရိုာလ်ကျူံးအပါအဝင် လူငယ် ငါးဦးကို အကြမ်းဖက်စစ်အုပ်စုမှ သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for November 9, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-9-November-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-9-November-2021