စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၅) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၂) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၃၈) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၅) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၄၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၇၄၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည်မှာ ယနေ့ ဧပြီလ ၁ ရက်နေ့တွင် နှစ်လတိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ နှစ်လတာကာလအတွင်းတွင် ပြည်သူလူထုသည် အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်မှုမျိုးစုံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း အာဏာရှင်ကျဆုံးရေး နှင့် ဒီမိုကရေစီရရှိရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်ကြဆဲ ဖြစ်သည့်အတွက်ကြောင့် နေ့စဉ်နှင့်အမျှ ကျဆုံး၊ ဒဏ်ရာရရှိမှုများ၊ ဖမ်းဆီးမှုများ တိုးလာဆဲဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ တရားဝင်နည်းလမ်းများဖြင့် အစိုးရသစ်တစ်ရပ် ပုံပေါ်လာစေရန် ကြိုးပမ်းလျက်ရှိရာ ယမန်နေ့ (မတ်လ ၃၁) ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဧပြီလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်း၍ ဖက်ဒရယ် ဒီမိုကရေစီ အင်အားစု အားလုံးနှင့် လက်တွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းပြင် “စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေရန် ရည်ရွယ်ရေးသားထားရုံမျှမက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း” ကြေညာခဲ့သည်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အလွန်ရေးကြီးသည့် အဆိုပါ ကြေညာချက်များ ထုတ်ပြန်ခြင်းကို ကြိုဆိုပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့တွင် ဆက်လက်၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံတကာအသိုင်းအဝိုင်း၌လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ စတင်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း အလွန်အရေးပါသည့် အစည်းအဝေးတစ်ခုဖြစ်သည့် ယမန့်နေ့ (မတ်လ ၃၁) ရက်နေ့၌ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူရန် ဆုံးဖြတ်ချက်ကို တရုတ်မှ ပယ်ချခဲ့သည်။ ထိုကဲ့သို့ ပယ်ချမည်ဟု မျှော်လင့်ပြီးသားဖြစ်သော်လည်း ထိုအခြင်းအရာသည် မြန်မာနိုင်ငံတွင်း ဆိုးရွားသော လူသားချင်းစာနာမှုကင်းမဲ့သည့် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးအားမြှောက် ပြုလိုက်ခြင်း ပင်ဖြစ်သည်။ တဖက်တွင် မြန်မာပြည်လူထုအပေါ် စာနာထောက်ထားမှုမဲ့စွာ ၎င်းတို့ အကျိုးစီးပွားအတွက် ဒီမိုကရေစီ တိုးတက်ရေးကို အဟန့်အတားပြုလိုက်ခြင်းပင်ဖြစ်သည်။
ယနေ့ (ဧပြီလ ၁ ရက်) တွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ ပြည်သူများသည် အင်တိုက်အားတိုက်ဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်လျက်ရှိသည်။ ယနေ့တွင် နေ့စဉ်မပျက်ချီတက်လျက်ရှိသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပင်မသပိတ် စစ်ကြောင်းသည် ဖြိုခွင်းခြင်းခံခဲ့ရပြီး ပြည်သူ (၁) ဦး ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကာ (၆) ဦး ဒဏ်ရာရရှိခဲ့ သည်။ ထို့ပြင် အိမ်တချို့ကိုလည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုပြုခဲ့သည်။ မန္တလေးတိုင်း မန္တလေးမြို့၌ အမျိုးသား (၁) ဦးသည် ဦးခေါင်းကို ပစ်ခတ်ခြင်းခံရ၍ ဦးနှောက်များထွက်ကျသွားကာ ကျဆုံးသွားခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်တပ်မှ ယူဆောင်သွားသည်ဟု သိရှိရသည်။ ၎င်းပြင် အမျိုးသား (၁) ဦးသည်လည်း ဝမ်းဗိုက်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့သည်။ ထို့ပြင် ရဲနှင့် စစ်သားများမှ ပြည်သူများကာရံထားသည့် အတားအဆီးများကို ဖယ်ရှား၍ ဆန္ဒပြ ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင်မူ လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းသည် ဖြိုခွင်းခြင်းခံခဲ့ရသော်လည်း ထိခိုက်၊ ဖမ်းဆီးခံရ ခြင်းများ မရှိခဲ့ပါဟု သိရှိရသည်။
ယမန်နေ့ (မတ်လ ၃၁) ရက်နေ့ ညနေပိုင်းအချိန်တွင် ရန်ကုန်အခြေစိုက် တောင်ကိုရီးယားဘဏ် Shinhan Bank ကြိုပို့ယာဉ်ကို အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဘဏ်ဝန်ထမ်း (၁) ဦးခေါင်းကျည်ထိမှန်ကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေ သည်ဟု သိရှိရသည်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၌လည်း မြို့ကို ပိတ်ဆို့၍ ပစ်ခတ်ခဲ့ပြီး အရပ်သား (၄) ဦးကျဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု ကနဦး အချက်အလက်များ ရရှိထားပြီး အရေအတွက် အတိအကျကို အတည်ပြုချက် ရရှိခြင်း မရှိသေးပါ။
ဖမ်းဆီး၊ ထိန်းသိမ်းထားသူများ၊ ဒဏ်ရာရရှိသူများ၊ လူနာများကို ဆေးကုသခွင့်မပေးခြင်းအပြင် ရဲများ စစ်သားများက ဆေးရုံ၊ ဆေးခန်းများကိုသွားရောက်၍ ဆေးကုသခွင့်မရနိုင်ရန် ခြိမ်းခြောက် တားမြစ်ခြင်းများပြုလုပ်လျှက်ရှိသည်။ ထိုလုပ်ရပ်များသည် လူသားချင်းစာနာမှုကင်းမဲ့သည့် လုပ်ရပ်များဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုမှ အာဏာရှင်တို့ လမ်းစဉ်အတိုင်းသာ ဆက်လက်၍ ကျင့်သုံးနေဆဲဖြစ်သည်။ သွေးကင်ဆာရောဂါခံစားနေရသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် အချိန်မီကင်ဆာဆေးသွင်းရန် လိုအပ်လျက်ရှိသည်။ သို့သော်လည်း ဝန်ကြီးချုပ်၏ ကျန်းမာရေးအခြေအနေ၊ ဆေးကုခွင့် ရရှိမှု ရှိ၊မရှိနှင့် ပတ်သက်၍ သိရှိရခြင်းမရှိသေးခြင်းကလည်း စိုးရိမ်ဖွယ်ရာဖြစ်သည်။
ဖမ်းဆီး ထိန်းသိမ်းထားပြီးနောက် ညှဉ်းပန်းနှိပ်စက်၍ ကျဆုံးမှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်ပေါ်လျက်ရှိသည်မှာ အလွန်အမင်းစိုးရိမ်ဖွယ်ရာဖြစ်သည်။ အထူးသဖြင့် အကြမ်းဖက် စစ်အုပ်စုသည် NLD ပါတီဝင်များကို အဓိက ပစ်မှတ်ထားကာ ညှဉ်းပန်းနှိပ်စက်လာပြီး ပြည်သူများကိုပါ ဆက်လက်၍ အလားတူ ကျူးလွန်လာလျှက်ရှိသည်။ ယမန်နေ့က ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် (၃) ဦး အပါအဝင် NLD ပါတီဝင် (၈) ဦးဝန်းကျင်ကို ရဲ နှင့် စစ်သားများမှ အကြမ်းဖက် ဝင်ရောက်ရှာဖွေဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီး၊ ထိန်းသိမ်းထားစဉ်အတွင်း ၎င်းတို့ ညှဉ်းပန်း နှိပ်စက်ခြင်းခံရမည်မှာလည်း စိုးရိမ်ဖွယ်ရာဖြစ်သည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့၌လည်း အကြောင်းမဲ့ဖမ်းဆီးခြင်း ခံခဲ့ရသော အမျိုးသား (၁) ဦးသည် ဖမ်းဆီးခြင်းခံထားရစဉ်အတွင်း ကျဆုံးသွားခဲ့သည်။ ထိုသည်မှာ စစ်ကြောရေး ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ယမန်နေ့ ညနေပိုင်း နှင့် ညအချိန်၌ ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်၌ ကျည်သင့်ဒဏ်ရာ ရရှိသူကို တရွတ်တိုက်ဆွဲခေါ်သွားခြင်း၊ ဗဟန်းမြို့နယ်၌လည်း ဖမ်းဆီးထားသူကို အုပ်စုဖွဲ့၍ ကန်ကြောက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ဒူးဖြင့်တိုက်ခြင်း၊ ပါးရိုက်ခြင်း၊ လှိုင်မြို့နယ်၌လည်း ဖမ်းဆီးထားသူများကို ရိုက်နှက်၍ ခေါင်းပေါ် လက်တင်ကာ ဒူးထောက်စေခြင်း၊ စမ်းချောင်းမြို့နယ်၌လည်း လမ်းပေါ်ရှိ ပြည်သူပိုင်ပစ္စည်းများကို အကြောင်းမဲ့ဖျက်ဆီး၍ မီးဖွင့်လျှင် သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းစသည့် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်လျက်ရှိသည်။
ယနေ့တွင် စစ်အုစ်စု၏ ဦးပိုင်စီးပွားရေးလုပ်ငန်းမှဖွင့်လှစ်ထားသည့် ရန်ကုန်မြို့အတွင်းရှိ Ruby Mart နှင့် Gandamar Wholesale တို့ မီးလောင်ခဲ့သည်။ အဆိုပါမီးလောင်မှုသည် CNN သတင်းဌာန၏ နိုင်ငံတကာသတင်းထောက်ချုပ် Clarissa Ward လာရောက်ချိန်နှင့် အချိန်ကိုက်ဖြစ်ကာ ပြည်သူများမှ အဖျက်အမှောင့်လုပ်ရပ်များ ကျူးလွန်ပါသည်ဟု စွပ်စွဲမည်မှာ အသေအချာဖြစ်သည်။ အဆိုပါနည်းလမ်းသည် စစ်အာဏာရှင်အဆက်ဆက်ကျင့်သုံးခဲ့သော နည်းလမ်း ဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် သတင်းထောက်ချုပ်သည် အဆိုပါ နေရာသို့ လာရောက် သတင်းယူခဲ့သည်။
Ruby Mart မီးလောင်ချိန်၌ မီးငြိမ်းသတ်ရန်လာသည့် ပြည်သူများကို စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့၍ Ruby Mart အနီး ပြည်သူ (၁) ဦး ကျဆုံးသွားခဲ့ပြီး (၂) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကျဆုံးသွားသူများစာရင်းမြန်မာဘာသာဖြင့်ဖတ်ရန် Fatality List_Burmese Version_1-Apr-2021 final
ဖမ်းဆီးထိန်းသိမ်းခံရသူများ မြန်မာဘာသာဖြင့်ဖတ်ရန်Total Detention, Charge Lists_Burmese (Last Updated on 1 April 2021)
လွတ်မြောက်သူများစာရင်း မြန်မာဘာသာဖြင့်ဖတ်ရန်Total Released_Burmese (Last Updated on 1 April 2021)