စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၁၀) ဦးတို့၏ အချက်အလက်များ ကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၁၀) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၂၅) ဦးရှိခဲ့ပြီး ယနေ့တွင် မန္တလေးတိုင်း၊ မန္တလေးမြို့မှ အပြစ်မဲ့ ပြည်သူ (၁) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၂၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၁၅၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၈၁၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အကြမ်းဖက် စစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးရန် လိုင်စင်မဲ့ကားများကို အဖမ်းအဆီး ပုံစံသစ် တစ်ခုသဖွယ် ရည်ရွယ်ချက်ရှိရှိ အသုံးချလာသည်ကို တွေ့ရှိရသည်။ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ သာစည်လမ်း ဆိုင်ကယ်သပိတ်ကို ဖြိုခွင်းခဲ့ပြီး မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် စီးလာသည့် ဆိုင်ကယ်ကို လိုင်စင်မဲ့ကားဖြင့်တိုက်ကာ ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးစဉ်အတွင်း ကားဖြင့်တိုက်ထားခြင်း၊ ရိုက်နှက်ခြင်း တို့ကြောင့် ကိုဝေမိုးနိုင် ဆေးကုသခွင့်ရရှိရန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အလွန်အမင်း စိုးရိမ်မိပါသည်။ မုံရွာတွင် အခြားသော လူငယ်တချို့သည်လည်း ဖမ်းဆီးခြင်းခံခဲ့ရ သည်ဟု သိရှိရသည်။ အာဏာရှင်အဆက်ဆက် ၎င်းတို့ကို ဆန့်ကျင်သည့် ထင်ရှားသော တက်ကြွလှုပ်ရှားသူများကို စစ်ကြောရေး၌ နည်းအမျိုးမျိုးဖြင့် စစ်ဆေးခဲ့သော သာဓက များစွာရှိခဲ့ပြီးဖြစ်၍ ဖမ်းဆီး ချုပ်နှောင်ထားစဉ်အတွင်း လုံခြုံခွင့် နှင့်ဂုဏ်သိက္ခာရှိစွာ ရှင်သန် နေထိုင်ခွင့် ရရှိရေးအတွက် ကာကွယ် စောင့်ရှောက်မှု ရရှိရန်မှာ အလွန်အမင်း လိုအပ်လျက်ရှိသည်။
မန္တလေးမြို့၌မူ ကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခြင်းခံခဲ့ရပြီး စစ်ကြောင်းတွင် ပါဝင်သူ အနည်းဆုံး ခြောက်ဦး နှင့် ဒေသခံ ၂ဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။ ထိုသို့ဖြိုခွင်းခဲ့ပြီးနောက် အနီးအနားရှိ ရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဆူးလေဗလီဝင်းအတွင်းကိုပါ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား တစ်ဦး ပွဲချင်းပြီး ကျဆုံး သွားကာ မသန်စွမ်း အမျိုးသား တစ်ဦး အပါအဝင် အပြင်းအထန် ဒဏ်ရာရရှိသူ နှစ်ဦး ရှိသည်ဟု ကနဦး သိရှိရသည်။ ထို့ပြင် ၁ဝ နှစ်၊ ၁၁ နှစ် နှင့် ၁၆ နှစ်အရွယ် ကလေးများအပါအဝင် ငါးဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
ဘာသာရေးဆိုင်ရာ ပရဝုဏ်များသည် လူတိုင်း၏ အလေးအမြတ်ထားရာ နေရာဖြစ်ခြင်းကြောင့် အထူး ကာကွယ် စောင့်ရှောက်မှုပြုရမည်ဖြစ်သည်။ သို့သော်လည်း အကြမ်းဖက် စစ်အုပ်စုသည် ထိုနေရာများကို ပစ်မှတ်ထားကာ စီးနင်းခြင်း၊ ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဖမ်းဆီးခြင်း တို့ကို ပြုလုပ်လာလျက်ရှိရာ ယခုအခါ ပစ်ခတ်ခြင်းများကိုပါ ပြောင်ကျကျ ကျူးလွန်လာသည်အထိ ရမ်းကားလာနေပြီဖြစ်သည်။ ယခုကာလသည် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ် ရာသီဖြစ်သည်။ ဘာသာရေး နေ့ထူးနေ့မြတ်ကာလအတွင်း၌ တချို့စစ်ပွဲများကို ရပ်တန့်ထားလေ့ရှိသော်လည်း မြန်မာ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများကို အကြမ်းဖက် ရမ်းကားသတ်ဖြတ်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ကျူးလွန်လျက်ရှိသည်။
ယမန်နေ့ညနေကတည်းက မန္တလေးတိုင်းအတွင်းရှိ မြို့တချို့၌ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျဆုံး၊ ဒဏ်ရာရရှိသူများ ရှိခဲ့သည်။ ယမန်နေ့ညနေတွင် မြစ်ငယ်မြို့ကို အပြင်းအထန် ပစ်ခတ်ခဲ့၍ လူငယ် တစ်ဦးကျဆုံးသွားခဲ့ပြီး အခြား လူငယ် တစ်ဦးကိုမူ ဖမ်းဆီးပြီးနောက် မှောက်လျက်ထားကာ ခေါင်းပေါ်ရေလောင်း၍ ဗွက်အိုင်အတွင်း၌ ခေါင်းပေါ်ကို ခြေထောက် ဖြင့် နင်းကာ သတ်ဖြတ်ခဲ့သည်ဟု ကြားသိရသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။ မန္တလေးမြို့တွင် ယမန်နေ့ ညက ရပ်ကွက် အများအပြားအတွင်းကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။
မြင်းခြံမြို့တွင်လည်း ယမန်နေ့ညက ဆိုင်ကယ်စီးလာသည့် လူငယ် တစ်ဦးကို ပစ်ခတ်ခဲ့၍ မသေမရှင်ဖြစ်နေစဉ် နောက်ပြန် ကြိုးတုပ်၍ ဆွဲခေါ်သွားကာ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းလည်း မရရှိသေးပါဟု သိရှိရသည်။ ထို့ပြင် အမျိုးသမီး တစ်ဦးသည်လည်း လက်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့သည်။
စစ်အုပ်စုသည် အရေးပေါ် လူနာတင်ယာဉ်ကိုပင်ချန်မထားဘဲ အကြမ်းဖက်မှု ပြုခဲ့သည်။ ယမန်နေ့ညတွင် မန္တလေး၌ ဒဏ်ရာရသူကို လာရောက် ခေါ်ဆောင်သည့် နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းမှ အရေးပေါ် လူနာတင်ယာဉ်အား တားဆီး ကာ ယာဉ်ပေါ်ရှိ အမျိုးသမီး တစ်ဦးကို ဆံပင်ဆောင့်ဆွဲ၍ ကားပေါ်မှ ဆင်းစေကာ အသင်းသား သုံးဦးကိုလည်း ရိုက်နှက် နှိပ်စက်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။
လူမြင်ကွင်း၌ ညှဉ်းပန်းနှိပ်စက်၍ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန်လည်း အကြမ်းဖက် စစ်အုပ်စုမှ လုပ်ဆောင်လျက်ရှိ သည်။ ယနေ့၌ ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် အငှားယာဉ်တစ်စီးကို စစ်ကားတစ်စီးမှ နောက်မှ ဝင်တိုက်ခဲ့ပြီး အငှားယာဉ်ပေါ်ပါ လူငယ် သုံးဦးကို ဆွဲချကာ ရိုက်နှက်၊ ဆဲဆိုသည့်အပြင် အငှားယာဉ်ကို သိမ်းခြင်း၊ ကားဆရာ နှင့် အဆိုပါ လူငယ်များကို ဖမ်းဆီးကာ အနီးနားရှိ တိုက်များကို ဆဲဆို ကြိမ်းမောင်းသွားခြင်း၊ ယမန်နေ့ညကလည်း ရန်ကုန်မြို့၊ သမိုင်း ၂ ရပ်ကွက်၌ သံပုံးတီးနေသည့် ပြည်သူ တစ်ဦးကို ဖမ်းဆီး၍ သံပုံးတီးခိုင်းကာ ရိုက်နှက်ဆဲဆိုပြီး ဖမ်းဆီးသွားသည့်အပြင် ပြည်သူများကို အော်ဟစ် ခြိမ်းခြောက်ခဲ့ခြင်းများကို ကျူးလွန်ခဲ့ကြသည်။
စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်သည့် အနုပညာရှင်များကို တရားစွဲဆို ဖမ်းဝရမ်းထုတ်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသည်။ ယနေ့တွင် ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်း နှင့် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော အဆိုတော် ပိုပိုတို့ကို ရဲအင်အားအမြောက်အမြားဖြင့် ဖမ်းဆီးသွားခဲ့သည်ဟု သိရှိခဲ့ရသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အကြမ်းဖက် စစ်အုပ်စုတို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ စစ်အုပ်စုမှ တိုက်လေယာဉ်​များ၊ လက်နက်ကြီးများဖြင့် ​ကျေးရွာအနီး၌ ပစ်ခတ်လျက် ရှိခြင်းကြောင့် ပြည်သူများမှာ ဗုံးခိုကျင်းများအတွင်း ပုန်းအောင်းနေကြရသည်သာမက အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်း​ရှောင်​​နေကြရကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်အုပ်စုသည် တိုင်းရင်းသားများနေထိုင်ရာဒေသများကို ဦးတည်၍ လေကြောင်းဖြင့် တိုက်ခိုက်လာခြင်းကြောင့် ဒေသခံများမှာ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိလာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် “လေယာဉ်မပျံသန်းရ နယ်မြေ”အမြန်ဆုံး သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အရေးယူဆောင်ရွက်မှု များကို ချက်ချင်းလုပ်ဆောင်ပါရန် တိုက်တွန်းအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းလော့ရယူရန် Under Detention List_English (15-Apr-2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality list for April 15, 2021 (Burmese Final)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန် Release Lists_Burmese (15-Apr-2021)