နိုင်ငံရေးအကျဉ်းသားနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ ထပ်မံမရှိစေရေး နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် အစိုးရမှ တရားဝင်သတ်မှတ်ပေးရန် AAPP တိုက်တွန်

နိုင်ငံရေးအကျဉ်းသားနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ ထပ်မံမရှိစေရေးအတွက် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အစိုးရအနေဖြင့် တရားဝင်သတ်မှတ်ပေးရန် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တိုက်တွန်းသည်။

ထိုသို့ တရားဝင်သတ်မှတ်နိုင်ခြင်း မရှိသရွေ့နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ဆက်လက်ရှိနေမည်ဟု AAPP က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုချက် တရားဝင်သတ်မှတ်နိုင်ရန် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ သဘောထားများကို ရယူသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ အဲ့လို ဆွေးနွေးတော့မှ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်လာလိမ့်မယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုသည်။

ဇန်နဝါရီ ၈ ရက်က သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြားခဲ့သည့် နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက်မှာ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲနှင့် အမျိုးသားရင်ကြားစေ့ရေး အပေါ် အကျိုးမပြုနိုင်သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းနှင့်လည်း ကိုက်ညီမှုမရှိသောကြောင့် ပြန်လည်စဉ်းစားသုံးသပ်ရန် AAPP က တောင်းဆိုသည်။

နိုင်ငံရေးယုံကြည်ချက်အရ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ပြီး ဖမ်းဆီးခံရသူကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။

ထိုသို့သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်သည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားမှုနှင့်တူညီနေ၍ လက်ရှိအစိုးရအဖွဲ့၏ သဘောထားဟု ယူဆဖွယ်ရာ ဖြစ်ကြောင်း AAPP က ထုတ်ပြန်သည်။

“ပြည်သူလူထုက ရွေးချယ်ထားတဲ့ NLD အစိုးရ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဦးဆောင်နေတဲ့ အစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဒီလိုကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ ဖွဲ့ဆိုထားတာက မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အတော်ကို အလှမ်းဝေးနေသေးတယ်ဆိုတာကို ပြသရာရောက်တယ်” ဟု ဦးဘိုကြည်က ပြောကြားသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ခေတ်အဆက်ဆက်အကျဉ်းကျခံခဲ့ရသည်မှာ မဝေးလှသည့် သမိုင်းဆိုင်ရာ အမှန်တရားဖြစ်သော်လည်း အစိုးရအဆက်ဆက်က နိုင်ငံရေးအကျဉ်းသားဆိုသည့်စကားရပ်ကို တရားဝင်သုံးနှုန်းရန် အကြောင်းပြချက်အမျိုးမျိုးဖြင့် ငြင်းဆန်ခဲ့ကြောင်း AAPP က ဆိုသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်အထိ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ကို တရားဝင် သတ်မှတ်ခြင်း မရှိသော်လည်း ၂၀၁၄ ခုနှစ်က နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ဥပဒေကျွမ်းကျင်သူများ ပါဝင်သည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရေး အလုပ်ရုံဆွေးနွေးပွဲသို့ NLD ပါတီ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့သည်။

AAPP အနေဖြင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကိုင်စွဲ၍ လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးအရေးယူခံရသူများစာရင်းကို လစဉ်ထုတ်ပြန်နေသည်။

လက်ရှိ အစိုးရလက်ထက်တွင် ယခင်က နိုင်ငံရေးလှုပ်ရှားသူများကို အရေးယူရာတွင် အဓိကပါဝင်ခဲ့သော ပုဒ်မ ၅ (ည)၊ ၁၀ (က)(ခ) တို့ကို ဖျက်သိမ်းခြင်း၊ နိုင်ငံရေးအကျဉ်းသား သုံးရာကျော် လွှတ်ပေးခြင်းနှင့် ပြစ်ဒဏ်ကြွေးကျန်များ ဖျက်သိမ်းပေးခြင်းတို့အပေါ် ကြိုဆိုကြောင်း၊ သို့သော် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင် ရာဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ၊ အကြမ်းဖက်ဥပဒေတို့ဖြင့် ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်ချမှတ် ခံရခြင်းများ ရှိနေသေးကြောင်းလည်း AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Eleven media မှကူးယူဖော်ပြပါသည်။