စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်
အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံရေးနှင့်ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၁၃၁၆)ဦး၊ တရားရင်ဆိုင်နေရသူ (၄၃၂၀)ဦးကို လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ခင်ဦးမြို့နယ်၊ အရာတော်မြို့နယ်၊ တန့်ဆည်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၁၀) ဦး၏ အချက်အလက်များကို ယနေ့(အောက်တိုဘာ ၂၃)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၉၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၀၁၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၀၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၅၅) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
အောက်တိုဘာလ ၂ဝ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကံကြီးကျေးရွာမှ သားအဖ နှစ်ဦးဖြစ်သည့် ဦးတင်ထွန်းနှင့် ကိုကောင်းသီဟတို့သည် ချပ်သင်းရဲစခန်းမှ ရဲ ငါးဦးက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်ရန် ဆိုင်ကယ် အကူအညီတောင်းခံလာသောကြောင့် ချပ်သင်းရဲစခန်းသို့သွားစဉ် လမ်း၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အဆိုပါ သားအဖ နှစ်ဦးကို လိမ်လည်၍ အကူအညီတောင်းခံခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ကိုဝေဖြိုးသူ (ခ) ဝေကြီးသည် စစ်ကြောရေး၌ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောကြောင့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျဆုံးသွားခဲ့ ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ လူငယ် နှစ်ဦးဖြစ်သည့် ကိုဝေဖြိုးသူ (ခ) ဝေကြီးနှင့် ကိုရစ်ချက်စိုးတို့ကို အကြမ်းဖက်စစ်အုပ်စုမှ ဖမ်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာရှိ လက်ဘက်ရည်ဆိုင်အတွင်းသို့ အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများမှ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ ဦးနေနေမှာ နေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး ဦးအုန်းနီမှာ ဆေးရုံ၌ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒေသခံ သုံးဦးလည်း ကျည်ထိဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 23, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-23-October-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-23-October-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-23-October-2021