၂၀၂၀ နိုဝင်ဘာလအတွက် ကိုဗစ်သတင်းလွှာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါနှင့်ဆက်နွယ်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလကတည်းကစတင်၍ မှတ်တမ်းပြုစု လေ့လာ သုံးသပ်မှုများ ပြုလုပ်ကာ ကိုဗစ်သတင်းလွှာအား လစဉ် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ နှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် စာရင်းများကိုလည်း ကိုဗစ်-၁၉ သတင်းလွှာနှင့်အတူ မှတ်တမ်းပြုစု၍ လစဉ် ထုတ်ပြန်လျက်ရှိသည်။ ယခုအခါ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တွင်  ပြည်တွင်း ကိုဗစ်ကူးစက်ဖြစ်ပွားမှု ပြန်လည်တွေ့ရှိလာရပြီးနောက် ရန်ကုန်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များတွင်လည်း ကူးစက်ဖြစ်ပွားမှုများ ထပ်မံတွေ့ရှိလာရသည်။ ကိုဗစ်ဒုတိယလှိုင်းသည် ရန်ကုန်မြို့ကို အများဆုံးရိုက်ခတ်ခဲ့ပြီး ယခုအချိန်တွင် ကိုဗစ် – ၁၉ ရောဂါကူးစစ်ခံရသူနှင့် သေဆုံးသူအရေအတွက်ပိုမိုများပြားလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြိုနယ်များအား Stay at Home သတ်မှတ်ထားသည်။  နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၉၀၇၁၃ ဦးရှိလာပြီ သေဆုံးသူမှာ ၁၉၄၁ ဦး ရှိပြီဖြစ်သည်။

ထို့ပြင် လက်ရှိကာလတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်–၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကူးစက်နှုန်း မြင့်မားနေချိန်ဖြစ်သည်။ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုသည် ထိန်ချုပ်နိုင်ရန် ခက်ခဲပြီး စိုးရိမ်စရာကောင်းသော အခြေအနေတစ်ရပ်ဖြစ်နေသည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ အချုပ်သား ၄ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။ ၎င်းအပြင် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရဲစခန်းမှ  ရဲမေတစ်ဦးနှင့် အကျဉ်းသူ  တစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းအချုပ်မှ အချုပ်သား ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။ ထိုအခြင်းအရာသည် အကျဉ်းထောင်များ၊ အချုပ်ထောင်များ နှင့် ရဲဘက်စခန်းများရှိ အကျဉ်းသားများ အတွက် စိုးရိမ်ဖွယ်ရာ အနေအထား တစ်ရပ်ဖြစ်ပြီး အကျဉ်းထောင်တွင်း အကျဉ်းသားဦးရေ ထူထပ်လျက်ရှိခြင်းကြောင့် ကူးစက်မှု ဖြစ်ပေါ်ပါက ထိန်းချုပ်နိုင်ရန်ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန် ကာလအတွင်း မလိုလားအပ်သော ဖမ်းဆီးမှုများကို ရပ်တန့်ရမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းသား၊ အချုပ်သား မည်မျှအထိ ကူးစက်ခြင်းခံထားရသည်၊ မည်ကဲ့သို့ တားဆီး ကာကွယ်မှုများကို လုပ်ဆောင်လျက်ရှိသည်တို့ကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားရန် လိုအပ်လျက်ရှိကြောင်း သုံးသပ်အပ်ပါသည်။

နိုဝင်ဘာလအတွင်းတွင် ကွာရန်တင်းစင်တာများ၌နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၉၊ ၃၀(က)  ဖြင့် တရားစွဲဆိုခံရသူ ( ၃၂ ) ဦးရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူများ

နိုဝင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများစာရင်းနှင့် ကွာရန်တင်းဝင်နေသူများ စာရင်းအား လေ့လာ၍ မှတ်တမ်းပြုခဲ့ပါသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ AAPP မှ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများ နှင့် ကွာရန်တင်းဝင်နေသူ ဦးရေကို အောက်ဖော်ပြပါဇယားတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။

အောက်ပါလင့်များကိုလည်း ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။

http://mohs.gov.mm/su/uenc8239UE

အချုပ်ထောင်၊ အကျဉ်းထောင်များအတွင်း ကိုဗစ်၁၉ ကူးစက်ခံရခြင်းများ 

ဘူးသီးတောင်အကျဉ်းထောင်တွင် အချုပ်သား ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

နိုဝင်ဘာလ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်တွင် အချုပ်သား ၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရှိရသည်။ ထောင်ဖြစ်၍ ကွာရန်တင်း ဝင်စရာမလိုကြောင်း၊ ထောင်ကျသူများကို ယခုနောက်ပိုင်းတွင် သီးခြားထားကြောင်း၊  ကိုဗစ်ကာလ နောက်ဝင်သူများကို သီးခြားထားပြီးမှ သူတို့အား ကိုဗစ် ရှိမရှိ စစ်ဆေးကြောင်း၊ စစ်ဆေးပြီးမှ ကိုဗစ်မတွေ့သူများကိုသာ ထောင်မကြီးသို့ ပေးသွင်းကြောင်း ၎င်းမှ ပြောသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်၊ နိရဉ္စရာ/မြန်မာ

ကျောက်ဆည်ရဲစခန်းမှ ရဲမေ ၁ ဦးနှင့် အကျဉ်းသူ ၁ ဦးတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရဲစခန်းမှ  ရဲမေ တစ်ဦးနှင့် အကျဉ်းသူ  တစ်ဦးတို့တွင်  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့သည်ဟု  ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

အပြစ်ကျတရားခံ အမျိုးသမီး တစ်ဦးကို အိုးဘိုထောင်သို့ ပို့ဆောင်ဖို့ နှာခေါင်း တို့ဖတ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ  positive ထွက်ခဲ့ပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် တရားခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ထပ်စစ်သည့်အခါ ရဲမေတစ်ဦးတွင် positive ထွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ ပိုးတွေ့အကျဉ်းသူကို  မင်းစုရဲစခန်း သီးသန့်အချုပ်ခန်းသို့ ပို့ဆောင်ထားပြီး ရဲမေအား ကျောက်ဆည်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေသည်ဟု ကျောက်ဆည်မြို့နယ် ကိုဗစ်ကော်မတီဝင် ဆရာဝန်တစ်ဦးမှ ပြောသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်၊ ဒီဗွီဘီ/မြန်မာ

အုတ်ဖိုတွင် အချုပ်သား ၃ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး တွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းအချုပ်မှ အချုပ်သား ၃ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု အုတ်ဖိုကျန်းမာရေးဦးစီးဌာနမှ နိုဝင်ဘာ ၂၈ ရက်နေ့ ညတွင် ထုတ်ပြန် ထားသည်။

အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦးပိုးတွေ့ခဲ့သောကြောင့် အဆိုပါရဲစခန်းအား နိုဝင်ဘာ ၁၉ ရက်နေ့မှစ၍ လော့ဒေါင်းချထားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အချုပ်သားများအား ဓာတ်ခွဲနမူနာယူ ပေးပို့စစ်ဆေးရာ အချုပ်သား ၃ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ထမ်းတဦးမှ ပြောသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ ဒီဗွီဘီ/မြန်မာ 

ကချင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်တရားစွဲဆိုခံရခြင်းများ

ဖားကန့်ကို တရားမဝင်ခိုးဝင်လာသည့် အမျိုးသား ၃ဦးကို အမှုဖွင့်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင် စုပေါင်းစစ်ဆေးရေးဂိတ်ကို ရှောင်ဖယ်ကာ ဖားကန့်မြို့အတွင်း ဝင်ရောက်လာသည့် ကျော်မင်းထွန်း ၊ခင်ဇော်လင်း ၊ဦးစောမောင် တို့အား ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ သာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်လိုက်သည်ဟု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

တရားမဝင် ဝင်ရောက်လာသူ အမျိုးသား(၃)ဦးသည် မန္တလေးမှ ခရီးသည်တင်လိုင်းကားနှင့် လာရောက်ကာ ဖားကန့်မြို့ကို  နိုဝင်ဘာ ၂၂ရက်နေ့ညနေ ၅ နာရီကျော်တွင် တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ အဆိုပါ တရားမဝင် ဝင်ရောက်လာသူ အမျိုးသား(၃)ဦးကို သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးထားသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ VOM/မြန်မာ

ကယားပြည်နယ် 

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်တရားစွဲဆိုခံရခြင်းများ 

ကိုဗစ်ကော်မတီ ညွှန်ကြားချက် ဖောက်ဖျက်သူကို လွိုင်ကော်တွင် အမှုဖွင့်

နိုဝင်ဘာလ ၄ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့မ ရဲစခန်းမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် နေထိုင်သူ စိုင်းဝဏ္ဏအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)၊ (ပ) ၃၀၆/၂၀၂၀ ဖြင့် အမှုဖွင့် တိုင်ကြား ထားကြောင်း သိရှိရသည်။ 

စက်တင်ဘာလ ၁၅ ရက်နေ့တွင် မန္တလေးမှတစ်ဆင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် လမ်းအတိုင်း ဆိုင်ကယ်ဖြင့်လာခဲ့သော စိုင်းဝဏ္ဏ ဆိုသူသည် ပီကင်းကောခူ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု မခံဘဲ ဒီမော့ဆိုမြို့နယ် လေးမိုင်စံပြရွာသို့ ရောက်ရှိခဲ့ကြောင်း‌ စိစစ်တွေ့ရှိရသဖြင့် လွိုင်ကော်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကျန်းမာရေး စစ်ဆေးမှုမခံခဲ့သူ စိုင်းဝဏ္ဏကို စိစစ်တွေ့ရှိရပြီးနောက် ကွာရန်တင်း စင်တာ ဝင်ခိုင်းခဲ့ပြီး ဆက်လက်၍ နေအိမ်တွင် သီးခြားနေထိုင်ခဲ့ရသောကြောင့် ယခုမှ အမှုဖွင့် အရေးယူရခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးရန်နိုင်ဝင်းမှ ပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့ ညတွင် လွိုင်ကော်မြို့မ ရဲစခန်းမှ စခန်းမှူး ကျော်လင်းထွန်းမှ စိုင်းဝဏ္ဏကို တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ မဇ္ဈိမ/မြန်မာ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ ဒီဗွီဘီ/မြန်မာ 

ရခိုင်ပြည်နယ် 

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်တရားစွဲဆိုခံရခြင်းများ 

ကျဆုံး AA ဗိုလ်လောင်းအခမ်းအနားတက်ရောက်၍ အဖမ်းခံရသူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ(၂၅) ဖြင့်အမှုဖွင့်

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး ကျဆုံးနေ့ ( ၆) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့၍ ဖမ်းဆီးခံရသူ ဦးအစံမောင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၂၅) ဖြင့် အမှုဖွင့်လိုက်သည်ဟု သိရှိရသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၉ ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA) မှ ကျဆုံးသွားသော ဗိုလ်လောင်း ၈ ဦး၏ ( ၆) နှစ်ပြည့်နေ့ ဖြစ်သဖြင့် လူငယ် ၃ဝ ခန့်က စစ်တွေမြို့၊ ကမ်းနားလမ်း၊ ကိုးရီးယားဆိပ်ကမ်းတွင် အောက်မေ့ ဆုတောင်းပွဲ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

အမှုဖွင့်ခံရသူ ဦးအစံမောင်သည် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် ဂေါက်ချီလမ်းတွင်နေထိုင်သူ ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီ အချိန်တွင်  နေအိမ်မှ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ BNI News/မြန်မာ 

ရှမ်းပြည်နယ် 

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်ဖမ်းဆီးခံရခြင်းများ

လားရှိုးမြို့ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး ခရီးသည်ခိုးသွင်းသူ ၃ ဦးအား ဖမ်းဆီး

နို၀င်ဘာလ ၂၇ ရက်နေ့တွင် ရှမ်း‌ပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ မြို့တွင်း ခရီးသည်များအား ခိုးသွင်းသူ ၃ ဦးကို ဖမ်းဆီးထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဟု သိရှိရသည်။

လားရှိုးမြို့အဝင် မယ်ဟန်ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ မြို့တွင်းဝင်ရောက်လိုသည့် ခရီးသည်များအား ခိုးသွင်းလာသူ ဆိုင်ကယ်ကယ်ရီ ၁ ဦးနှင့် ကားသမား ၂ ဦးတို့ကို  နို၀င်ဘာလ ၂၇ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်း စခန်းမှူး ဦးမြင့်ကျော်မှ ပြောသည်။

မယ်ဟန်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး ရွာလမ်းကနေ ခိုးသွင်းသူ ၃ ဦးနှင့် ခရီးသည် ၅ ဦးတို့ကို ပညာရေး ကောလိပ်ကွာရန်တင်းစင်တာကို ပို့ဆောင်ထားသည်ဟု သိရှိရသည်။

နိုဝင်ဘာလ ၂၈ နေ့တွင် ၎င်းတို့ကို Test Kit နှင့် စစ်ဆေးပြီး ပိုးမတွေ့ရှိပါက ခိုးသွင်းသူ ၃ ဦးကို သဘာဝဘေးစီမံခန့်ခွဲ‌မှု ဥပဒေဖြင့် အရေးယူသွားမည်ဟု စခန်းမှူး ဦးမြင့်ကျော်မှ  ပြောသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ VOM/မြန်မာ 

ကွာရန်တင်းဝင်နေစဉ် အဆုံးစီရင်မှုဖြစ်ပွားခြင်း

ရွာငံရှိ ကွာရန်တင်းစင်တာ တစ်ခုတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

နိုဝင်ဘာလ ၄ ရက်‌နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်၊ မြို့ပြနဲ့အိမ်ယာ ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ ကွာရန်တင်းစင်တာတွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံးခဲ့ သည်ဟု ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

သေဆုံးသူသည် ရွာငံမြို့နယ်၊ မြိုင်ကျေးရွာတွင်နေထိုင်သည့် နေမျိုးဦး(၃၅ နှစ်) ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၀ ရက် နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်မှ ပြန်လာသည့်အတွက် မြိုင် အ-ထ-က တွင်ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာတွင် ထားရှိရာ ဆူပူသောင်းကျန်းနေသောကြောင့် ရွာငံရှိ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာ ကွာရန်တင်းစင်တာကို ရွေ့ပြောင်းထားရခြင်းဖြစ်သည်။

ကွာရန်တင်းစင်တာ၏ အပေါ်ထပ် အိမ်သာလက်ဆေးစင်ဘေး ပြတင်းပေါက်သံတိုင်တွင် ပုဆိုးကိုသုံးပြီး ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်သည့်အပြင် သေဆုံးသူအမျိုးသား၏ ကပ္ပယ်နှစ်လုံး ‌အောက်ကိုပြုတ်ကျနေသည်ဟု ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

လူသေဆုံးမှုနှင့်ပတ်သက်ပြီး ရွာငံ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ နှင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်ထားသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ VOM/မြန်မာ

ကွာရန်တင်းဝင်နေစဉ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခြင်း

တောင်ကြီးမြို့တွင် ကွာရန်တင်းဝင်နေသည့် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်တွင်ရှိသည့် တောင်ကြီးတက္ကသိုလ် ကွာရန်တင်းစင်တာရှိ နန်းဝတီအမျိုးသမီးဆောင်မှ ကွာရန်တင်းဝင်နေသည့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမည်မသိ (စုံစမ်းစဲ) အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

အဆိုပါအမျိုးသမီး ဘုရားဝတ်ပြုနေချိန် အမျိုးသားတစ်ဦးဝင်လာပြီး လည်ပင်းကို ဓါးနှင့်ထောက်ကာ “မအော်နဲ့တိတ်တိတ်နေ” ဟု ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့ပြီး အော်မည်ဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အခန်းထဲမှ ထွက်ပြေးသွားသည်ဟု သိရှိရသည်။

တောင်ကြီးတက္ကသိုလ် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးသန်းမင်းစိုးမှ “အမှုဖြစ်တာ မှန်ပါတယ်၊ အခု အမှုဖွင့်ထားပါတယ်၊ လောလောဆယ် စုံစမ်းဆဲမို့ ဘာမှတော့ အသေအချာမပြောနိုင်သေးပါဘူး”ဟု ပြောသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးကို ဆေးရုံကိုပို့ဆောင်ထားပြီး အလိုမတူ အဓမ္မပြုကျင့်သွားသည့် အမျိုးသားကို တောင်ကြီးမြို့မရဲစခန်းမှ (ပ)၅၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အရ အမှုဖွင့်ထားသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်၊ VOM/မြန်မာ

ရန်ကုန်တိုင်းဒေသကြီး 

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

ဆိပ်ကြီးခနောင်တိုတွင် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်က အုပ်ချုပ်ရေးမှူးကို အမှုဖွင့်

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် လက်ရှိ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

တိုင်ကြားရသည့် အကြောင်းအရင်းမှာ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့ အတွက် အလှူရှင်မိသားစုတစ်စုမှ လူနာတင်ယာဉ်ကား တစ်စီးလှူဒါန်းသည့် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ရာ လူ ၃၀ ဦးထက်ပိုသည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားခံရမှုနှင့် ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်သိန်းသည် အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ ဒီဗွီဘီ/မြန်မာ

 

မန္တလေးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆို ခံရခြင်းများ

နွားထိုးကြီးမြို့ရှိ ပုဂ္ဂလိကဆေးခန်းပိုင်ရှင် ၁ ဦးကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေဖြင့်အမှုဖွင့်

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ အမှတ် ၈ ရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် ပိတောက်ဝါ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်ကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း နွားထိုးကြီး မြို့မရဲစခန်းမှ သိရှိရသည်။

မြင်းခြံမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ  အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၇ ထိ အဆိုပါ ဆေးခန်းတွင် ကုသပေးခဲ့သည့်အတွက် လူနာနှင့် ထိတွေ့ခဲ့သည့် ဆေးခန်းပိုင်ရှင် ဒေါက်တာ ကျော်ကိုကိုနှင့် အကူသူနာပြုတစ်ဦးကို နိုဝင်ဘာ ၂ ရက်အထိ ကွာရန်တင်းဝင်ခိုင်းခဲ့ကာ ဆေးခန်းလုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာမှ တားမြစ်ခဲ့သည်။

သို့သော်လည်း ဆေးခန်းတွင် ပြင်ပလူနာ လက်ခံခြင်း၊ ဆေးခန်းရှိ လူနာများအား နေရပ်ပြန်လည်စေလွှတ်ခြင်း၊ ဆေးပေးခြင်း စသည့် ဆေးကုသရေးလုပ်ငန်းများ ဆက်လက် ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သတင်းပေး တိုင်ကြားလာတဲ့အတွက် သတ်မှတ်စည်းကမ်းလိုက်နာမှု မရှိတာကြောင့် ဒေါက်တာကျော်ကိုကိုအား နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နွားထိုးကြီးသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီမှ အမှုဖွင့် အရေးယူခဲ့သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ ဒီဗွီဘီ/မြန်မာ

မြင်းခြံတွင် ခရီးသွားရာဇဝင်အမှန်မပြောသူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ခရီးသွားရာဇဝင်ကို အမှန်မပြောဘဲ ရောဂါကူးစက်မှု ဖြစ်ပေါ်စေခဲ့သည့် ကိုဗစ်-၁၉ လူနာအမှတ် ၇၈၈ ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြင်းခြံမြို့မရဲစခန်းမှ ပြောသည်။

လူနာအမှတ် ၇၈၈ သည် ရန်ကုန်ကို သွားလာခဲ့သည့် ခရီးသွား ရာဇဝင်ရှိခဲ့သော်လည်း အမှန်မပြောသောကြောင့် လူနာမှတဆင့် ရောဂါကူးစက်သူများ ထပ်ပြီးရှိခဲ့သည့်အတွက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြင်းခြံမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းလူနာအမှတ် ၇၈၈ သည် သြဂုတ် ၃၁ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး လူနာမှတဆင့် နောက်ထပ် ၅၇ ဦးထိ ပြန့်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ ဒီဗွီဘီ/မြန်မာ

တရားဝင်ထုတ်ပြန်ထားသောအမိန့်အား လိုက်နာခြင်းမရှိဘဲ တရားမဝင် အနှိပ်ခန်းပြုလုပ်နေကြသူများအား အရေးယူ

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ည ၁၀ နာရီအချိန် တိုင်းမှုကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၆၃ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်ရှိ မောင်စိုး ၄၆ နှစ်၏နေအိမ်တွင် တရားမဝင် အနှိပ်ခန်းပြုလုပ်နေ ကြောင်းသတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ မန်နေဂျာ မောင်စိုးပါဆိုင်ဝန်ထမ်း အမျိုးသား(၃)ဦး၊ အနှိပ်သမ(၁၂)ဦး၊ လာရောက်အနှိပ်ခံသူ အမျိုးသား(၆)ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ Huawei ဖုန်း ၁ လုံး၊ မြန်မာငွေစက္ကူရောရာ ၆၇၅၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စက်မှုနယ်မြေရဲစခန်းမှ (ပ)၄၂၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၊ Mandalay Police ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂ ၈၁၁ ၇၃၄၈ 

ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅() ၉၇၉ ၅၈၈ ၁၀၁၆

မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ)    +၉၅() ၉၉၇ ၃၀၃ ၁၀၅၀

Final COVID-19 Newsletter in November (Burmese) ကိုဗစ်သတင်းလွှာဒေါင်းလော့ရယူရန်