စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်၊ ဖမ်းဆီးခံရသူများစာရင်းနှင့် ကျဆုံးစာရင်းထုတ်ပြန်ချက်
ရက်စွဲ မတ်လ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး (၆၀) ကျော်ရှိပြီဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁ဝ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၀၀၈) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၆၈၉) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၆၉) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၅၀၀) နီးပါးသည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက် များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
စစ်အုပ်စုသည် ၎င်းတို့၏အာဏာတည်မြဲရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းလျက်ရှိရာ ၎င်းတို့၏ အခြား ခြေလှမ်းတစ်ရပ်သည် အရှိန်မြင့်လာသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကို ပစ်မှတ်ထား၍ စုစည်း၍ မရအောင် ဖြိုခွင်းခြင်းဖြစ်သည်။ ထို့ကြောင့် CDM တွင် ပါဝင်သည့် ဝန်ထမ်းများကို စတင်၍ အကြမ်းဖက် နှိပ်ကွပ်လာသည်ကို တွေ့ရှိရသည်။ ယနေ့နံနက်ပိုင်း ၄ နာရီအချိန်မှစတင်၍ ရဲနှင့်စစ်တပ်သည် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းမီးရထားဝန်းကို အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ထားခဲ့ပြီး CDM တွင်ပါဝင်သည့် ဝန်ထမ်း ခေါင်းဆောင်ပိုင်းများ ကို အမည်များမေးမြန်းကာ ရှာဖွေလျက်ရှိသည်။ ၎င်းပြင် မီးရထားဝန်းအတွင်း၌ နေထိုင်သည့် မီးရထားဝန်ထမ်း ၈၀ဝ ကျော်အား CDM ၌ ပါဝင်သည့်အတွက် မီးရထားဝန်းလိုင်းခန်းမှ အတင်းအဓမ္မ နေ့ခြင်းပြီး ပြောင်းခိုင်းလျက်ရှိသည့်အပြင် မီးရထားဝန်ထမ်းများကို လှူဒါန်းထားသော အခြေခံ စားသောက်ကုန်များကို ယူဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရ သည်။ ထို့ပြင် ယနေ့နံနက်အစောပိုင်းက ပဲခူးတိုင်း၊ သုံးဆယ်မြို့၊ ပေပင်ကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြိုးပိုင်အေး ကို စစ်တပ်နှင့်ရဲတို့မှ အကြမ်းဖက် ဖမ်းဆီးသွားခဲ့သည်။ CDM ကြောင့် စစ်အုပ်စု၏ယန္တရား လည်ပတ်၍မရဘဲ ရပ်တန့်လု နီးပါးဖြစ်နေ၍ အာဏာသိမ်းစစ်အုပ်စုမှ CDM လုပ်ဆောင်သူများကို အရှိန်တန့်သွားစေရန် ဖမ်းဆီး၊တရားစွဲဆိုမှုများအား တိုးမြင့် လုပ်ဆောင်လျက်ရှိခြင်းဖြစ်သည်။
၎င်းပြင် ယခုရက်ပိုင်းများအတွင်း နိုင်ငံအရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ နှင့် သတင်းမီဒီယာများကို ဦးတည်၍ ပစ်မှတ်ထားကာ ဆက်တိုက်ဆိုသလို ဖမ်းဆီးလာလျက်ရှိသည်ကို တွေ့ရှိလာရသည်။ ယမန်နေ့ညအချိန်တွင် စစ်အုပ်စုလက်အောက်ခံ ရဲ နှင့် စစ်တပ်တို့သည် မန္တလေးမြို့မှ NLD အဖွဲ့ဝင် (၃) ဦး၊ ပဲခူးမြို့မှ NLD အဖွဲ့ဝင် ကိုဂျမား ခေါ် အေးမင်းဦး တို့ကို အတင်းအဓမ္မဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တွေ့ရှိခြင်းမရှိ၍ ၎င်း၏အိမ်တွင်ရှိသည့် အမျိုးသမီး (၂) ဦးကို ဖမ်းဆီးသွားခဲ့ပြီး နေအိမ်ရှိပစ္စည်းများကိုလည်း ဖျက်ဆီးသွားခဲ့သည်။ အလားတူ ပုဇွန်တောင်မြို့နယ် NLD ဘဏ္ဍာရေးမှူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တွေ့ရှိခြင်းမရှိသဖြင့် နေအိမ်၌ရှိသူ (၁) ဦးအား ဖမ်းဆီးသွားခဲ့သည်။
အဖမ်းအဆီးများနှင့် ဒွန်တွဲလျက်ရှိသည်မှာ စစ်အုပ်စု၏ ညင်းပန်းနှိပ်စက်မှု နည်းပရိယာယ်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် (၂) ဦး ဖမ်းဆီးထားချိန်အတွင်း သေဆုံးသွားခဲ့ခြင်းကလည်း ၎င်းတို့၏ လူမဆန်စွာ ညင်းပန်းနှိပ်စက်မှုကြောင့် သာလျှင်ဖြစ်သည်ဟု ထင်ရှားစွာ ထုတ်ဖော်ပြသနေသည်။ ထို့ကြောင့် ယခုဖမ်းဆီးခြင်းခံထားရသူများ၏ လုံခြုံခွင့် နှင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်မှာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သည်။ အာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံရေး နှင့် လူမှုရေးနယ်ပယ်တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသူများကို ဖိနှိပ်၍ ဖမ်းဆီးနှိပ်စက်ခြင်းအားခြင်းဖြင့် ဦးဆောင်မှုကဏ္ဍများတွင် ပါဝင်လာမှု လျော့နည်းသွားစေရန် နှင့် ၎င်းတို့၏ အာဏာတည်မြဲမှုကို ခိုင်မာစေရန် ပြုလုပ်ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း အာဏာသိမ်းစစ်အုပ်စုသည် ဆန္ဒထုတ်ဖော်လျက်ရှိသော ကျောင်းသား၊လူငယ်များ အပါအဝင် ပြည်သူများကို နောင်ကြဉ်သွားစေရန် ရက်စက်သော နည်းလမ်းများဖြင့်သာ အကြမ်းဖက် ဖြိုခွင်း၍ ဖမ်းဆီးလျက်ရှိကြ သည်။ ယမန်နေ့က တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ရဲ နှင့် စစ်တပ်တို့မှ ဖမ်းဆီးခံကျောင်းသား၊ လူငယ်များကို တစ်ဦးခြင်းရိုက်နှက်ခြင်းမဟုတ်ဘဲ အလှည့်ကျ ချိန်းကြိုးကိုသုံးကာ ကျောပြင် နှင့် တင်ပါးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ ၎င်းပြင် ဆန္ဒထုတ်ဖော်ရာတွင် သီဆိုကြသည့် ကမာ္ဘမကြေဘူး နှင့် သွေးသစ္စာ သီချင်းကို ဆိုခိုင်းကာ ကောင်းစွာမဆိုနိုင်ဟု ဆိုကာ ထိုးကြိတ်ကန်ကျောက်ခြင်းများပြုခဲ့သည်။ ၎င်းပြင် ယမန်နေ့ ညနေပိုင်းအချိန်မှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနှံ့ ရပ်ကွက်များပါမကျန် ရဲ နှင့် စစ်တပ် အင်အားအများအပြားဖြင့် ဝင်ရောက်ခဲ့ပြီး ညအချိန်ထိတိုင် ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည်သာမက လမ်းမပေါ်သာမက လမ်းသွယ်များ၊ ရပ်ကွက်များအတွင်းသို့လည်း မျက်ရည်ယိုဗုံးများကို ပစ်သွင်းခဲ့၍ ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ပြီး တချို့ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ၎င်းတို့သည် လမ်းတစ်လျှောက်ရှိ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးခဲ့ပြီး တချို့ကို သယ်ဆောင်သွားခဲ့သည်။
ယနေ့နံနက်ပိုင်းအချိန်ကတည်းက ရဲနှင့်စစ်တပ်သည် သပိတ်စစ်ကြောင်းများမစတင်မီ ရန်ကုန်မြို့အပါအဝင် ဒေသတချို့၌ အင်အားအများအပြားချထားကာ ဆန္ဒထုတ်ဖော်ပွဲများအားကောင်းသည့် နေရာတချို့ကို ပိတ်ဆို့ထားခဲ့သည်။ သို့သော်လည်း မြန်မာပြည် အနှံ့အပြား၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများသည် အရှိန်အဟုန်မြင့်လျက်ရှိသည်။ ထို့ကြောင့် စစ်အုပ်စု၏ ဖြိုခွင်းမှုများသည် ပို၍ ပြင်းထန်လာခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းတွင် သာကေတ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း နှင့် အင်းစိန် မြို့နယ်များ၊ မန္တလေးတိုင်းတွင် မန္တလေးမြို့၊ ညောင်ဦးမြို့၊ တံတားဦးမြို့၊ မြင်းခြံမြို့၊ နွားထိုးကြီးမြို့၊ ဧရာဝတီတိုင်းတွင် ပုသိမ်မြို့၊ တနင်္သာရီတိုင်းတွင် ထားဝယ်မြို့၊ ကယားပြည်တွင် လွိုင်ကော်မြို့၊ ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့၊ သီပေါမြို့၊ နမ့်ခမ်းမြို့ နှင့် ကျောက်မဲမြို့ တို့ကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုသို့ဖြိုခွင်းရာတွင် ၎င်းတို့သည် လူနေရပ်ကွက်များ အထိပါ ရာဘာကျည်၊ မျက်ရည်ယိုဗုံး၊ အသံဗုံးတို့ဖြင့် ပစ်ခတ်ခဲ့ကြသည်။ ထို့ကြောင့် ဖမ်းဆီးခြင်းခံရသူအများအပြားရှိခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။
အထူးသဖြင့် ယနေ့တွင် မြောက်ဥက္ကလာပမြို့နယ်၌ ကန်သာယာသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ဖမ်းဆီးထားသည့် ပြည်သူ ၃၀ဝ ကျော်ကို ကန်သာယာပန်းခြံအတွင်း၌ မျက်နှာကို ကန်ကျောက်ပြီး ခေါင်းကို နံပါတ်တုတ်ဖြင့် ရိုက်ကာ အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်ဖြိုခွင်းမှုအတွင်း ပြည်သူ (၁) ဦးမှာ ကျည်ထိမှန်ခဲ့ကာ အခြေအနေစိုးရိမ်ရကြောင်း သိရှိရသည်။ သာကေတမြို့နယ်၌လည်း သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့ ပြီးနောက် ရဲ နှင့် စစ်တပ်သည် အိမ်စီးကားများဖြင့် ပြန်လည်ရောက်ရှိလာကာ ဆန္ဒထုတ်ဖော်သူများကို ကားဖြင့် တိုက်ခဲ့သည်။ ဒဏ်ရာရရှိသူအရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ မြင်းခြံမြို့နယ်၌ သပိတ်စစ်ကြောင်းကို ကျည်အစစ်ဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်းသိရှိရသည်။ ယနေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် အရပ်သား (၂) ဦးကို မေ့လဲသည်အထိ ရိုက်နှက်ကာ ဖမ်းဆီး၊ ခေါ်ဆောင်သွားခဲ့ပြီး စဥ့်ကိုင်မြို့၌လည်း လူငယ် (၅) ဦးကို မေ့လဲသည်အထိ မိဘများရှေ့၌ ရိုက်နှက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုသည် ဥပဒေမဲ့ ရမ်းကားမှုများသည် ပို၍ ဆိုးရွားကြမ်းတမ်းလာသည်ကို တွေ့ရှိရသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများကို အကြမ်းဖက်ရိုက်နှက်ခြင်းသာမက ပုဂ္ဂလိကပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ တန်ဖိုးကြီးပစ္စည်းများ၊ ငွေကြေးများကိုပင် ပေါ်ပေါ်တင်တင် လုယက်ခြင်းတို့ကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။ အာဏာသိမ်း စစ်အုပ်စု၏ဆိုးရွားကြမ်းတမ်းသောလုပ်ရပ်များကို ပြည်သူများမှ ငြိမ်းချမ်းသော နည်းဖြင့်သာ ဆန္ဒထုတ်ဖော် လျက်ရှိကြသည်။
မတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးကြာင်းထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်ကို မိမိတို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှလည်း ကြိုဆို ထောက်ခံပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နေ့စဉ်ထုတ်ပြန်ချက်အားဒေါင်းလော့ရယူရန် 10-March-2021 Update (Information)
တရားမဲ့ဖမ်းဆီးခံထားရသူများစာရင်းဒေါင်းလော့ရယူရန်Recent Arrest List (Last Updated on 10 March 2021)
ဖမ်းဆီးခံအမျိုးသမီးများစာရင်းဒေါင်းလော့ရယူရန်Women arrest list (Last Updated on 10 March 2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Crackdown Fatality list updated on 10 Mar 21)