စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဧပြီလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့က ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၂၈) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၂၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၁၄၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်များအပါအဝင် (၅၈) ဦးမှာ ပြန်လည် လွတ်မြောက်လာသည်ဟု သိရှိရသည့်အတွက် ယနေ့ထုတ်ပြန်သည့် အဖမ်းအဆီးစာရင်းအတွင်းမှ ပယ်ဖျက်ထားပါသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၈၃၂) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ရိုက်နှက်ခြင်းခံထားရသောကြောင့် မျက်နှာတစ်ပြင်လုံး ဖူးယောင်နေသော မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၏ ဓါတ်ပုံ သည် ယနေ့တွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိသည်။ ထိုဖြစ်စဉ်သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုအား ကားဖြင့် တဖက်ယာဉ်ကြောသို့ အတင်းဝင်ရောက် တိုက်ပစ်ခြင်း၊ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားရုံမက လူမမြင်ကွယ်ရာ တွင် ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းသည် လူ့ကျင့်ဝတ်ကိုဖောက်ဖျက်ပြီး ရိုင်းစိုင်းသည့် တရားမဲ့ လုပ်ရပ်များပင် ဖြစ်သည်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ၏ ဗဟိုအလုပ်အမူဆောင် တစ်ဦးဖြစ်သည့် ဆလိုင်းဒုဟူးထန်း(Salai Duh HuThang) ကို ဟားခါးစစ်ဗျူဟာကုန်းတွင် ဖမ်းဆီးထားပြီး နှိပ်စက်စစ်ဆေးမူကို ယနေ့တိုင်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
မိမိတို့ AAPP အနေဖြင့် ထိုကဲ့သို့ ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည်။ ထို့အတူ ပြည်တွင်း၊ ပြည်ပရှိ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ဝိုင်းဝန်း ကန့်ကွက်ကြရန် နှင့် နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။
ယနေ့ (ဧပြီ ၁၆) တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်အုပ်စု၏ တပ်ဖွဲ့မှ အိမ်စီးကားဖြင့် ဝင်တိုက်ပြီး ဖြိုခွင်းခဲ့သည်။ ထိုသို့ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့သော်လည်း ဆိုင်ကယ် နှစ်စီးကို ယူဆောင်သွားခဲ့သည်ဟု သိရှိရ သည်။ သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးတို့သည် မိသားစုများနှင့် အဆက်သွယ်ပြတ်နေကြောင်းလည်း သိရှိရသည်။
၎င်းပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ သပိတ်စစ်ကြောင်းလူစုခွဲနေစဉ် ရဲနှင့် စစ်တပ်ရောက်ရှိလာပြီး သေနတ် သုံးချက်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ (ဧပြီ ၁၅) တွင် အကြမ်းဖက် စစ်အုပ်စုမှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တို့ကို အပြင်းအထန် ဖြိုခွင်းခဲ့ပြီးသည့်နောက် ညနေ နှင့် ညပိုင်းအချိန်၌လည်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တို့ကို အပြင်းအထန်ဖြိုခွင်းခဲ့၍ ကျဆုံး၊ ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီးခံရမှုများ ရှိခဲ့သည်။
ခံတပ်ပြုလုပ်ထားသော မြင်းခြံမြို့၊ (၆) ရပ်ကွက်အတွင်းကို ယမန်နေ့ည ၁ဝ နာရီခွဲအချိန်မှ ယနေ့ နံနက် ၂ နာရီကျော် အထိ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ နှစ်ဦး ကျဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ နှင့် ဖမ်းဆီး၊ ဒဏ်ရာရရှိသူ အရေအတွက်ကို သိရှိရခြင်းမရှိသေးပါ။
ကနီမြို့နယ်အနီး မိုင်တိုင် ၁၂ ၌ ကျေးရွာလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ဒေသခံများကို အင်အားအလုံးအရင်း ဖြင့် လာရောက်ဖြိုခွင်းခဲ့သည့်အတွက် ဒေသခံရွာသား ခြောက်ဦးထက်မနည်း ကျဆုံးသွားခဲ့ပြီး ၂ဝ ဦးကျော် ပျောက်ဆုံးလျက်ရှိသည်ဟု သိရှိရသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။
အကြောင်းမဲ့ပစ်ခတ်မှုအနေဖြင့် ယမန်နေ့ညက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ၆၀၂ တပ်ရင်းရှေ့မှ ဆိုင်ကယ် ဖြတ်မောင်းလာသည့် လူငယ် နှစ်ဦးသည် ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် သာသနိကအဆောက်အဦးများပါမကျန် ဝင်ရောက် စီးနင်းခြင်း၊ ပစ်ခတ်ခြင်းများကို ကျူးလွန်လျက်ရှိရာ ယမန်နေ့ညက မန္တလေးမြို့ရှိ မစိုးရိမ်တိုက်ဟောင်းနှင့် ဝိသုဒ္ဓါရုံ ပဋိယတ္တိစာသင်တိုက်ကြီးများကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်း၌ တွေ့ရှိရသည့် လူငယ် ၂ဝ ကျော်ကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များကိုလည်း ပစ်မှတ်ထားဖမ်းဆီးလာခဲ့သည်သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးမှုများရှိလာခဲ့သည်။ ယမန်နေ့ညပိုင်းက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်နှင့် ဘဏ္ဍာရေးမှူးတို့၏ နေအိမ်များကို ဝင်ရောက် စီးနင်းခဲ့ပြီး မည်သူ့ကိုမျှ ဖမ်းဆီးရမိခြင်း မရှိသဖြင့် ငွေကြေးများ၊ ဆိုင်ကယ်နှစ်စီးနှင့် စက်ဆီပုံးများကို ယူဆောင်သွားကြောင်း သိရှိရသည်။
စစ်အုပ်စုသည် လုယက်၊ ဖျက်ဆီးမှုများအား နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိပြီး တနေ့ထက် တနေ့ ပို၍ ဆိုးရွားလာသည်ကို တွေ့ရှိရသည်။ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၌ ရဲ နှင့် စစ်သားများက လမ်းသွား လမ်းလာ အမျိုသမီး တစ်ဦးထံမှ ငွေကျပ် ၁ဝ သိန်းကို လုယူခဲ့သည်။ ထို့ပြင် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာတွင် သပိတ်စစ်ကြောင်း၌ ပါဝင်သူများ၏ နေအိမ်တချို့ကို ဖျက်ဆီးသွားခဲ့ပြီး ရွာသား ငါးဦးကို ဖမ်းဆီးသွားခဲ့ခြင်း၊ ဧပြီလ ၁၄ ရက်နေ့ ညနေက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းကျေးရွာကို ဝင်ရောက်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် တက်ကြွလှုပ်ရှားသူများဟု ယူဆရသူများ၏ နေအိမ်များကို ဖျက်ဆီးသွားပြီး ဈေးဆိုင်များမှ မုန့်ထုပ်ပါမကျန် လုယက် ယူငင်ခြင်း တို့ကို ကျူးလွန်ခဲ့သည်။
ထိုကဲ့သို့ သာသနာ့ ပရဝုဏ်အတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ ဖမ်းဆီးသူကို မမိ၍ မိသားစုများအား ဓားစားခံအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်များအား ဖျက်ဆီးခြင်း၊ အိမ်တွင်းဝင်ရောက်၍ အိမ်တွင်းရှိပစ္စည်းများကို ဖျက်ဆီးခြင်း၊ ငွေကြေးနှင့်ရွှေငွေ ပစ္စည်းများ ခိုးယူခြင်း၊ ဓမြတိုက်ခြင်း၊ လမ်းသွားလမ်းလာများထံမှ ငွေကြေးများလုယူခြင်းအပြင် ဈေးဆိုင်များမှ မုန့်ပဲသရေစာများအထိ လုယက် ယူငင်ခြင်းများ ပြုလုပ်နေသည်မှာ အကြီးမားဆုံးသော ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းပင်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် တကျော့ပြန်ဖြစ်ပွားလာသော တိုက်ပွဲများအတွင်း ဒေသခံတိုင်းရင်းသားများအား လူသား ဒိုင်းကာအဖြစ် အသုံးပြုလာခြင်းသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပူတာအိုခရိုင်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာ များတွင် အကြမ်းဖက် စစ်တပ်မှ ဒေသခံတိုင်းရင်းသားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေကြောင်းသိရှိရသည်။ ဒေသခံများကို ဖမ်းဆီးပြီး ရှေ့မှသွားခိုင်းကာ စစ်သားများမှ နောက်မှလိုက်ခြင်း၊ သေဆုံးသွားသော စစ်သားအလောင်းများ ကို သယ်ယူခိုင်းခြင်း၊ စစ်သား ၅ဝ ခန့်က မြစ်ကြီးနားမှ တက်လာသော ခရီးသည်များကို အကာအကွယ်ယူကာ ပူတာအို အထိ တက်လာခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။ လက်နက်ကိုင်တိုက်ပွဲများအတွင်း အပြစ်မဲ့ တိုင်းရင်းသား များကို ပစ်မှတ်ထားကာ လူသားဒိုင်းကာအဖြစ် အတင်းအကျပ်စေခိုင်း၍ စစ်ရေးအရအသာစီးရအောင် ပြုလုပ်ခြင်းသည် အလွန်အမင်း လူသားမဆန်သည့် လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာဥပဒေများအရ စစ်ရာဇဝတ်မှုဖြစ်သည်။ စစ်အုပ်စုကို အရေးယူဆောင်ရွက်ခြင်းမပြုလုပ်နိုင်သရွေ့ အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင် သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိဦးမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality list for April 17, 2021 (Burmese Final)
ဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းUnder Detention List_Burmese (16-Apr-2021)_PYM
လွတ်မြောက်သူများစာရင်းBail, Release and Warrant Lists_Burmese (16-Apr-2021)_PYM