စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဧပြီလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့များက ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၃၈) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့် အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၃၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၂၆၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၉၇၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီအချိန်တွင် စစ်အုပ်စု၏ ဝါဒဖြန့်သည့် ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်သော မြဝတီ ရုပ်မြင်သံကြား (MWD)မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် သတင်းမှားများ ဖြန့်ချိနေကြောင်း ကြေညာခဲ့သည်။ AAPP သည် ယုံကြည်ရသည့် သတင်းရင်းမြစ်များမှ ရရှိလာသော မှန်ကန်တိကျသည့် သတင်းအချက်အလက်များနှင့် တရားမဝင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှု ဖြစ်ရပ်များကို တင်ပြနေခြင်းဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်ခြင်းသည် အလွန်အမင်း လူသားချင်းစာနာမှုမရှိသည့် လုပ်ရပ်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း အာဏာရှင် အဆက်ဆက် အသုံးပြုလာကြရာမှ ယခုအာဏာသိမ်းမှုတွင်လည်း နေ့စဉ်ရက်ဆက် နည်းမျိုးစုံသုံး၍ ညှဉ်းပန်းနှိပ်စက်မှု ပြုလာသည်ကို တွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီး ခြင်း ခံထားရသည့် လူငယ် ခြောက်ဦး၏ အလွန်အမင်း နှိပ်စက်ခြင်းခံထားရသော ဓာတ်ပုံများသည် လူမှုကွန်ရက်စာမျက်နှာ ၌ ပျံ့နှံ့လျက်ရှိသည်။
စစ်အုပ်စုက မတရားသိမ်းပိုက်ထားသော မီဒီယာများမှ ထိုသို့ လူမမြင်ကွယ်ရာတွင် ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ထား သည်ကို ဓာတ်ပုံနှင့်တကွ ဖေါ်ပြခြင်းသည် လူမဆန်သော ယုတ်မာရိုင်းစိုင်းသည့် အပြုအမူဖြစ်ပြီး လူ့အခွင့်အရေး သဘောတူညီချက်၊ နိုင်ငံတကာ စာချုပ်၊ စာတမ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း သက်သေပြလျှက်ရှိ သည်။ ထို့ပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လျှက်ရှိသော လူထုအား စိန်ခေါ် ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်သည်။
ယခုလက်ရှိတွင် ဒဏ်ရာအသီးသီးရရှိထားသော အဆိုပါ လူငယ် ခြောက်ဦး ဆေးကုသခွင့် ရရှိရန်မှာ အရေးတကြီး လိုအပ်လျက်ရှိသည်။ ထို့ပြင် စစ်ကြောရေးကာလအတွင်း ထပ်မံ၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခြင်း ရှိ၊မရှိ နှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများကို သိရှိရမှု မရှိခြင်းကလည်း အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသော သင်္ဘောသားများ ကွာရန်တင်းဝင်နေသည့် ဟိုတယ် တစ်ခုရှေ့မှ အကြမ်းဖက်စစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သွားစဉ် သံပုံးတီးသည့် အသံများကြားသောကြောင့် ဟိုတယ်ခန်း အတွင်းသို့ ဝင်ရောက်ကာ သင်္ဘောသား နှစ်ဦးကို ကန်ကျောက် ရိုက်နှက်ခဲ့၍ တစ်ဦး နံရိုးကျိုးသွားပြီး နောက်တစ်ဦးမှာ မျက်ခမ်းစပ် အရိုးကျိုးသွားကြောင်း သိရှိရသည်။ ထို့ပြင် သင်္ဘောသား တစ်ဦးထံမှ လစာ ဒေါ်လာငွေ ၁၅၀ဝ ကို လုယက်သိမ်းဆည်းသွားသည်ဟု သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် ထိုကဲ့သို့ ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည်။ ထို့အတူ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရများ၊ ကမာ္ဘ့ကုလသမဂ္ဂနှင့် လူ့အသိုင်းအဝိုင်းများမှ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။
ယနေ့ (ဧပြီ ၁၉) တွင် မြန်မာပြည်အနှံ့အပြားရှိ ပြည်သူများသည် သပိတ်အမျိုးမျိုးဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အထွေထွေအရုဏ်ဦး သပိတ် စစ်ကြောင်းကို ဖြိုခွင်းရာတွင် သပိတ်စစ်ကြောင်းရှေ့ဆုံးမှ ပြည်သူ တစ်ဦးကို ကားဖြင့်တိုက်ကာ ဖြိုခွင်းခဲ့ပြီး ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများအပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ပြည်သူ ၁၁ ဦးလည်း ရိုက်နှက် ဖမ်းဆီးခြင်း ခံထားရသည်။ ၎င်းပြင် ကားဖြင့်တိုက်ခြင်းခံရသူမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ဆိုင်ကယ် သပိတ်စစ်ကြောင်း နှစ်ခုကို အိမ်စီးကားဖြင့် ဝင်တိုက်သောကြောင့် မိန်းကလေးငယ် တစ်ဦး ကားကြိတ်ခံရကာ အခြား တစ်ဦးမှာ သေနတ်ဒဏ်ရာ ရရှိထားပြီး ရိုက်နှက် ဖမ်းဆီးခြင်းခံထားရသူ ၁ဝ ဦး ထက်မနည်း ရှိကြောင်း သိရှိရသည်။ အိမ်စီးကားဖြင့် ဆန္ဒထုတ်ဖော်သူများကို ဝင်ရောက်တိုက်ခိုက်၍ ဖမ်းဆီးခြင်းကို ယခု ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုမှ လုပ်ဆောင်လာသည်ကို တွေ့ရှိရခြင်းမှာလည်း စိုးရိမ်ဖွယ်ရာ အခြေအနေ တစ်ရပ်ဖြစ်သည်။
ယနေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့သပိတ်ဖြိုခွင်းခြင်းခံခဲ့ရပြီး တက္ကသိုလ်ကျောင်းသူ တစ်ဦး အပါအဝင် ပြည်သူ နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်တွင် ပြည်သူများပြုလုပ်ထားသော အတားအဆီးများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လူငယ် နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ကျည်အစစ်များသုံး၍ ပစ်ခတ်ခဲ့ ကြောင်းလည်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အင်အားအတောင့်ဆုံးဖြစ်သော အမှတ် ၆ ရပ်ကွက် ခံတပ်ကို ယမန်နေ့ (ဧပြီ ၁၈) ညနေကတည်းက ညအချိန်ထိ အင်အားအလုံးအရင်းဖြင့် စစ်မြေပြင်သဖွယ် အပြင်းအထန် ဖြိုခွင်းခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။ ဒေသခံပြည်သူများမှလည်း ပြန်လည်ခုခံခဲ့ကြပြီး ဒဏ်ရာ ရရှိမှု မရှိသော်လည်း အသက် ၁၃ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် ခြောက်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
ယမန်နေ့က ဖြိုခွင်းခြင်းခံခဲ့ရသည့် အမှတ် ၆ ရပ်ကွက် ခံတပ်ကို ဒေသခံများမှ ပြန်လည်တည်ဆောက်ရာ ယနေ့နံနက်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် စီးနင်းပစ်ခတ်ခဲ့၍ ဒေသခံပြည်သူ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။ ထို့ပြင် တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေခဲ့ကြသည်။ ထို့ပြင် အမှတ် ၆ ရပ်ကွက်မှ ထောင်နှင့်ချီသော မြို့ခံများသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ၎င်းပြင် အမှတ် ၄ နှင့် အမှတ် ၃ ရပ်ကွက်များကိုလည်း အကြမ်းဖက် ဝင်ရောက် ဖြိုခွင်း ပစ်ခတ်ခဲ့ပြီး အမှတ် (၄) ရပ်ကွက်၌ အိမ် နှင့် ဆိုင်ကယ်များကို မီးရှို့သွားခဲ့သည်ဟု သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကိုလည်း စစ်ဆင်ရေးသဖွယ် လုပ်ဆောင်လာခြင်းကြောင့် ကျေးရွာ ခုနှစ်ရွာထက်မနည်း ရှောင်တိမ်းနေကြရသည်။ ယမန်နေ့ နေ့ခင်းအချိန်၌ ကနီမြို့နယ်၊ ချောင်းမကျေးရွာကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ပြီး တစ်အိမ်တက်ဆင်း ရှာဖွေကာ စားသောက်ကုန်ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့သည်။ ထို့ပြင် ယမန်နေ့ညကလည်း စစ်ကားများ ရောက်ရှိလာပြီး မြင်ရာ ပစ်ခတ်ခြင်းကြောင့် ကလေး၊ လူကြီးမကျန် ထွက်ပြေးနေခဲ့ရသည်။ အကြမ်းဖက် စစ်အုပ်စု၏ ဝင်ရောက် စီးနင်း၊ ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ မိမိတို့ ရပ်ရွာဒေသများ၌ပင်လျှင် လုံခြုံခြင်း အလျှင်းမရှိတော့ဘဲ အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် နွေဦးတော်လှန်ရေး၌ ကျဆုံးသွားသူများ မြှပ်နှံထားသော ဆင်ဖြူကွင်းသုသာန်တွင် အာဇာနည်ဗိမာန် အုတ်ဂူများအား ဖွင့်ဖောက်၍ ဖျက်ဆီးခဲ့ပြီး ရုပ်အလောင်းများ အား ဆွဲထုတ်ထားကာ အပြင်၌ ချထားကြောင်း၊ အုတ်ဂူအသစ်မလုပ်ရသေးကြောင်း သိရှိရသည်။ ကျဆုံးသွားသူ၏ ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်၊ အလေးမထားဘဲ ထိုကဲ့သို့ပြုလုပ်ခြင်းသည် အလွန်အမင်း စပ်ဆုပ် ရွံရှာဖွယ်ရာ လုပ်ရပ် ဖြစ်သည်။
ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဒီမိုကရေးစီရေး တို့ကို ဦးတည်လျက်ရှိသော မြန်မာနိုင်ငံသည် အာဏာသိမ်းမှုကြောင့် နောက်ကြောင်းပြန်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ် ချေမှုန်းနိုင်မှ သာလျှင် အာမခံချက်အပြည့်အဝရှိသော လူ့ဘောင်အသိုင်းအဝိုင်းကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ အာမခံချက်ရှိမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
မတရားဖမ်းဆီးခံထားရသူများစာရင်းဒေါင်းရန် Under Detention List_Burmese (19-Apr-2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for April 19, 2021 (Burmese)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန် Release Lists_Burmese (19-Apr-2021)