စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မတ်လ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ယနေ့တွင်လည်း အရပ်သားပြည်သူ (၂) ဦးထက်မနည်း ကျဆုံးသွားခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အချက်အလက်ကောက်ယူရရှိနိုင်ခဲ့သည့် မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၂၀၂) ဦးရှိခဲ့ပြီ ဖြစ်သည်။ ကျဆုံးသူများ၏ အမည်များအား ထပ်မံစုံစမ်းသိရှိရပါက ထည့်သွင်း ဖြည့်စွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၁၈၁) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသူ (၁၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရသောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၈၆၂) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၆) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ ယနေ့တွင် ယခုထက်ပို၍ အဖမ်းအဆီးများရှိ၍ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသူအများစုမှာ ဖမ်းဆီးခြင်းခံရပြီးကတည်းက ၎င်းတို့၏ မိသားစု၊ ၎င်းတို့ကို ကိုယ်စားပြု မည့် ဥပဒေအကျိုးဆောင်တို့နှင့်တွေ့ရှိခွင့်မရပါ။ ထို့ပြင် ၎င်းတို့ကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုလည်း သိရှိရခြင်းမရှိပါ။ အာဏာရှင်အဆက်ဆက် ၎င်းတို့ကို အတိုက်အခံပြုသူများကို ဖမ်းဆီး၊ ထိန်းသိမ်းထားစဉ်အတွင်း အခြေခံ အခွင့်အရေးများကိုပင် ဖြတ်တောက်ထားခဲ့ပြီး ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာတို့ကို အမျိုးမျိုး ညှင်းဆဲမှုများပြုခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အခြေအနေမှန်ကိုမျှ သိရှိရခြင်းမရှိခြင်းကလည်း စိုးရိမ်ဖွယ်ရာဖြစ်သည်။ ၎င်းပြင် အကြမ်းဖက်ဖြိုခွင်းနေစဉ်အတွင်း ပျောက်ဆုံးသွားသူများနှင့်ပတ်သက်၍လည်း မည်သည့်သတင်းအစမျှရရှိခြင်း မရှိခြင်းကလည်း စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်။
ထို့ပြင် ဒဏ်ရာရရှိသူများသည် ဖမ်းဆီးခြင်းခံရကာ ဆေးကုခွင့်မရ၍ အသက်ဆုံးရှုံးသွားခြင်း၊ ဖမ်းဆီးခြင်းခံရစဉ်အတွင်း ညှင်းပန်းနှိပ်စက်ခြင်းခံရသောကြောင့် အသက်ဆုံးရှုံးသွားခြင်း၊ ပစ်သတ်ခြင်းခံရသောကြောင့် ကျဆုံးသွားသူကိုပင် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ ဒရွတ်တိုက်ဆွဲခေါ်ခြင်း၊ မိသားစုထံသို့ ပြန်လည်အပ်နှံခြင်းမရှိခြင်းစသည့် လူမဆန်သော လုပ်ရပ်များကို အာဏာသိမ်းစစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်တပ်တို့မှ အထိန်းအချုပ်မဲ့စွာ နေ့စဉ်နှင့်အမျှ ကျူးလွန် လျက်ရှိသည်။
ယမန်နေ့၌ အာဏာသိမ်းစစ်အုပ်စုမှ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ လက်ပါးစေရဲနှင့် စစ်တပ်တို့မှ ပြည်သူများအပေါ် ကျူးလွန်သော ရမ်းကားရက်စက်မှုများသည် ပို၍ ပြင်းထန်ဆိုးရွား လာခဲ့သည်။ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနေစဉ်အတွင်း နောက်ကြောင်းပြန်၍ အရေးမယူရဆိုသည့်အချက်ကလည်း ၎င်းတို့ ကျူးလွန်သော ရာဇဝတ်မှုများကို ပို၍ကျူးလွန်လာစေရန် ပံ့ပိုးပေးသကဲ့သို့ဖြစ်နေသည်။ ဆန္ဒထုတ်ဖော်သူများ သာမက သာမန် အရပ်သားပြည်သူများကိုပါမချန် အနီးကပ်ပစ်ခတ်ခြင်း၊ စနိုက်ပါများဖြင့် ချိန်ရွယ် ပစ်ခတ်ခြင်းများကို နေရာမရွေး၊ အချိန်မရွေးဘဲ ပေါ်ပေါ်တင်ကျူးလွန်လျက်ရှိသည်။ လက်ရှိအချိန်တွင် ထိုအခွင့်အာဏာကို တလွဲအသုံးချ နေခြင်းကြောင့် မြန်မာနိုင်ငံတွင်း အခြေအနေများမှာ အလွန်အမင်း ထိခိုက်လွယ်လျက် ရှိသည်။
ယမန်နေ့ညက ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊လမ်းများပါမကျန် ရဲ နှင့် စစ်တပ်မှ စီးနင်းပြီး ပစ်သတ်ခဲ့၍ အရပ်သားပြည်သူ (၃) ဦး ကျဆုံးသွားပြီး (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အနက် ဒေါပုံမြို့ ရှိ အမျိုးသား (၁) ဦး၏ ရုပ်အလောင်းကို အဝတ်အစားများချွတ်၍ ဒရွတ်တိုက်ဆွဲသွားခဲ့သည်။ ထို့ပြင် ယမန်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခြင်းခံရသော လူငယ် (၃) ဦးသည် ဖမ်းဆီးစဉ်က မည်သည့်ဒဏ်ရာမျှ ရရှိခြင်းမရှိဘဲ ၎င်းတို့၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းဆေးရုံမှ ပြန်လည်ရရှိခဲ့သည်ဟု သိရှိရသည်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ညသပိတ်သည်လည်း ဖြိုခွင်းခြင်းခံခဲ့ရပြီး လမ်းသွယ်များအထိ လိုက်လံပစ်ခတ်ခဲ့၍ အမျိုးသား (၂) ဦး ကျဆုံးခဲ့သည်။ ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့၌ ရပ်ကွက်အတွင်းထိဝင်၍ စက်သေနတ်ဖြင့် အချက်ပေါင်းများစွာ အိမ်အတွင်းထိပါပစ်ခတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တချို့ရှိခဲ့သည်။
ယနေ့တွင်လည်း တောင်ဒဂုံမြို့နယ်မှ အမျိုးသား (၁) ဦးသည် လမ်းလျှောက်လာစဉ် ပစ်ခတ်ခြင်းခံရ၍ ဦးခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့သည်။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၌လည်း အကြမ်းဖက်ဖြိုခွင်းခံရစဉ်အတွင်း ပြည်သူ (၁) ဦး ကျဆုံးခဲ့သည်။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၌လည်း အရပ်သားပြည်သူ (၂) ဦးသည် ဦးခေါင်း နှင့် ရင်ဘတ်ကို ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်းခံထားရသည်ဟု သိရှိရသည်။ ယနေ့တွင် အရပ်သားပြည်သူ စုစုပေါင်း (၂) ဦးထက်မနည်း ကျဆုံးသွားကြောင်း အချက်အလက်အတည်ပြုရရှိထားပြီး နိုင်ငံအနှံ့အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် ကျဆုံးခဲ့ရသူများ စာရင်းကို ဆက်လက် စုံစမ်း၍ တင်ပြသွားပါမည်။
ထို့ပြင် ယနေ့တွင် ရန်ကုန်တိုင်းတွင် သာကေတ၊ လှိုင်သာယာ၊ အင်းစိန်စသည့်မြို့နယ်များ၊ မန္တလေးတိုင်းတွင် မိုးကုတ်မြို့၊ ရှမ်းပြည်နယ်တွင် ကွတ်ခိုင်မြို့တို့၌လည်း အကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရသည။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း၌ ယနေ့ညနေပိုင်း၌ ရပ်ကွက်အတွင်းလမ်းများသို့ ဝင်ရောက်၍ ပစ်ခတ်ခဲ့သည်။ ထို့ပြင် သာကေတမြို့နယ်အတွင်း၌လည်း သတင်းပေးများ နှင့် စစ်/ရဲများက ရပ်ကွက်အတွင်းနေအိမ်များသို့လိုက်လံရှာ ဖွေမှုများလုပ်နေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့် တက်ကြွလှုပ်ရှားသူများ မိသားစုအလိုက် ရှောင်တိမ်းနေရသည်။ ရှာဖွေသည့်သူများမတွေ့ရှိလျှင် အိမ်တွင်ရှိသူများကို ဖမ်းဆီးခြင်းများလုပ်နေလျက်ရှိကြောင်း သိရှိရသည်။
အခြားတစ်ဖက်၌လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားလာခြင်း ကြောင့် ဒေသခံတိုင်းရင်းသား ၂၀ဝ ခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြရသည်။ ပြည်တွင်းစစ်များဖြစ်ပွားခြင်း၊ ပြည်တွင်းရေးမငြိမ်သက်မှုများ ပြင်းထန်လာခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အကျပ်အတည်းများကြား ပို၍ကျရောက် လာခဲ့ပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဖမ်းဆီးခံထားရသူများစာရင်းဒေါင်းလော့ရယူရန် Recent Arrest List (Last Updated on 16 March 2021)final
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality List (Last Updated on 16 March 2021)final for upload