၂၀၂၀ ခုနှစ် နိုဝင်ဘာလ လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

နိုဝင်ဘာလအတွင်း စုစုပေါင်း (၁၂) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၁၂) ဦးအနက်မှ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ရမ်းဗြဲ နှင့် ကျောက်ဖြူ မြို့နယ်တို့မှ အရပ်သား (၈) ဦး နှင့် IDP (၁) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊(ဃ)၊(ဈ)၊(ည)၊ ၅၂(က) တို့ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမား (၁) ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၄၄၇ ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အရပ်သား (၁) ဦး နှင့် တက်ကြွလှုပ်ရှားသူ (၁) ဦး သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်၊တရားစွဲဆိုခြင်း ကို ခံခဲ့ရသည်။

နိုဝင်ဘာလအတွင်း တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့မှ စုစုပေါင်း (၂၂၇) ဦးကို ဖမ်းဆီးခဲ့သည်။ ထို (၂၂၇) ဦးအနက် အရပ်သား (၂၂၃) ဦးမှာ ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်တော် နှင့် အမ်းမြို့နယ်များမှ ဖြစ်ကြပြီး ကျေးရွာအုပ်ချုပ်ရေး မှူး (၃) ဦးမှာ တောင်ကုတ် နှင့် ကျောက်ဖြူမြို့နယ်များမှဖြစ်ကာ IDP (၁) ဦးသည် မြောက်ဦးမြို့နယ်မှ ဖြစ်သည်။ 

နိုဝင်ဘာလအတွင်း စုစုပေါင်း (၅) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို (၅) ဦးအနက်မှ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ တက္ကသိုလ်ကျောင်းသား (၂) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၁) ဦး နှင့် အရပ်သား (၁) ဦးတို့ကို စွဲဆိုထားသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊၅၂(ခ) နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အလွတ်တန်းသတင်းထောက် (၁) ဦးကို စွဲဆိုထားသော မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁) စွဲချက်များကို သက်ဆိုင်ရာတရားရုံးအသီးသီးမှ ရုပ်သိမ်းပေးကြောင်း အမိန့်ချမှတ်ခဲ့ သည်။ 

နိုဝင်ဘာလအတွင်း စုစုပေါင်း (၂၁၁) ဦး လွတ်မြောက်ခဲ့သည်။ ထို (၂၁၁) ဦးအနက်မှ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) အဖွဲ့ဝင် (၁) ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ လယ်သမား (၁) ဦး နှင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အရပ်သား (၁) ဦးတို့သည် လွတ်ရက်စေ့သဖြင့် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၁) ဦး နှင့် အရပ်သား (၁) ဦး၊ ကချင် ပြည်နယ်၊ ဗန်းမော်မြို့မှ အလွတ်တန်း သတင်းထောက် (၁) ဦးတို့သည် ၎င်းတို့အား စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်း ပေးခဲ့သဖြင့် ပြန်လည် လွတ်မြောက်လာ ခဲ့ခြင်းဖြစ်ကာ ကျန် အရပ်သား (၂၀၃) ဦး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၂) ဦးတို့ သည် ကျောက်ဖြူ၊ မင်းပြား၊ စစ်တွေ၊ တောင်ကုတ် နှင့် အမ်းမြို့နယ်များမှ ဖြစ်ကြပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်မှုသံသယဖြင့် တပ်မတော်၏ဖမ်းဆီး စစ်ဆေးခြင်းကိုခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ကိုနေမျိုးဇင် နှင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ဝင် ကိုဇေယျာလွင်တို့သည် ကျန်းမာရေးကောင်းမွန်ခြင်း မရှိကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလအတွင်း အမည်မသိလက်နက်ကိုင်တစ်စုမှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ပဒါကျေးရွာတွင်နေထိုင်သည့် အရပ်သား (၁) ဦးကို ဖမ်းဆီးခဲ့သည်။

၎င်းပြင် နိုဝင်ဘာလအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်နေထိုင်သည့် အရပ်သား (၁) ဦး ကို ပြန်လည် လွှတ်ပေးခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ

နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ် ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ ထပ်တူဝမ်းမြောက် ဂုဏ်ယူမိပါသည်။ ထို့ပြင် NLD ပါတီမှ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီ ၁၀ ခုအပါအဝင် နိုင်ငံရေးပါတီ ၄၈ ပါတီကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အိတ်ဖွင့်ပေးစာပေးပို့၍ ဖိတ်ခေါ်ခဲ့သည်။ နောက်အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တို့တွင် တိုင်းရင်းသားများ၏ကဏ္ဍသည် အလွန်အရေးပါ သည့်အတွက် ထိုကဲ့သို့သော အပြုသဘောဆောင်သော တိုးတက်မှုကို ကြိုဆိုပါသည်။ အသစ်ပြန်လည်ဖွဲ့စည်းမည့် အစိုးရသည် အမျိုးသားပြန်လည် သင့်မြတ်ရေးအပြင် နိုင်ငံရေးအကျဉ်းသားအရေး၊ လယ်ယာမြေ နှင့် အလုပ်သမားအရေး၊ ကျောင်းသားများအရေး တို့ကို တစိုက်မတ်မတ် ဆောင်ရွက်ပါရန် တိုက်တွန်းပြီး နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ ဖိအားပေးမှုများရှိကြောင်းကိုလည်း တွေ့ရှိရပါ သည်။  နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်များအနက်မှ ဖြစ်စဉ်တချို့ကို အောက်တွင် ကောက်နုတ်ဖော်ပြထားပါ သည်။

ထိုအခြင်းအရာများသည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး လာမည့်ရွေးကောက်ပွဲများတွင်လည်း အလားတူဖြစ်ရပ်များဖြစ်ပွားခြင်းမရှိ စေရန် အတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ အမျိုးသားလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်၌ ရွေးကောက်ခြင်းခံထားရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးထိုက်ဇော်သည် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့်အစား လက်နက်ကိုင်၍ အကြမ်းဖက်ဖြေရှင်းခြင်းကို ရှုတ်ချပြီး ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ် အရေးယူမှုများပြုလုပ်ပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ  တိုက်တွန်း အပ်ပါသည်။ 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

နိုဝင်ဘာလအတွင်းတွင်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် တိုးတက်လာခြင်းမရှိဘဲ ယခင်လများကဲ့သို့ ဆက်လက် ကျဆင်းဆဲဖြစ်ပြီး ထိုအခွင့်အရေးကို ကျင့်သုံးသူများသည် ဖိနှိပ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်ကို တွေ့ရှိရသည်။ နိုဝင်ဘာလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဌ(၂) ကိုထက်အောင်နှင့် ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဌ ကိုကျော်ရဲသူတို့သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းတွင်နေထိုင်သည့်  မသဉ္ဇာသန်းမင်းသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် စွဲချက်တင်ခြင်းကို ခံခဲ့ရ သည်သာမက ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင် နှင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ ကြာလဟာကျေးရွာတွင် နေထိုင်သည့် ကိုနေဝင်းအောင် တို့သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ 

အသွင်ကူးပြောင်းရေးကိုဖော်ဆောင်လျက်ရှိသော မြန်မာနိုင်ငံအဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ပေး ရမည် ဖြစ်သော်လည်း ထိုအခွင့်အရေးကို ဆက်လက် ကန့်သတ်၊ဖိနှိပ်ခြင်းသည် အတိုက်အခံများ နှုတ်ဆိတ်သွားစေရန် စစ်အာဏာရှင် တို့ကျင့်သုံးသော လမ်းစဉ်ဖြစ်သည်။ အခြေခံအခွင့်အရေးတစ်ခုဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုပင် ကာကွယ် ပေးနိုင်ခြင်းမရှိလျှင် အခြားအခြေခံအခွင့်အရေးများကိုလည်း ကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ အခြားတစ်ဖက်တွင်လည်း ထိုအခွင့်အရေးကိုကျင့်သုံးခြင်းမှ တားဆီးထားသော ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊(ခ)၊ ပုဒ်မ ၅၀၀၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) စသည်တို့ကို ပြင်ဆင်နိုင်ခြင်း မရှိသေးခြင်းမှလည်း အလွယ်တကူ ဖမ်းဆီးမှုများ နှင့် တရားစွဲဆိုမှုများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အစိုးရမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်သောအားဖြင့် ထိုဖိနှိပ်ထားသောဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်ခြင်း၊ ထိုအခွင့်အရေးကို ကာကွယ်ပေးထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) ကို လိုက်နာ၍ ကျင့်သုံးဆောင်ရွက်ခြင်း၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR) ကို အတည်ပြုလက်မှတ်ရေးထိုးခြင်း၊ ထိုအခွင့်အရေးကို ကျင့်သုံးသောကြောင့် ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးခြင်းတို့ကို နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိသောပဋိပက္ခများ

နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲများပြီးဆုံးပြီးနောက် ယခင်လများနှင့်နှိုင်းယှဉ်လျှင် တိုက်ပွဲများလျော့နည်းသွားခဲ့ သော်လည်း ဖမ်းဆီး၊ တရားစွဲဆိုမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ နိုဝင်ဘာလ အတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက်မှ ဖြစ်စဉ်အချို့ကို အောက်တွင် ထုတ်နုတ်ဖော်ပြထားပါသည်။

  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းအုပ်စုရှိ ချစ်ပုံမကျေးရွာမှ ဦးကျော်နုမောင်သည် တပ်မတော် စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးစစ်ဆေးစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရသောကြောင့် ဒဏ်ရာများရရှိသွားခဲ့ ခြင်း
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကံဖေကျေးရွာမှ ကိုထွန်းထွန်းဝင်းသည် တပ်မတော်စစ်ကြောင်းတစ်ခု၏ ရိုက်နှက်ခြင်းကိုခံခဲ့ရသောကြောင့် ဦးခေါင်း၌ ဒဏ်ရာရရှိသွားခဲ့ပြီး မြောင်းဘွေဆေးရုံး၌ ငါးချက် ချုပ်ခဲ့ရခြင်း
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ဒေသခံ ဦးကျော်လှစိန်သည် စက်လှေဖြင့် မြစ်အတွင်း ဂဏန်းမျှားနေစဉ် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး အလယ်စုစနဲကျေးရွာမှ ကိုလှိုင်ထွန်းသည် ဖမ်းဆီးခြင်းကိုခံခဲ့ရ ခြင်း
  • ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့မှ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းခံထားရသော အမျိုးသမီးတစ်ဦးကို လာရောက်ဖမ်းဆီးသွားခဲ့ခြင်း

ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ မင်းပြား နှင့် မြေပုံမြို့နယ်တို့တွင် ပစ်ခတ်မှုများကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး အရပ်သား သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
  •     ရှမ်းပြည်နယ်၊ နမ့်ခမ်း နှင့် ကျောက်မဲမြို့နယ်တို့တွင် ပစ်ခတ်မှုကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  •     ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် ကလေးငယ် လေးဦး အပါအဝင် အရပ်သား ခြောက်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  •     ရခိုင်ပြည်နယ်၊ အမ်း၊ မင်းပြား နှင့် ကျောက်တော်မြို့နယ်တို့တွင် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  •     ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား သုံးဦး သေဆုံးခဲ့ပြီး ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်လက်ကျန်ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  •     ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်လက်ကျန်ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ဒေသတွင်း လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်မှာ နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများ သည် ထိုတိုက်ပွဲများ၏ ပြင်းထန်သော အကျိုးဆက်ကို ရင်ဆိုင်ခံစားနေကြရဆဲဖြစ်သည်။ ရွေးကောက်ပွဲ ပြီးဆုံးပြီး နောက်တစ်နေ့တွင် တပ်မတော်မှ ထုတ်ပြန်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တွင် တပ်မတော်၏ ငြိမ်းချမ်းရေးကော်မတီအား ဖွဲ့စည်းကြောင်း ဖော်ပြထားပြီး ထိုကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်း နှင့် ထာဝရ ငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံး သည်အထိ လိုအပ်သည်များအား ဆွေးနွေးသွားရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုကဲ့သို့ ငြိမ်းချမ်းရေးကော်မတီအား ဖွဲ့စည်း၍ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည်ကို ကြိုဆိုပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နေစဉ် အတွင်း၌ ဒေသခံ ဌာနေတိုင်းရင်းသားများ ဆိုးရွားသော ထိခိုက်မှုများမရှိစေရန် လက်နက်ကိုင်တိုက်ပွဲများကို လျော့ချရန် အတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

ထို့ပြင် အစိုးရသစ်သည် စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိနိုင်ရန်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ညှဉ်းပန်းနှိပ်စက်မှုမှ ထိရောက်စွာတားဆီးကာကွယ်နိုင်ရန်အတွက်လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြိမ်ဖန်များစွာ တိုက်တွန်းလျက်ရှိသည့် ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်(UNCAT)ကို အတည်ပြု လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ သို့အတွက် ထိုသဘောတူစာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးပါရန် တိုက်တွန်းအပ်ပါသည်။

အာဏာပိုင်အဖွဲ့အစည်းများမှကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိသော အာဏာပိုင်အဖွဲ့အစည်းများမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် နေဆဲကလည်း စိုးရိမ်ဖွယ်ရာဖြစ်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် အရပ်ဝတ်များ ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးမှ အရပ်သား တစ်ဦးဖြစ်သူ ဦးကိုကိုချစ်အား သာကေတမြို့နယ် အမှတ်(၂) ရဲစခန်းသို့ခေါ်ဆောင်၍ ရိုက်နှက် စစ်ဆေးခဲ့သည်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ လိုတရ ရွှေစံလှပေါက်စီမုန့်တိုက်တွင် ကလေး လုပ်သား ခိုင်းစေခြင်း နှင့်ပတ်သက်၍ အဓိကရုဏ်းဖြစ်စဉ်တွင်  ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ ၎င်းအား မေးမြန်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ဥပဒေကို ကြပ်မတ်ထိန်းသိမ်းသူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များတွင် ညှဉ်းပန်းနှိပ်စက်မှုမှ ကာကွယ်မှု ပေးထားသည်။ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ ညှဉ်းပန်းနှိပ်စက်မှုကို ခွင့်ပြုထားခြင်းမရှိသော်လည်း ထိုအရာကို အစဉ်အလာတစ်ရပ်ကဲ့သို့ ဆက်လက်ကျင့်သုံးလျက်ရှိခြင်းကို အမြန်ဆုံး ရပ်တန့်ရမည်ဖြစ်သည်။ ထို့ပြင် ထပ်မံ ကျူးလွန်ခြင်းမရှိစေရန် အစီအမံများကိုချမှတ်၍ လုပ်ဆောင်ရမည်ဖြစ်သည့်အပြင် အာဏာပိုင်အဖွဲ့အစည်းများတွင် ပါဝင် လုပ်ဆောင်နေကြသူများကို လူ့အခွင့်အရေး၊ ညှဉ်းပန်းနှိပ်စက်မှုတို့မှ တားဆီး၊ကာကွယ်ရေးစသည့် သင်တန်းများကို ပို့ချပေးရ မည်ဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်မှုပြုပေးခြင်းအားဖြင့် နိုင်ငံသားများ၏ သိက္ခာရှိစွာ ရှင်သန်ရပ်တည်ခွင့် နှင့် လုံခြုံခွင့်တို့ကို မြှင့်တင်မှုပြုပေးပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တိုက်တွန်းအပ် ပါသည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁ ၇၃၄၈

လစဉ်အစီရင်ခံစာအားဒေါင်းလော့ရယူရန် Burmese Chronology and MiR for November

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 35 Remaining PP Burmese List Updated on 30 November

အမှုရင်ဆိုင်ဆဲစာရင်း ဒေါင်းလော့ရယူရန် 555 Facing Trial List (English) Updated on 30 November 2020

၆၆(ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated