စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မေလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၄) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၈၃၇) ဦး ရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၃၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၇၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၈၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (မေ ၂၈) ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပေါက်တောဝတွင် ဆိုင်ကယ်စီးလာသော လူငယ် တစ်ဦးကို အကြမ်းဖက် စစ်အုပ်စု၏ တပ်မ ၇ရ မှ စစ်ဆေးရန် တားဆီးရာ ရပ်တန့်ပေးခြင်းမရှိသောကြောင့် စစ်ကားဖြင့် တိုက်သတ်ခဲ့ကြောင်း သိရှိရသည်။ ကျဆုံးသွားသည့် လူငယ်မှာ မော်ဒယ် သရုပ်ဆောင် တစ်ဦးဖြစ်ကြောင်းလည်း သိရှိရ သည်။ ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရဲလှကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပစ်ခတ်ခဲ့သောကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် ကျောင်းဆရာ တစ်ဦး နှင့် ရွာသား နှစ်ဦးတို့ ကျဆုံးသွားခဲ့သည်။
ယမန်နေ့ (မေ ၂၈) ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် NLD ပါတီဥက္ကဋ္ဌ နှင့် မကွေးတိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီးဖြစ်သည့် ဦးမြင့်အောင်ကို ၎င်း၏ နေအိမ်၌ ဖမ်းဆီးသွားခဲ့သည်။ မေလ ၂ရ ရက်နေ့ ညအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ တိမ်းရှောင်နေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်ဖြိုးပိုင်ကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် ၎င်း၏ မိခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ မေလ ၂ရ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်သည် ဟင်္သာတခရိုင်တရားရုံး၌ နိုင်ငံရေးအကျဉ်းသားများ၏အမှုကို ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေချိန် ဖမ်းဆီးခြင်းခံခဲ့ရပြီး ဟင်္သာတမြို့ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (က) ဖြင့် အမှုဖွင့်ခြင်းခံထား ရကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးသူများစာရင်း Fatality List for May 29, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်း Under Detention List_Burmese (29-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists_Burmese (29-May-2021)