စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ် နှင့်ကျဆုံးသူများစာရင်းထုတ်ပြန်
ရက်စွဲ မတ်လ ၄ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ သည်။ မနေ့က အကြမ်းဖက်စစ်အုပ်စု၏ ရက်ရက်စက်စက်ပစ်သတ်ခြင်းခံခဲ့ရသော ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် ဒီမိုကရေစီသူရဲကောင်းများအတွက် ပြည်သူတို့က ဈာပနအခမ်းအနားများ ကို ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။ မန္တလေးမြို့တွင် ကျဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် မကြယ်စင်၏ နောက်ဆုံးခရီးကိုလည်း ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူအနည်းဆုံး (၅၀) ကျော်ရှိပြီဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅၀၇) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၇) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၂၀၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၄) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့တစ်မြို့အတွင်း၌ပင် ဆန္ဒပြကျောင်းသား လူငယ် စုစုပေါင်း (၂၀) ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
ယမန်နေ့က ရဲ နှင့် စစ်တပ်မှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ရက်စက်စွာ ပစ်သတ်၍ဖြိုခွင်းခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲ များကို ရပ်တန့်သွားစေရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်မှုသည် အရာမထင်ဘဲ မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများသည် စစ်အာဏာရှင်ကို တခဲနက် ဆန့်ကျင်တွန်းလှန်ခဲ့သည်။ ထိုကဲ့သို့ ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ရန်ကုန်မြို့ ၌ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ စမ်းချောင်း၊ မြောက်ဒဂုံ၊ အင်းစိန်၊ အလုံ၊ တာမွေ စသည့်မြို့နယ်များ၊ ဧရာဝတီတိုင်း၌ ပုသိမ်မြို့၊ နေပြည်တော် ကောင်စီ၌ ပျဉ်းမနားမြို့နယ်၊ ပဲခူးတိုင်း၌ ပြည်မြို့၊ ကချင်ပြည်နယ်တွင် ဖားကန့်မြို့တို့သည် အင်အားသုံး၍ အကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရပြီး ပြည်သူတချို့ဖမ်းဆီးခြင်းခံခဲ့ရကာ တချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ရဲ နှင့် စစ်တပ်တို့မှ မီးခိုးဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တို့ဖြင့် ၎င်းတို့လုပ်နည်းအတိုင်း အင်အားသုံး၍ ဖြိုခွဲခဲ့ကြသည်။ တစ်လကျော်ကြာမြင့်လာသည့်တိုင်အောင် ပြည်သူများသည် အင်တိုက်အားတိုက် ဆန္ဒထုတ်ဖော်လျက်ရှိ ခြင်းက အာဏာသိမ်းစစ်အုပ်စုအတွက် အခက်အခဲ အကျပ်အတည်းဖြစ်စေ သည်။ ပြည်သူလူထုမှ ၎င်းတို့ကို အသိအမှတ် မပြုသလို နိုင်ငံတကာမှလည်း ၎င်းတို့ကို အသိအမှတ် မပြုသည့်အတွက် ၎င်းတို့၏နိုင်ငံရေးနယ်ပယ်သည် တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့ပြီဖြစ်သည်။
ယမန်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၌ ရဲ နှင့် စစ်တပ်တို့မှ ရက်စက်စွာ ပစ်သတ်မှု၊ ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ပြီးသည်နှင့်တဆက်တည်း ယင်းမြို့နယ်ရှိ ရပ်ကွက်များ အတွင်းသို့ ဂျက်လေယာဉ်များဖြင့် မီးခိုးဗုံးများကြဲချခဲ့သည်။ ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးမြို့ဝေဟင်၌ တိုက်လေယာဉ်များ ပျံဝဲကာ ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်ကတည်းကပင် စစ်သား များသည် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသည့် လူထုကို စနိုက်ပါများ၊ G3 ရိုင်ဖယ်သေနတ်များဖြင့် ပစ်သတ်ရန် ရည်ရွယ်၍ ချိန်ရွယ်ထား ခဲ့ပြီးဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စုသည် ဒီမိုကရေစီ နှင့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တောင်းဆိုဆန္ဒထုတ်ဖော် မှုများပြုလုပ်ပါက အစုလိုက် သတ်ဖြတ်မှုများအသွင်လုပ်ဆောင်လာမည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်သည်။ စစ်အုပ်စုသည် အာဏာသိမ်းမှုအစတွင် နိုင်ငံတွင်း မတည်ငြိမ်မှု၊ မငြိမ်မသက်မှုများဖြစ်လာစေရန် ဖန်တီးလုပ်ဆောင်ခဲ့ပြီး လူထုမှ ၎င်းတို့ကို ပြန်လည်တုံ့ပြန်လာပါက ပြည်တွင်းရေးသာ ဖြစ်သည်ဆိုသည်ကို နိုင်ငံတကာသို့ချပြရန် ကြိုးပမ်းခဲ့သည်။ ယင်းကဲ့သို့သော လုပ်ဆောင်ခဲ့သော သာဓကများစွာလည်း ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့ရည်ရွယ်သည့်အတိုင်းဖြစ်မလာသည့် အတွက် အကြမ်းဖက်နည်းလမ်းများကို အသုံးပြုလာခြင်း ဖြစ်သည်။
ယမန်နေ့ ည ၁၁ နာရီခွဲအချိန်ကလည်း စစ်ကား သုံးစီးဖြင့်ရောက်ရှိလာသည့် စစ်သားများသည် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်တွင် ရှိသည့် နာရေးကူညီမှုအသင်းအား ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး ရုံးအဆောက်အဦး၊ မော်တော်ယာဉ်များ၊ အလှူခံပုံးများနှင့် စာရင်းစာရွက်စာတမ်းများကို ဖျက်ဆီး၊ယူဆောင်ခြင်းများပြုလုပ်ခဲ့သည့်အပြင် နံမည်ကျောာ်သရုပ်ဆောင် ထွန်းကိုကို အပါအဝင် ဝန်ထမ်း ၃ဝ ဦးခန့်အား အလွန်အကျွံရိုက်နှက်ခဲ့သဖြင့် ဝန်ထမ်းနှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေ အထိရောက်ရှိခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် ပရဟိတသမားများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ ပါမကျန် ဖမ်းဆီးရိုက်နှက်နေသော လုပ်ရပ်က ၎င်းတို့အကြမ်းဖမ်အဖွဲ့အစည်းဖြစ်သည်ကို ထင်ဟပ်ပြနေသည်။
မတ်လ ၅ ရက်နေ့တွင်ပြုလုပ်မည့် ကမာ္ဘ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီတံခါးပိတ်အစည်းအဝေး၌ လူ့အခွင့်အရေး ကောင်စီအနေဖြင့် သံတမန်နည်းအရ တင်းတင်းမာမာ ကြားဝင်ဆောင်ရွက်ပါရန် မိမိတို့မှ တိုက်တွန်းအပ်ပါသည်။ ထိရောက်သော လုပ်ဆောင်မှုမျိုးမရှိလျှင် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ရန်အတွက် အသက်ခန္ဓာ နှင့် လွတ်လပ်ခွင့်များကို စွန့်လွှတ်စတေးကာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို လျစ်လျူရှု မျက်ကွယ်ပြုရာရောက် လိမ့်မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
ဖမ်းဆီးခံထားရသူများစာရင်း ဒေါင်းလော့ရယူရန် Recent Arrest List (Last Updated on 4 March 2021)
နေ့စဉ်ထုတ်ပြန်ချက်အားဒေါင်းလော့ရယူရန်4-March-2021 Update (Information)Burmese
အရေးတော်ပုံတွင်းကျဆုံးခဲ့ရသူများစာရင်းCrackdown and Fatality updated on 4 Mar 21
ရကျစှဲ မတျလ ၄ ရကျ၊ ၂၀၂၁ ခုနှဈ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma