စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်၊ ဖမ်းဆီးခံထားရသူများစာရင်းနှင့် ကျဆုံးသူများစာရင်း ထုတ်ပြန်ချက်
ရက်စွဲ မတ်လ ၈ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ယနေ့တွင်ကျဆုံးသွားခဲ့သော ဖျာပုံ နှင့် မြစ်ကြီးနားမြို့တို့မှ အာဇာနည် သူရဲကောင်း (၃) ဦးကိုလည်း အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး (၆၀) ကျော်ရှိပြီဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၈ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၈၅၇) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၀) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၅၃၈) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၈၅) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၁၀၀) ကျော်သည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေး သွားမည်ဖြစ်ပါသည်။
တရားမဝင် အာဏာသိမ်းစစ်အုပ်စု၏လက်အောက်ခံဖြစ်သော ရဲ နှင့် စစ်တပ်တို့သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိ သော ကျောင်းသား လူငယ်များ နှင့် ပြည်သူများကို အကြမ်းဖက်နည်းမျိုးစုံဖြင့် နေ့ရော၊ ညပါ ရက်စက်စွာ နှိမ်နှင်းလျက်ရှိပြီး တနေ့ထက် တနေ့ ပို၍ ပြင်းထန် ဆိုးရွားလာသည်ကို တွေ့ရှိရသည်။ အကြမ်းဖက်ဖြိုခွင်းမှုများပို၍ ပြင်းထန်လာသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများသည်လည်း ပို၍ အရှိန်အဟုန်မြင့်လာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ရဲ နှင့် စစ်တပ်တို့ သည် ဆန္ဒထုတ်ဖော်လျက်ရှိသူများကို ရန်သူများသဖွယ် ဆက်ဆံလာပြီး ဒဏ်ရာအပြင်းအထန်ရရှိစေရန် နှင့် အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်စေရန် ရည်ရွယ်၍ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ယနေ့တွင်လည်း မြန်မာပြည်အနှံ့အပြားတွင် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသူများကို ဆန္ဒထုတ်ဖော်ပွဲ မစတင်မီကတည်းကပင် လိုက်လံ၍ ရက်စက်စွာ ဖြိုခွင်းခဲ့သည်ကို တွေ့ရှိရသည်။ ရန်ကုန်တိုင်းတွင် တောင်ဥက္ကလာပ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ အလုံ၊ အင်းစိန်၊ ပဲခူးတိုင်းတွင် တောင်ငူမြို့၊ ပဲခူးမြို့၊ မန္တလေးတိုင်းတွင် မန္တလေးမြို့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား ရှမ်းပြည်နယ်တွင် မူဆယ်မြို့၊ ဧရာဝတီတိုင်းတွင် ဖျာပုံမြို့နှင့် လပွတ္တာမြို့၊ တနင်္သာရီတိုင်းတွင် ထားဝယ်မြို့တို့၌ အင်အားသုံး၍ အကြမ်းဖက် ပစ်ခတ်၊ ရိုက်နှက်၍ ဖြိုခွင်းခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲတိုင်း ကို အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရေကား၊ ရာဘာကျည်တို့ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ သည်သာမက နေ့စဉ်ရက်ဆက်ဆိုသလို ဆန္ဒထုတ်ဖော်ပွဲအချို့၌ ကျည်အစစ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
အထူးသဖြင့် ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသောကြောင့်မွဈကွီးနားတွင် အမျိုးသား (၂) ဦးသည် ဦးခေါင်း ထိမှန်၍ ကျဆုံးသွားခဲ့ပြီး အမျိုးသမီး (၁) ဦးသည် လက်မောင်း၌ အသားများပဲ့ထွက်ကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင်လည်း အရပ်သား (၁) ဦးသည် ဝမ်းဗိုက်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ (၂) ဦးအပါအဝင် (၆) ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းပြင် မန္တလေးမြို့၌လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသူများကို စစ်ကား နှစ်စီးမှ တိုက်ခဲ့သောကြောင့် အရပ်သား (၆) ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်မှ အရပ်သား (၂) ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ဒဏ်ရာ ရရှိသူများကို ရဲ နှင့် စစ်သားများမှ ထပ်မံရိုက်နှက်ခဲ့သလို ပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း လိုက်လံရိုက်နှက်ခဲ့သည်။
ရဲ နှင့် စစ်တပ်တို့၏ တရားဥပဒေစိုးမိုးရေးကင်းမဲ့စွာ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိ သည်နှင့်အမျှ အပြစ်မဲ့ ကျောင်းသား လူငယ်များ နှင့် ပြည်သူများမှာ ၎င်းတို့၏ သားကောင်များသဖွယ်ဖြစ်နေရပြီး အများနှင့်သက်ဆိုင်သောနေရာများမှာ စစ်တလင်း နှင့် လူသတ်ကွင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အပြစ်မဲ့ပြည်သူများ ထပ်မံဆုံးရှုံးမှုမရှိစေရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေးတို့အတွက် နိုင်ငံတကာမှ အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံးဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။
၎င်းပြင် တရားမဝင် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကိုဆန့်ကျင်သည့် အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်လာလျက်ရှိသည်ကို တွေ့ရှိရသည်။ ၎င်းတို့သည် ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းကို စီးနင်းခဲ့ပြီးသည့်နောက်ပိုင်း ယနေ့နံနက်ပိုင်းတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းသို့ စစ်ကားအကြီး ၁ဝ စီး နှင့် ကားအသေး ရ စီး တို့ဖြင့် ရောက်ရှိလာပြီး ရုံးခန်းသော့များကို ဖျက်ဆီးကာ ဝင်ရောက် ရှာဖွေ မွှေနှောက်ခဲ့ကာ မီးခံသေတ္တာ၊ ကွန်ပြူတာ နှင့် ရုံးအသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ စသည်တို့ကို ယူဆောင်သွားကြသည်။ စစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ပံ့ပိုးကူညီ၊ ဦးဆောင်ဦးရွက်ပြု၍ နိုင်ငံတကာသို့တင်ပြလျက်ရှိသည့် အဖွဲ့အစည်းများကို ဝင်ရောက်စီးနင်းခြင်း၊ အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းအားဖြင့် နှိပ်ကွပ်လျက်ရှိသည်။ သို့ဖြစ်၍ အခြားသော အဖွဲ့အစည်းများအတွက်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သည်။
ယနေ့တွင် ၎င်းတို့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လျှပ်စစ်မန်နေရာရုံးအတွင်းသို့ ဝင်ရောက်၍ ဝန်ထမ်း (၁) ဦးအား ကြိုးတုပ်၍ရိုက်နှက်ခြင်း၊ ဝန်ထမ်းများအားထိုးကြိတ်ခြင်း၊ ဝန်ထမ်းများ၏အိတ်များကို မွှေနှောက် ရှာဖွေ၍ ပိုက်ဆံနှင့်နာရီများကိုပါ အဓမ္မယူဆောင်သွားခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်းပင် ကျူးလွန်လျက် ရှိသည်။
ယမန်နေ့ညကလည်း ၎င်းတို့သည် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များအားလုံးနီးပါး၌ တညလုံးလိုပင် စစ်မြေပြင်သဖွယ် ပစ်ခတ်ခြင်း၊ အသံဗုံး၊ မျက်ရည်ယိုဗုံးများ ဖောက်ခွဲခြင်း၊ နေအိမ်အတွင်းထိ ဝင်ရောက်၍ သေနတ်များဖြင့်ချိန်ကာ ဆန္ဒပြ ကျောင်းသား လူငယ်များကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ မန္တလေး၊ မုံရွာအပါအဝင် အခြား တိုင်းနှင့်ပြည်နယ်တချို့၌လည်း အလားတူပင် ပြုမူခဲ့သည်။ ထိုအခြင်းအရာသည် ပြည်သူများအပေါ် အကြောက်တရားဖြင့် ထိန်းချုပ်ထားရန် ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်သူများ နှင့် ၎င်းတို့ကို အားပေးကူညီပေးကြသူများကို ရက်စက်စွာ ဖမ်းဆီး၊ ပစ်သတ်ခြင်းအားဖြင့် ၎င်းတို့ကို ဆန့်ကျင် တော်လှန်မှုများ ရပ်တန့်သွားစေရန် နှင့် ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာကို အကြမ်းဖက်မှုပုံစံဖြင့် တည်မြဲစေရန် စတင်ပုံဖော်၍ ကြိုးစားလာခြင်းဖြစ်သည်။
မတ်လ ၆ ရက်နေ့ကတည်းက ရန်ကုန်မြို့ရှိ နေရာတချို့၌ တပ်စွဲထားခဲ့သော ရဲ နှင့် စစ်တပ်တို့သည် ယမန်နေ့ညကလည်း ရန်ကုန်အပါအဝင် အခြား တိုင်းနှင့်ပြည်နယ်တချို့ရှိ ဆေးရုံများ၊ တက္ကသိုလ်ပရဝဏ်များ နှင့် ဘုရားပရဝဏ်များ၌ ဝင်ရောက်နေရာယူ၍ ဆက်လက် တပ်စွဲထားလျက်ရှိသည်။ ထိုနေရာများကို နေရာဝင်ယူ၍ တပ်စွဲထားခြင်းသည် နေ့ရော၊ ညပါ ဖမ်းဆီးမှု နှင့် အကြမ်းဖက်ဖြိုခွင်းမှုများကို တိုးမြှင့် လုပ်ဆောင်ရန် ကြံရွယ်ချင်းဖြစ်သည်ဟု အထင်အရှားဖော်ပြ လျက်ရှိသည်။
ဆေးရုံအပါအဝင် အဆိုပါနေရာများသည် ဘေးကင်း လုံခြုံမှုရှိရမည့်နေရာများဖြစ်ပြီး နာမကျန်း၊ ဒဏ်ရာရသော အရပ်သားများအတွက် ဆေးကုသရန် နှင့် ခိုနားရန်နေရာများ ဖြစ်သည်ဟု ဂျနီဗာကွန်ဗန်းရှင်း၊ အပိုဒ် ၁၅ ၌ အတိအလင်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ၌လည်း ယင်းကဲ့သို့ ပြဌာန်းထားရှိသည်။ ထို့ကြောင့် ဘေးကင်းလုံခြုံမှုရှိရမည့်နေရာများကိုပင် တပ်အခြေစိုက်စခန်းအဖြစ်အသုံးပြုခြင်းသည် အဆိုပါဥပဒေများကို တိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်သည်။ အဆိုပါနေရာများသည် စစ်ဆင်ရေးအတွက် အသုံးပြုရမည့်နေရာများမဟုတ်ပါ။ အဆိုပါနေရာ များကို တိုက်ခိုက်ခြင်းသည် ပြစ်မှုမြောက်သည်ဟု များစွာသော နိုင်ငံတို့မှလည်း ဥပဒေပြဌာန်းထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ သို့ဆက်သွယ်နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဖမ်းဆီးထိန်းသိမ်းခံထားရသည့်စာရင်းဒေါင်းလော့ရယူရန်Recent Arrest List (Last Updated on 8 March 2021)to up
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality updated on 8 Mar 21_edited_SM
နေ့စဉ်ထုတ်ပြန်ချက်အပြည့်အစုံ ဒေါင်းလော့ရယူရန် 8-March-2021 Update (Information) burmese
ရကျစှဲ မတျလ ၈ ရကျ၊ ၂၀၂၁ ခုနှဈ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma