စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မတ်လ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် ယနေ့တွင် ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်း တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပဲခူးတိုင်း ပဲခူးမြို့ နှင့် မကွေးတိုင်း ပခုက္ကူမြို့တို့မှ အရပ်သားပြည်သူ (၆) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၆) ဦး၏ အချက်အလက်များကို ထပ်မံရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၂၄၁) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၂၄၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူရရှိလာပါက ဆက်လက် ဖော်ပြပေး သွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂ဝ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၃၄၅) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရသောကြောင့် တိမ်းရှောင်နေသူ (၈၈) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၅၁) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၉၉၄) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့ထုတ်ပြန်သည့်အဖမ်းအဆီးစာရင်းတွင် ဖမ်းဆီးခြင်းခံရသူ (၁၅) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ ထည့်သွင်း မှတ်တမ်း ပြုထားပါသည်။ ဖော်ပြပါအရေအတွက်ထက်ပိုသော ဖမ်းဆီးမှုများရှိသည်ဖြစ်ရာ ဖမ်းဆီးခံများ၏ အချက်အလက်များကို မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
လက်နက်ကိုင် ရဲနှင့်စစ်သားများ၏ နေ့ရော ညပါ ပစ်ခတ်ဖြိုခွင်းမှုနှင့် အကြောင်းမဲ့ပစ်ခတ်မှုများအတွင်း လက်နက်မဲ့ ပြည်သူများမှာ နေ့စဉ်ရက်ဆက် ကျဆုံး၊ ဒဏ်ရာရလျက်ရှိကြသည်။ ယနေ့ (မတ်လ ၂၀) ညနေပိုင်းအချိန်အထိရရှိထားသော သတင်းအချက်အလက်များအရ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်း၌ လူငယ် (၁) သည် ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခြင်းခံခဲ့ရသောကြောင့် ကျဆုံးသွားခဲ့ပြီး သာကေတမြို့နယ်၌လည်း (၁) ဦးကျဆုံးခဲ့ကာ (၃) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မန္တလေးတိုင်း မန္တလေးမြို့၌ အမျိုးသား (၂) ဦး ကျည်သင့် ဒဏ်ရာရရှိခဲ့သည်။ ပဲခူးမြို့၌ (၂) ဦး ကျဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာ ရရှိခဲ့ကာ (၁) ဦးသည် စိုးရိမ်ရသော အခြေအနေတွင် ရှိသည်ဟု သိရှိရသည်။ ယမန်နေ့ (မတ်လ ၁၉) ညနေပိုင်း နှင့် ညပိုင်းအချိန်၌ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့တို့မှ အမျိုးသား (၄) ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးသွားခဲ့သည်။ ၎င်းပြင် ပြည်မြို့၌ ကလေးငယ် (၁) ဦးသည် ရာဘာကျည် ဝမ်းဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်ဖမ်းဆီးခြင်းခံထားရချိန်၌ သေဆုံးသွားမှုများသည် ရက်ဆက်ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ ပြည်မြို့၊ ခရမ်းကုန်းရပ်ကွက်မှ လူငယ် (၁) ဦးသည် လည်းကောင်း၊ မကွေးတိုင်း ပခုက္ကူမြို့မှ ကလေးသုံးဦး၏ မိခင် (၁) ဦးသည် လည်းကောင်း၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ အင်ဂျင်နီယာ လူငယ် (၁) ဦးသည် လည်းကောင်း ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ချုပ်နှောင်ခံထားရစဉ်အတွင်း သေဆုံးသွားခဲ့သည်။ ဆေးကုသမှု ခံယူခွင့်ဆိုသည့် နိုင်ငံသားတစ်ဦး၏အခြေခံအခွင့်အရေးကိုပင် ခံစားခွင့်မပေးခြင်းသည် စစ်အုပ်စု၏ ယုတ်မာမှုကို ရှင်းလင်းစွာ ညွှန်းဆိုနေပေသည်။ ဒဏ်ရာရရှိသူအား အချိန်မီဆေးကုသခွင့်မပေးကာ မိသားစုနှင့်တွေ့ဆုံခွင့်လည်း မပြုခြင်း သည် လူသားခြင်း စာနာမှုမရှိသည့် လုပ်ရပ်ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုမှ ၎င်းတို့ကို ဆန့်ကျင်သူများ နောင်ကြဉ် သွားစေရန် အသုံးပြုသော နည်းလမ်း တစ်ရပ်လည်း ဖြစ်သည်။ ပခုက္ကူမြို့မှ ကျဆုံးသွားခဲ့သည့် ကလေးသုံးဦး၏ မိခင် (၁) မှာ ဖမ်းဆီးခံရချိန်၌ ဒူးထောက်တောင်းပန်သည်ကို ပစ်ခတ်၍ ခေါ်ဆောင်သွားခဲ့ပြီး နောက်နေ့တွင် အလောင်းပြန်လာယူရန် သူမ၏ခင်ပွန်းအား ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ၎င်း၏ရုပ်အလောင်း၌ ညှင်းပန်းနှိပ်စက်ခြင်းခံထားရသော ဒဏ်ရာများ လည်းရှိကြောင်း ဒေသခံတစ်ဦး၏အဆိုအရ သိရှိရသည်။
ထို့ပြင် ယမန်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၌ ရဲ နှင့် စစ်သားများမှ ဖမ်းဆီးထားသည့် အမျိုးသား (၁) ဦး၏ ဂုတ်ကို ခွစီး၍ လည်ပင်းကို ကြိုးဖြင့် အားကုန်ညှစ်ထားသော ပုံသည် လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ အမျိုးသား သေဆုံးခြင်းရှိ၊မရှိ ဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။ အဆိုပါလုပ်ရပ်မှာ အလွန်ဆိုးရွားပြီး လူတစ်ဦး တစ်ယောက်၏ အသက်ရှင်နေထိုင်ခွင့်သည် လက်ပါးစေ လက်နက်ကိုင် ရဲ နှင့် စစ်သားများ၏ ရမ်းကား ရက်စက်မှုကြောင့် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခြင်းခံနေရလျက်ရှိသည်။
အာဏာသိမ်းစစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများသည် ၎င်းတို့မြင်တွေ့ရာ ပြည်သူပိုင်ပစ္စည်းများ၊ အများပိုင် ပစ္စည်းများကို လုယက်ယူငင်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်လျက်ရှိကြ၍ ပြည်သူများသည် စိုးရိမ်မှုများဖြင့် ရှင်သန်နေထိုင်နေကြရသည်။ ထို့အပြင် ပြည်သူများကို ရပ်ကွက်၊ လမ်းများအတွင်း ဝင်ရောက်၍ ခြိမ်းခြောက်၊ ဆဲဆို၍ ရန်သူသဖွယ် ပြုမူဆက်ဆံလျက်ရှိသည်။ ယမန်နေ့ (မတ်လ ၁၉) ညပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဂွတ္တလစ်ရှိ ဥဿဖယားလမ်းအတွင်းသို့ ဝင်ရောက်၍ အော်ဟစ်ဆဲဆိုခြင်း၊ သပိတ်ခေါင်းဆောင်ရှိပါက ထုတ်ပေးရန် လက်နက်ပြ ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင်ကားများပေါ်တွင် မှုတ်ဆေးများဖြင့် ဆဲဆိုသော စာသားများရေးသား၍ ဖျက်ဆီးခြင်း၊ လှိုင်မြို့နယ် ဘူတာရုံလမ်း၌လည်း စတိုးဆိုင်တစ်ခုကို ဖျက်စီးပြီး အရက်ဘီယာများကို ခိုးလု ယူဆောင်သွား ခြင်း၊ (မတ်လ ၂၀) ၌လည်း တာမွေမြို့နယ်အတွင်းရှိ ကားများကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့၍ ကားအစီးရေ ၈ဝ ကျော်ပျက်စီးခဲ့ခြင်း၊ တောင်ဥက္ကလာမြို့နယ် မြင်သာရှိ ဖုန်းဆိုင်ကို ဖျက်ဆီးဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းများအားလုံးကို မတရားယူဆောင်သွားခဲ့ခြင်း၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၌လည်း လူနေအိမ်များကို ဖျက်ဆီးခြင်းတို့အပြင် မြန်မာပြည်အနှံ့ အခြားနေရာဒေသများ၌ပါ ဗြောင်ကျကျကျူးလွန်ကြခြင်းဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ ၄၂၆၊ ၄၂၇၊ ၄၂၈၊ ၄၂၉ တို့၌ ပုဂ္ဂလိက နှင့် အများပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့်ပတ်သက်ပြီး ဖော်ပြထားသည်။ သို့သော်လည်း အာဏာသိမ်း စစ်အုပ်စုသည် မည်သည့်ဥပဒေကိုမျှ လေးစားလိုက်နာခြင်းမရှိဘဲ တရားဥပဒေအထက်၌ စီရင်ဆုံးဖြတ်လျက်ရှိပြီး တရားဥပဒေစိုးမိုးရေး ကင်းမဲ့အောင်သာ လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
Download link for Total Detention, Charge Lists (Last Updated on 20 March 2021)
Download link for Total Fatality Lists (Last Updated on 20 March 2021) KSO (1)