၂၀၂၀ ဒီဇင္ဘာလ ကိုဗစ္သတင္းလႊာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါနှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလကတည်းကစတင်၍ မှတ်တမ်းပြုစုပြီး လေ့လာ သုံးသပ်မှုများ ပြုလုပ်ကာ ကိုဗစ်သတင်းလွှာအား လစဉ် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ နှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် စာရင်းများကိုလည်း ကိုဗစ်-၁၉ သတင်းလွှာနှင့်အတူ မှတ်တမ်းပြုစု၍ လစဉ် ထုတ်ပြန်လျက်ရှိသည်။ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တွင်  ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိလာ ခဲ့ရပြီးနောက် ရန်ကုန်နှင့် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း ကူးစက်ဖြစ်ပွားမှုများ ထပ်မံတွေ့ရှိလာရသည်။ ကိုဗစ်ဒုတိယလှိုင်းသည် ရန်ကုန်မြို့ကို အများဆုံးရိုက်ခတ်ခဲ့ပြီး ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံရသူနှင့် သေဆုံးသူအရေအတွက်ပိုမိုများပြားလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်များအား Stay at Home သတ်မှတ်ထားသည်။  ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၁၂၄၆၃၀ ဦးရှိလာပြီး သေဆုံးသူမှာ ၂၆၈၂ ဦး ရှိပြီဖြစ်သည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်–၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကူးစက်နှုန်း အတန်အသင့် လျော့ကျနေချိန်ဖြစ်သော်လည်း အချုပ်ထောင်၊အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများရှိနေ သည်။ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ပိုးတွေ့ရှိမှုသည် ထိန်းချုပ်နိုင်ရန်ခက်ခဲပြီး စိုးရိမ်စရာကောင်းသော အခြေအနေ တစ်ရပ် ဖြစ်နေသည်။ လက်ရှိတွင်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ အချုပ်ထောင်နှင့် အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရခြင်းများရှိနေသည်။ ထိုအခြင်းအရာသည် အကျဉ်းထောင်များ၊ အချုပ်ထောင်များနှင့် ရဲဘက်စခန်းများ ရှိ အကျဉ်းသားများအတွက် စိုးရိမ်ဖွယ်ရာအနေအထားတစ်ရပ်ဖြစ်ပြီး အကျဉ်းထောင်တွင်း အကျဉ်းသားဦးရေ ထူထပ်လျက်ရှိခြင်းကြောင့် ကူးစက်မှုဖြစ်ပေါ်ပါက ထိန်းချုပ်နိုင်ရန် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်ကာလ အတွင်း မလိုလားအပ်သောဖမ်းဆီးမှုများကို ရပ်တန့်ရမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းသား၊ အချုပ်သား မည်မျှအထိ ကူးစက်ခြင်းခံထားရသည်၊ မည်ကဲ့သို့ တားဆီးကာကွယ်မှုများကို လုပ်ဆောင်လျက်ရှိသည်တို့ကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားရန် လိုအပ်လျက်ရှိကြောင်း သုံးသပ်အပ်ပါသည်။ အချုပ်ထောင်၊ အကျဉ်းထောင်များတွင် ကူးစက်နေမှုများအား အောက်ဖော်ပြပါ အချုပ်ထောင်၊ အကျဉ်းထောင်များအတွင်း ကိုဗစ်၁၉ ကူးစက်ခံရခြင်းများ ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလအတွင်းတွင် ကွာရန်တင်းစင်တာများ၌နေထိုင်စဉ် သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာမှုမရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၉၊ ၃၀(က)  ဖြင့် တရားစွဲဆိုခြင်းခံထားရသူ (  ၅၂  ) ဦးရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူများ

ဒီဇင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများစာရင်းနှင့် ကွာရန်တင်းဝင်နေသူများစာရင်းအား လေ့လာ၍ မှတ်တမ်းပြုခဲ့ပါ သည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ AAPP မှ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူဦးရေကို အောက်ဖော်ပြပါဇယားတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှု လေ့လာနိုင်ပါသည်။

http://mohs.gov.mm/su/orhx6034OR

 

အချုပ်ထောင်၊ အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရခြင်းများ 

  • မြဝတီမြို့မရဲစခန်းရှိ အချုပ်သား ရှစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်၊ မြန်မာတိုင်းမ်/မြန်မာ 

  • ပဲခူးအမှတ် ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် အချုပ်သား ၁၇ ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ ဒီဗွီဘီ/မြန်မာ

●        ဗန်းမောက်မြို့တွင် ပြစ်ဒဏ်ကျ အချုပ်သား တစ်ဦးတွင် ကိုဗစ်ပိုးတွေ့

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ VOM/မြန်မာ

●        ပုသိမ်ရဲစခန်းတွင် အချုပ်သား တစ်ဦးတွင် ပိုးတွေ့၊ ရဲနှင့်အချုပ်သား ၂၁ ဦးကို အသွားအလာကန့်သတ်

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ ဒီဗွီဘီ/မြန်မာ

●        ဧရာဝတီတိုင်း၌ အကျဉ်းသားနှင့် အချုပ်သား ၁၃၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

  • ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့မရဲတပ်ဖွဲ့စခန်းအတွင်းရှိ အချုပ်ထောင်မှ အချုပ်သားရှစ်ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။ မြဝတီရဲစခန်းအတွင်းရှိ ရဲအုပ် တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ရဲတပ်ဖွဲ့ မိသားစုသုံးဦးတွင် ပြီးခဲ့သည့် တစ်ပတ်ခန့်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် အချုပ်ထောင်တွင်ရှိသည့် အချုပ်သားများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာ အချုပ်သားရှစ်ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား ကျန်အချုပ်သားများနှင့် သီးခြားစီ ထားကာ ဆေးကုသမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြဝတီရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။
  • ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အမှတ် ၂ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦး နှင့် အချုပ်သား ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။ ပဲခူးမြို့အမှတ် ၂ ရဲစခန်းအချုပ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ အချုပ်သား ခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဇနီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် အမှတ် ၂ စခန်း တစ်ခုလုံးအား Lockdown ချခဲ့သည်။ ထို့နောက် ရဲစခန်းအချုပ်တွင် ကျန်ခဲ့သည့်သူများနှင့် တပ်ဖွဲ့ဝင်တချို့အား စစ်ဆေးသည့်အခါ အချုပ်သား ၁၇ ဦးနှင့် တပ်ဖွဲ့ဝင် နှစ်ဦးတို့တွင် ရောဂါကူးစက်ခြင်းခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အမှတ် ၂ ရဲစခန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့ခန့်အထိ Lockdown ထပ်ချထားမည်ဖြစ်ပြီး ကျန်နေသည့် အချုပ်သား ခုနှစ်ဦးအား  အင်းတကော်ရဲစခန်းအချုပ်သို့ ပြောင်းရွေ့ထားမည်ဟု သိရှိရသည်။

အလားတူ ပဲခူးအမှတ် ရဲစခန်းတွင် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိသောကြောင့် ဖမ်းဆီးခြင်းခံထားရသူများ အနက် တစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် ကျန်သည့်သူများအား ကွာရန်တင်း တစ်ခုတွင် ပို့ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ဆေးသည့်အခါ နောက်ထပ် ၁၂ ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့သည်။

ပိုးတွေ့အချုပ်သားများအား ပဲခူးဆေးရုံသို့ ပို့ဆောင်ကုသမည်ဖြစ်ပြီး ၎င်းတို့အား သာမန်ပိုးတွေ့ လူနာများကဲ့သို့ ထားရှိ၍ မရသည့်အတွက် အချုပ်သားများအတွက် သီးသန့်ထားပြီး ကုသနိုင်သည့် အခန်းမျိုးပြင်ဆင်ပြီး ပို့ဆောင်ကုသသွားမည်ဟု သိရှိရသည်။

  • ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ ဗန်းမောက်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားများအနက်မှ ပြစ်ဒဏ်ကျ အချုပ်သား ၂၈ ဦးအား ကသာအကျဉ်းထောင်သို့ ပို့ဆောင်သည့်အချိန် ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးသည့်အခါ ကိုဗစ်-၁၉ ရောဂါရှိနေသည့် တရားခံ တစ်ဦးကို တွေ့ရှိခဲ့သည်။ ပိုးတွေ့အတည်ပြု တရားခံ လူနာသည် အသက် ၂၈ နှစ်အရွယ် အမျိုးသား ဖြစ်သည်။ ထို့ကြောင့် ပိုးတွေ့တရားခံ လူနာနှင့် ထိစပ်ခဲ့သည့် ဗန်းမောက်မြို့မရဲစခန်းမှ အချုပ်တရားခံ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး ရှစ်ဦးတို့ကို ဗန်းမောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ RDT Tist kitနှင့် အရေးပေါ် စစ်ဆေးသည့်အခါ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခြင်းမခံရကြောင်း သိရှိရသည်။

ပိုးတွေ့တရားခံလူနာကို ကသာပြည်သူ့ဆေးရုံ Isolation Ward တွင် ပို့ဆောင်၍ ကုသနေပြီး ဗန်းမောက်မြို့မရဲစခန်းကို အသွားအလာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရှိရသည်။

  • ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့မရဲစခန်းရှိ အချုပ်သား တစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရောဂါပိုးတွေ့ရှိခဲ့သည့် အချုပ်သားသည် အချုပ်ခန်းအတွင်းသို့ ရောက်ရှိသည်မှာ ရက်ပိုင်းသာ ရှိသေးသည် ဟုသိရှိရသည်။ ပထမအကြိမ်စစ်ဆေးသောအခါ ပိုးမတွေ့ခဲ့သော်လည်း ဒုတိယအကြိမ်စစ်ဆေးသည့်အခါ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေမှ ပြောကြားခဲ့သည်။ ၎င်းနှင့် ထိစပ်ခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် အချုပ်သားများအား အသွားအလာကန့်သတ်ထားသည်ဟု သိရှိရသည်။ ရောဂါပိုးရှိ၊မရှိ စစ်ဆေးရန်လည်း လုပ်ဆောင်နေသည်ဟု သိရှိရသည်။ ရောဂါပိုးတွေ့ရှိခဲ့သည့် အချုပ်သားသည် ပုသိမ်မြို့တွင်နေထိုင်သူဖြစ်သည်။ ၎င်းသည် သနပ်ခါးတုံးရောင်းသည့် အလုပ်ကို လုပ်ကိုင်နေပြီး  ခရီသွားရာဇဝင်နှင့် ပိုးတွေ့ လူနာနှင့် ထိတွေ့ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

  • ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အကျဉ်းသားနှင့် အချုပ်သား ၈၂၅ ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ အကျဉ်းသားနှင့် အချုပ်သား ၁၃၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်ဟု ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင်မှ ပြောကြားခဲ့သည်။ အကျဉ်းသားသစ်၊ အချုပ်သားသစ်၊ ထောင်မှ လွတ်မည့်လူများအား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဘိုကလေးမြို့နယ်မှ အချုပ်သား ၂၈ ဦးတွင် ပိုးကူးစက်ခြင်းခံထားရကြောင်း သိရှိရသည်။ 

 

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်တရားစွဲဆိုခံရခြင်းများ

 

ကချင်ပြည်နယ်

မြစ်ကြီးနားတွင် ကွာရန်တင်းစင်တာမှ အပြင်သို့ ခိုးထွက်သူ လေးဦးကို အရေးယူ

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မရဲစခန်းမှ မြစ်ကြီးနားမြို့ ပညာရေးကောလိပ် ကွာရန်တင်းစင်တာတွင် ကွာရန်တင်းဝင်နေရာမှ အပြင်သို့ခိုးထွက်သူ အမျိုးသား လေးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူခဲ့သည်။ ဒူကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ပြီး  ၎င်းတို့ကို မြစ်ကြီးနား မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ တရုတ်ပြည်မှ ထောင်ကျပြီး ပြန်လည်လွတ်မြောက်လာသည့် ဒေသခံ အမျိုးသား လေးဦးသည် အပြင်သို့ခိုးထွက်ပြီး ဆိုင်တွင်အရက်သောက် သောင်းကျန်းနေသည့်အချိန်တွင် ပြန်လည် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ ဒီဗွီဘီ/မြန်မာ

 

မွန်ပြည်နယ်

ကိုဗစ်ကာလတွင် ဖွင့်လှစ်လျက်ရှိသည့် KTV ဆိုင်ကို ဝင်ရောက်ဖမ်းဆီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်လမ်းအနီးရှိ Sunday KTV နှင့် စားသောက်ဆိုင်ကို ကိုဗစ်စည်းကမ်းချက်ဖောက်ဖျက်၍ ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ဝင်ရောက်  စစ်‌ဆေးခဲ့ရာ အသက် ၅၂ နှစ်အရွယ် မန်နေဂျာ တစ်ဦး ၊ အသက် ၂၇ နှစ်အရွယ် စားပွဲထိုးခေါင်းဆောင်တစ်ဦး ၊ အသက် ၂၇ နှစ်အရွယ် စားပွဲထိုး တစ်ဦး၊ အမျိုးသမီး ရှစ်ဦး၊ လာ‌ရောက်သီဆိုသူ အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သထုံမြို့မရဲစခန်းမှ သိရှိရသည်။ ဖမ်းဆီးရမိသည့် အမျိုးသား၊ အမျိုးသမီး ၂၁ ဦးကို သထုံမြို့နယ်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်၊တရားစွဲဆိုသွားမည်ဟု သထုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ The Voice/မြန်မာ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ VOM/မြန်မာ 

 

ရှမ်းပြည်နယ်

ခရီးသွားရာဇဝင်ထိမ်ချန်သည့် အမျိုးသမီးတစ်ဦးကို အမှုဖွင့်

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီမှ လားရှိုးမြို့၌ ခရီးသွားရာဇဝင်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ထိမ်ချန်ထားခဲ့သည့် လားရှိုးမြို့ ရပ်ကွက် ၅၊ နယ်မြေ ၁၀ တွင် နေထိုင်သော မထားထားဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် လာရှိုးမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မထားထားဦးသည် မိခင်ဖြစ်သူနှင့်အတူ လူနာတင်ယာဉ်နှင့် မန္တလေးမြို့မှ လားရှိုးမြို့ကို ပြန်လာခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သူမ၏ မိခင်ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း၊ နာရေးအိမ်သို့ ဆွေမျိုးများ အပါအဝင် အိမ်ထောင်စု ၆၂ စုမှ လူ ၂၄၅ ဦး ရောက်ရှိခဲ့ကြောင်းကို ကျန်းမာရေးဌာနမှ စုံစမ်းဖော်ထုတ်ခဲ့သည်။ ထို့နောက် အဆိုပါ အမျိုးသမီးအား ကွာရန်တင်းထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပိုးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွာရန်တင်းရက်စေ့သောကြောင့် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအာကာလင်းမှ ပြောသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ The Voice/မြန်မာ

 

ရန်ကုန်တိုင်းဒေသကြီး

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်ကာ ဖွင့်လှစ်သည့် The World Wide KTV ဆိုင်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်တာဝန်ခံ အပါအဝင် ကိုးဦးကို ဖမ်းဆီး၊ အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဆရာစံလမ်းရှိ The World Wide KTV ဆိုင်ကို ရဲတပ်ဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး The World Wide KTV ဆိုင်တာဝန်ခံ ဦးအေးထွန်းအပါအဝင် ကိုးဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးအေးထွန်းကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ လာရောက် စားသောက် သီဆိုသည့် ဦးအောင်ဇော်ဦးအပါအဝင် လေးဦး နှင့် မယမင်းအပါအဝင် လေးဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀(က)ဖြင့်လည်းကောင်း အမှုဖွင့်ခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးတို့မှဦးဆောင်ကာ အဆိုပါဆိုင်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဆိုင်တာဝန်ခံ ဦးအေးထွန်းမှလွဲ၍ ကျန်အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ 

အလားတူ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း (၁) တွင် ကိုဗစ်ကာလအတွင်း တရားမဝင် ဖွင့်လှစ်လျက်ရှိသည့် The Myst Bar & Lounge Yangon နိုက်ကလပ်ကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ ၈၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။ 

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ မဇ္ဈိမ/မြန်မာ

 

မန္တလေးတိုင်းဒေသကြီး

ကိုဗစ်စစ်ဆေးရေးဂိတ်၏စစ်ဆေးမှုကိုလက်မခံဘဲ ရန်ပြုခဲ့သူကို ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ဒီဇင်ဘာလ ၉ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သလဲကုန်းကျေးရွာအဝင်အထွက်ဂိတ်တွင် ကျေးရွာ တာဝန်ရှိအဖွဲ့ဝင်များမှ စစ်ဆေးရေးဆောင်ရွက်နေစဉ် သလဲကုန်းကျေးရွာနေ မောင်ဌေး (ခ) ငဌေးသည် ဆိုင်ကယ်နှင့် ရောက်ရှိလာခဲ့၍ စစ်ဆေးမှုပြုလုပ်နေစဉ် ၎င်းသည် ဝင်ထွက်ခွင့်လက်မှတ်ကို ပြသခြင်းမရှိဘဲ စစ်ဆေးရေး မောင်းတံဂိတ်ကို ဆိုင်ကယ်နှင့်ဝင်တိုက်ပြီး အနီးရှိသံခုံနှင့် စစ်ဆေးရေးအဖွဲ့ဝင်များကို လိုက်လံရိုက်နှက်ခဲ့သည်။ အခင်းဖြစ်စဉ်အတွင်း အဖွဲ့ဝင်နှစ်ဦး ရိုက်နှက်ခြင်းခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အုန်းချောနယ်မြေရဲစခန်းကို သွားရောက်တိုင်တန်းရာ ရဲစခန်းတာဝန်ရှိသူများမှ မောင်ဌေး၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့သည်။ မောင်ဌေးမှ လာရောက်စစ်ဆေးသူများအား ခဲနှင့် ပစ်ပေါက်၍ ဆဲခြင်း၊  ငှက်ကြီးတောင်ဓားဖြင့် ထွက်၍ခုတ်သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ရဲတပ်သားတစ်ဦးမှ သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု ရဲမှတ်တမ်းအရ သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အုန်းချောနယ်မြေရဲစခန်းမှ မောင်ဌေး(ခ)ငဌေးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၂၆ အပါအဝင် ပြည်သူ့ဝန်ထမ်းအား ဝတ္တရားနှောင့်ယှက်မှု၊ ဒဏ်ရာရစေမှုတို့ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ရက်၊ ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

Mask သို့မဟုတ် Face Shield များ တပ်ဆင်ခြင်းမရှိဘဲ လူစုလူဝေးဖြင့် ကုန်ပစ္စည်းများ သယ်ဆောင်/သိုလှောင်ခြင်း ပြုလုပ်နေသူအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ ဦးကျော်ကျော်မိုး၏နေအိမ်တွင် ဖွင့်လှစ်ထားသည့် အထည်ဆိုင်၌  ဦးကျော်ကျော်မိုးသည် အလုပ်သမားများနှင့်အတူ Mask သို့မဟုတ် Face Shield များ တပ်ဆင်ခြင်းမရှိဘဲ လူစုလူဝေးဖြင့် ကုန်ကားပေါ်မှ နေအိမ်ဆိုင်အတွင်းသို့ အဝတ်အထည်၊ ကုန်ပစ္စည်းများ သယ်ဆောင် သိုလှောင်ခြင်း ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အောင်မြေသာစံမြို့မရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ရပ်ကွက်နေပြည်သူများမှ တိုင်ကြား သဖြင့် သုံးကြိမ်တိုင် သတိပေးတားမြစ်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်တွင် လူစုလူဝေးဖြင့် ကုန်တင်ကုန်ချ ထပ်မံပြုလုပ်နေကြောင်း ထပ်မံတိုင်ကြားလာ၍ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အောင်မြေသာစံမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ကိုကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

အမရပူရမြို့နယ်တွင် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာအတုပြုလုပ်သည့် မိတ္တူဆိုင်ကို အရေးယူ

မန္တလေးတိုင်းဒေသကြီး၊  အမရပူရမြို့နယ်တွင် မြို့နယ်ဝင်ထွက်ခွင့်ကတ်အတုများနှင့် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာရွက်အတုများ ပြုလုပ်ရောင်းချနေသည့် မိတ္တူဆိုင်ကို အရေးယူထားကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရှိရသည်။ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ  မိတ္တူဆိုင် တစ်ဆိုင်သည် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာများနှင့် မြို့နယ်ကျော်ဖြတ်သွားလာခွင့် ကတ်ပြားအတုများ ပြုလုပ်ရောင်းချနေသည်ဟု သတင်းရရှိသည့် အတွက်  ဒီဇင်ဘာလ ၇ ရက်နေ့တွင် တာဝန်ရှိသူများမှ ဝင်ရောက် ဖမ်းဆီးခဲ့သည်။ ကချင်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ် တစ်ခုတွင် သံသယဖြစ်ဖွယ် သက်သေခံ လက်မှတ်တချို့ တွေ့ရှိခဲ့သောကြောင့် ဆေးစစ်ချက် ထောက်ခံစာပါသည့်အတိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ စာရွက်အထောက်အထားအတုများပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆက်စပ်ပြီး ထောက်ခံစာအတု ပြုလုပ်သည့် မိတ္တူဆိုင်အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမရပူရမြို့နယ်ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူမှ တရားလိုပြုလုပ်ပြီး မိတ္တူဆိုင်ရှင် အမျိုးသားကို မြစ်ငယ်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ရက်၊ ဒီဗွီဘီ/မြန်မာ

 

ပဲခူးတိုင်းဒေသကြီး

ကိုဗစ်စစ်ဆေးရေးဂိတ် တာဝန်ကျသူများကို ဆဲဆိုထိုးကြိတ်သူများအား အရေးယူ

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အမြန်လမ်းထိပ်၊ ကိုဗစ်-၁၉ စစ်ဆေး‌ရေးဂိတ်၌ တာဝန်ကျပရဟိတအဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရန်ပြုခဲ့သည့် ကိုအောင်ကိုလတ် (ခ) မင်စာ အပါအဝင် အမျိုးသား သုံးဦးအား တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှ  ရာဇသတ်ကြီးပုဒ်မများဖြစ်သည့် ၂၉၄/၅၀၆/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားသည့်အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်ပါ အရေးယူဆောင်ရွက်သွား မည်ဟု တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ပြောကြားခဲ့သည်။

အခင်းဖြစ်ညပိုင်းတွင် အမြန်လမ်းထိပ် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ ညဂျူတီတာဝန်ကျနေသည့် ပရဟိတအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးနှင့် ကျန်သည့်မျိုးသားတစ်ဦးတို့ တာဝန်ထမ်းဆောင်နေချိန် အမြန်လမ်း‌ပေါ်မှ ဆင်းလာသည့် Mark II အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းနှင်သူ ကို‌အောင်ကိုလတ်(ခ)မင်စာနှင့် စကား‌ပြောဆိုမှု အဆင်မပြေဖြစ် ခဲ့သည်။  ကို‌အောင်ကိုလတ်(ခ)မင်စာမှ လှည့်ထွက်သွားပြီးနောက် ထပ်မံ၍ အခြားအမျိုးသား နှစ်ဦးနှင့်ပြန်‌လည် ရောက်ရှိ လာကာ ‌ဝိုင်းဝန်းဆဲဆို ထိုးကြိတ် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ပရဟိတအဖွဲ့ခေါင်းဆောင် ဦးအောင်အောင်မှ ပြောကြားခဲ့ သည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ VOM/မြန်မာ

 

ဧရာဝတီတိုင်းဒေသကြီး

ချောင်းသာမြေယာအငြင်းပွားမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သူများအား အမှုဖွင့်အရေးယူ

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ထွန်းထွန်းဝင်းမှ တရားလိုပြုလုပ်၍ ချောင်းသာမြေယာအငြင်းပွားမှုကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ချောင်းသာ ဒေသခံ ကိုတေဇာအောင်၊ ဒေါ်အေးအေးအောင်၊ ကိုအောင်နိုင်မျိုးနှင့် ဦးအောင်မြင့်ဝေတို့အား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့သည်။ ပြည်သူများနေအိမ်၌သာ နေထိုင်ကြရန် (Stay at home) အမိန့်ထုတ်ပြန်ထားသော ပုသိမ်မြို့တွင် ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးပြုလုပ်ခဲ့ခြင်းအတွက် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး မြေစစ်ကော်မတီမှ ချောင်းသာကမ်းခြေမှ မြေဧက ၅၀ ကျော်နှင့်ပတ်သက်၍ အငြင်းပွားနေမှုကို သုံးလအတွင်း စိစစ်၍ လုပ်ငန်းရှင်ဘက်ကို အနိုင်ပေးခဲ့မှုအပေါ် ကျေနပ်ခြင်းမရှိ သဖြင့် ချောင်းသာဒေသခံ မူလမြေပိုင်ရှင်တို့၏ မိသားစုဝင် လေးဦးမှ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ဧရာဝတီ/မြန်မာ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ RFA/မြန်မာ

မအူပင်မြို့သို့ ခရီးသွားအထောက်ထားမဲ့ဝင်ရောက်လာသည့် ပြောက်ကျားဝတ်စုံဝတ်အဖွဲ့ဝင် ရှစ်ဦးကို အမှုဖွင့်

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ မွန်ပြည်နယ်မှ ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသည့် ပြောက်ကျားဝတ်စုံဝတ်အဖွဲ့ဝင် ရှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀ (ခ) ဖြင့် မအူပင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရှိရသည်။ ပြောက်ကျားဝတ်စုံဝတ်အဖွဲ့သည် မွန်ပြည်နယ်မှ မအူပင်မြို့နယ်၊ ကျုံဝါးကြီးကျေးရွာအတွင်း အငြင်းပွားမှုဖြစ်ပွားနေသည့် မြေယာကိစ္စအတွက်လာရောက်ကြောင်း တာဝန်ရှိသူများမှ သိရှိပြီး တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြကာ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ပြောက်ကျားဝတ်စုံဝတ်နှင့်လာရောက်သည့်အဖွဲ့သည် ပြည်သူ့စေတနာဝန်ထမ်းအသင်း(PVB) အမည်နှင့်လိုက်လံပြီး မြေယာအမှုအခင်းများကို ကြားမှ ဝင်ရောက်ဆောင်ရွက်နေသည့်အသင်း ဖြစ်သည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ဒီဗွီဘီ/မြန်မာ

ကွာရန်တင်းဝင်နေစဉ် အဆုံးစီရင်မှုဖြစ်ပွားခြင်း

စဥ့်ကိုင်မြို့နယ်တွင် ကွာရန်တင်း၀င်နေသော အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာရှိ တွဲဖက်အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထား သော ကွာရန်တင်းစင်တာ၌ ကွာရန်တင်း၀င်နေသော အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံထားရသည့် ညီမဖြစ်သူနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သဖြင့် ဒီဇင်ဘာလ  ၃ ရက်နေ့မှစတင်ကာ ကွာရန်တင်းဝင်လျက်ရှိစဉ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်ဝန်းကျင်ခန့်တွင် အမြင့် ၁၂ ပေခန့်ရှိ ထုတ်တန်း၌ ဝါယာကြိုးအသုံးပြုကာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ရက်၊ Mandalay In Depth News လူမှုကွန်ရက်စာမျက်နှာ/မြန်မာ 

 

ကွာရန်တင်းဝင်နေစဉ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခြင်း

ကွာရန်တင်းဝင်နေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦး အဓမ္မပြုကျင့်ခြင်းခံရ

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာရှိ ရွှေပြည်အေးဘုရားကြီးကျောင်း ကွာရန်တင်းစင်တာအောက်ထပ်တွင် ကွာရန်တင်းဝင်နေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် အဓမ္မပြုကျင့်ခြင်းခံခဲ့ရကြောင်း မအူပင်မြို့မရဲစခန်းမှ သိရှိရသည်။ အဆိုပါမိန်းကလေးသည် အခြား အမျိုးသမီး သုံးဦးနှင့်အတူ အိပ်နေချိန် တံခါးခေါက်သံကြားသောကြောင့် တံခါးကိုဖွင့်ကြည့်ခဲ့ရာ ရွှေပြည်အေး ဘုရားကြီးကျောင်းအပေါ်ထပ်တွင် ကွာရန်တင်းဝင်နေသည့် ငါးကြီးဂရက်ကျေးရွာအုပ်စုနေ အသက် ၂၀ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသားမှ ထိုမိန်းကလေး၏ ပါးစပ်ကိုပိတ်၍ ခြင်ထောင်အတွင်းသို့ ဆွဲခေါ်သွားကာ အဓမ္မ တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရှိရသည်။

၎င်းကိစ္စအား သူမ၏မိသားစုဝင်များမှ နောက်ကျမှသိရှိရသည့်အတွက် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မအူပင်မြို့မရဲစခန်းမ၌ လာရောက်တိုင်ကြားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသားအား မအူပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောအချိန်တွင် ကွာရန်တင်းဝင်နေရသည့် အမျိုးသမီးများအတွက် လုံခြုံမှုမှာ  အရေးကြီးလာကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊ VOM/မြန်မာ

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂ ၈၁၁ ၇၃၄၈ 

မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ)    +၉၅() ၉၉၇ ၃၀၃ ၁၀၅၀

၂၀၂၀ ဒီဇင်ဘာလအတွက် ကိုဗစ်သတင်းလွှာဒေါင်းလော့ရယူရန် COVID-19 Newsletter in December (Burmese) Edited