စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ အောက်တိုဘာလ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့(အောက်တိုဘာ ၃၀)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၂၂၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၃ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၂၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၀၀) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ လန်ဒန်ဝင်းရပ်ကွက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသူ သုံးဦးဖြစ်ကြသည့် အသက် ၆ဝ အရွယ် ဦးစန်းလွင်၊ ၄၄ နှစ်အရွယ် လန်ဒန်ဝင်းရာအိမ်မှူးဟောင်း ဦးကျော်ဌေးအောင်နှင့် အသက် ၅ဝ အရွယ် ဦးမိုးကြီးတို့ကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များမှ အောက်တိုဘာလ ၂ရ ရက်နေ့၊ ည ၁ဝ နာရီကျော်ခန့်တွင် ဖမ်းဆီးသွားခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကိုကျော်ဌေးအောင်နှင့် ဦးစန်းလွင်တို့၏ ရုပ်အလောင်းများကို လာရောက်ထုတ်ယူရန် မိသားစုများထံ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။ ရုပ်အလောင်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းခံထားရသည့် ဒဏ်ရာများအပြင် ဓားဒဏ်ရာကိုပါတွေ့ရှိရကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့တွင် အောက်တိုဘာလ ၂ရ ရက်နေ့၌ ရတနာဦးဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုမှ ဝင်ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းစာကြည့်တိုက်မှူး ကိုဇေယျာသင်းလှိုင်၊ ကျောင်းသို့အလည်အပတ်ရောက်ရှိနေသည့် ပြည်သာယာ (တောင်) ရပ်ကွက် အုပ်ချုပ်ရေးဟောင်း ဦးမင်းမင်းနှင့် စာကြည့်တိုက်လုပ်အားပေးလူငယ် ငါးဦးတို့ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ လူငယ် ငါးဦးကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 30, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-30-October-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-30-October-2021