၂၀၂၀ အောက်တိုဘာလ ကိုဗစ်-၁၉ သတင်းလွှာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါနှင့်ဆက်နွယ်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလကတည်းကစတင်၍ မှတ်တမ်းပြုစု လေ့လာ သုံးသပ်မှုများ ပြုလုပ်ကာ ကိုဗစ်သတင်းလွှာအား လစဉ် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ နှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် စာရင်းများကိုလည်း ကိုဗစ်-၁၉ သတင်းလွှာနှင့်အတူ မှတ်တမ်းပြုစု၍ လစဉ် ထုတ်ပြန်လျက်ရှိသည်။ ယခုအခါ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တွင်  ပြည်တွင်း ကိုဗစ်ကူးစက်ဖြစ်ပွားမှု ပြန်လည်တွေ့ရှိလာရပြီးနောက် ရန်ကုန်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များတွင်လည်း ကူးစက်ဖြစ်ပွားမှုများ ထပ်မံတွေ့ရှိလာရသည်။ ကိုဗစ်ဒုတိယလှိုင်းသည် ရန်ကုန်မြို့ကို အများဆုံးရိုက်ခတ်ခဲ့ပြီး ယခုအချိန်တွင် ကိုဗစ် – ၁၉ ရောဂါကူးစစ်ခံရသူနှင့် သေဆုံးသူအရေအတွက်ပိုမိုများပြားလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြိုနယ်များအား Stay at Home သတ်မှတ်ထားသည်။  အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၅၂၇၀၆ ဦးရှိလာပြီ သေဆုံးသူမှာ ၁၂၃၇ ဦးရှိပြီဖြစ်သည်။

ထို့ပြင် လက်ရှိကာလတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်–၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကူးစက်နှုန်း မြင့်မား နေချိန်ဖြစ်သည်။ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုသည် ထိန်ချုပ်နိုင်ရန် ခက်ခဲပြီး စိုးရိမ်စရာကောင်းသော အခြေအနေတစ်ရပ်ဖြစ်နေသည်။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်တွင် အောက်တိုဘာလ ၈ ရက်နေ့တွင် အကျဉ်းသား ၁၆ ဦး ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြု ထုတ်ပြန်ပြီးနောက် ပိုးတွေ့လူနာများနှင့်ထိတွေ့မှုရှိသော အကျဉ်းသားနှင့် ထောင်ဝန်ထမ်း ၂၅၂ ဦး စစ်ဆေးခဲ့ရာ အကျဉ်းသား ၁၅၇ ဦးနှင့် ဝန်ထမ်း ၂ ဦးတို့တွင် ပိုးတွေ့ရှိခဲ့သည်။ ၎င်းအပြင် ပျဉ်းမနား အချုပ်တွင် အချုပ်သားနှင့် ဝန်ထမ်း ၃၇ ဦးတို့တွင် ကူးစက်ခံရပြီး၊ မအူပင်အကျဉ်းထောင်တွင် အကျဉ်းသားနှင့် ထောင်ဝန်ထမ်းအပါအဝင် ၁၀၆ ဦးအား ကူးစက်ခြင်း ခံထားရပါသည်။ ထိုအခြင်းအရာသည် အကျဉ်းထောင်များ၊ အချုပ်ထောင်များ နှင့် ရဲဘက်စခန်းများရှိ အကျဉ်းသားများ အတွက် စိုးရိမ်ဖွယ်ရာ အနေအထား တစ်ရပ်ဖြစ်ပြီး အကျဉ်းထောင်တွင်း အကျဉ်းသားဦးရေ ထူထပ်လျက်ရှိခြင်းကြောင့် ကူးစက်မှု ဖြစ်ပေါ်ပါက ထိန်းချုပ်နိုင်ရန်ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန် ကာလအတွင်း မလိုလားအပ်သော ဖမ်းဆီးမှုများကို ရပ်တန့်ရမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းသား၊ အချုပ်သား မည်မျှအထိ ကူးစက်ခြင်းခံထားရသည်၊ မည်ကဲ့သို့ တားဆီး ကာကွယ်မှုများကို လုပ်ဆောင်လျက်ရှိသည်တို့ကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားရန် လိုအပ်လျက်ရှိကြောင်း သုံးသပ်အပ်ပါသည်။

အောက်တိုဘာလအတွင်းတွင် ကွာရန်တင်းစင်တာများ၌နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၉၊ ၃၀(က)  ဖြင့် တရားစွဲဆိုခံရသူ ( ၆၃ ) ဦးရှိပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၉၊၃၀(က) ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၂၀) ဦး ရှိသည်။ ထို့ပြင် ကိုဗစ်ကာလအတွင်း ညမထွက်ရအမိန့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ စုစုပေါင်း ( ၅၂ ) ဦးရှိသည်။ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အမိန့်ချခံရသူ ( ၁ ) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ ဖြင့် တရားစွဲဆိုခြင်းခံရသူ ( ၁ ) ဦးရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူများ

အောက်တိုဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများစာရင်းနှင့် ကွာရန်တင်းဝင်နေသူများ စာရင်းအား လေ့လာ၍ မှတ်တမ်းပြုခဲ့ပါသည်။ အောက်တိုဘာလကုန်အထိ AAPP မှ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများ နှင့် ကွာရန်တင်းဝင်နေသူ ဦးရေကို အောက်ဖော်ပြပါဇယားတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

http://mohs.gov.mm/su/jyqs4294JY

အချုပ်ထောင်၊ အကျဉ်းထောင်များအတွင်း ကိုဗစ်၁၉ ကူးစက်ခံရခြင်းများ 

သာယာဝတီအကျဉ်းထောင်ရှိ အကျဉ်းသား ၁၅၇ ဦး၊ ဝန်ထမ်းနှစ်ဦး နှင့် သင်တန်းကျောင်းအလုပ်ရုံမှ တစ်ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား အပါအဝင် ၂၅၂ ဦးအား သာယာဝတီခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန Covid-19 Swab Team မှ စစ်ဆေးရာ ၁၆၀ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသည်ဟု သိရှိရသည်။ အဆိုပါ အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့်စပ်လျဉ်းပြီး ၁၆ ဦးတွင် ပိုးတွေ့ရှိကြောင်း အောက်တိုဘာလ ၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြု ထုတ်ပြန်ထား သည်။ ယင်းနောက် ပိုးတွေ့လူနာများနှင့်ထိတွေ့မှုရှိသော အကျဉ်းသားနှင့် ထောင်ဝန်ထမ်းတချို့ကို ထပ်မံစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများမှ ဆိုသည်။ သာယာဝတီဗဟိုအကျဉ်းထောင် အိပ်ဆောင်အမှတ် ၁၁ ရှိအကျဉ်းသား ၂၄၁ ဦး၊ သင်တန်းကျောင်းရှိ အကျဉ်းသား ၁၀ ဦး ၊ ဝန်ထမ်း နှစ်ဦး စုစုပေါင်း ၂၅၂ ဦး အားစစ်ဆေးရာ အိပ်ဆောင်အမှတ် ၁၁ ရှိ အကျဉ်းသား ၂၄၀ ဦးအနက်မှ ၁၅၇ ဦး၊ သင်တန်းကျောင်းအလုပ်ရုံ မှ တစ်ဦး ဝန်ထမ်း နှစ်ဦး တို့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ Bago weekly Journal ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ 7 Day News/မြန်မာ

ပျဉ်းမနားအချုပ်ခန်းတွင် ကိုဗစ်၁၉ ကူးစက်ခံရသူ ၄၀ နီးပါး ရှိလာ 

ပျဉ်းမနားအချုပ်ခန်းအတွင်းရှိ အချုပ်သားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ဆက်စပ် အချုပ်သားများနှင့်  ရဲဝန်ထမ်းများကို အသွားအလာကန့်သတ်၍ ဓါတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ  အချုပ်သားအားလုံးနှင့် ရဲဝန်ထမ်း သုံးဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးမှ ပြောကြားခဲ့သည်။ ဆက်စပ် အချုပ်သား ၃၀ နှင့် ရဲဝန်ထမ်း ၃ ဦး တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းမှ ဆိုသည်။  လက်ရှိတွင် ပျဉ်းမနား အချုပ်တွင် ပထမဆုံးပိုးတွေ့ အချုပ်သားအပါအဝင် ဆက်စပ်ပိုးတွေ့လူနာ စုစုပေါင်း ၃၇ ဦး ရှိပြီ ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ အီလဲဗင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ 7 Day News/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ One News Myanmar ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

မအူပင်အကျဉ်းထောင်အတွင်း အကျဉ်းသားနှင့် ဝန်ထမ်းများ အပါအဝင် လူပေါင်း ၁၀၆ ဦး၌ ကိုဗစ်၁၉ ရောဂါပိုး ကူးစက်ခြင်းခံထားရ

အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ မအူပင်အကျဉ်းထောင်တွင် အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများအပါအဝင် လူပေါင်း ၁၀၆ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ မအူပင်အကျဉ်းထောင်၌ ချုပ်နှောင်ထားသည့် အချုပ်သားတစ်ဦးတွင် ကိုဗစ်သံသယရှိသဖြင့် အောက်တိုဘာလ ၂၃ ရက်နေ့ တွင် မအူပင်ဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် စစ်ဆေးခဲ့ရာ ရောဂါပိုးကူးစက်ခြင်းခံထားရသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အဆိုပါအချုပ်သားနှင့်အတူ တစ်ဆောင်တည်း နေထိုင်ခဲ့သည့် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းအချို့အပါအဝင် လူပေါင်း ၁၅၀ ဦးကို စစ်ဆေးခဲ့ရာ ၆၉ ဦး၊  အောက်တိုဘာ ၂၇ ရက်နေ့တွင် ၃၅ ဦး၊ အောက်တိုဘာ ၂၈ ရက်တွင် လွတ်ရက်စေ့ အကျဉ်းသား သုံးဦးအား ထပ်မံစစ်ဆေးရာတွင် နှစ်ဦးထံတွင် ရောဂါအတည်ပြုချက် ထပ်မံတွေ့ရှိသောကြောင့် စုစုပေါင်း ကိုဗစ်လူနာ ၁၀၆ ဦးအထိ ရောဂါပိုး ကူးစက် ခြင်းခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ မအူပင်အကျဉ်းထောင်မှ ပိုးတွေ့လူနာများ ထဲတွင် အကျဉ်းသား ၉၄ ဦး၊ ထောင်မှလွတ်ရက်စေ့သူ ၃ ဦး၊ အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် ထောင် ဝန်ထမ်းမိသားစု ၄ ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။ သုံးရက်အတွင်း စစ်ဆေးခဲ့ရာ ၂၅၈ ဦးမှာ ၁၀၆ ဦးတွင် ပိုးတွေ့သည်ဟု သိရှိရသည်။ လက်ရှိတွင် မအူပင်အကျဉ်းထောင်နှင့်ပတ်သက်၍ ပိုးတွေ့လူနာ ၁၀၆ ဦးအနက် ထောင်မှလွတ်ရက်စေ့သူ ၅ ဦး၊ အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် ထောင် ဝန်ထမ်းမိသားစု ၄ ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကို မအူပင် ခရိုင် ကျန်းမာရေး ဌာနက မအူပင်မြို့၊ အစိုးရကွန်ပျူတာတက္ကသိုလ် ကုသဆောင်သို့ ပို့ဆောင်၍ ကုသမှုများ ဆောင်ရွက်နေသည်။ ကျန်ရှိပြစ်ဒဏ်ကျ အကျဉ်းသားပိုးတွေ့လူနာ ၉၃ ဦးကို မအူပင် အကျဉ်းထောင်ရှိ သီးခြားအဆောင်တွင် ထားရှိကာ မအူပင်ခရိုင်ကျန်းမာရေးဌာနက အနီးကပ် စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ ဧရာဝတီ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ဧရာဝတီ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ အီလဲဗင်း/မြန်မာ

ကရင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်တရားစွဲဆိုခံရခြင်းများ

 မြဝတီအမှတ် () တံတားတွင် လူစုလူဝေးဖြင့် ဆန္ဒပြခဲ့သည့် အမျိုးသား လေးဦးအား အမှုဖွင့်

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်မှ တရားလိုပြုလုပ်၍ မြဝတီအမှတ် (၂) တံတားတွင် လူစုလူဝေးဖြင့် ဦးဆောင် ဆန္ဒပြခဲ့ကြသည့် ကိုသားကြီး၊ ကောင်းပြည့်စုံ၊ ဇော်ဦးနှင့် အမည်မသိအမျိုးသားတစ်ဦးတို့အား ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခဲ့ သည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ၎င်းတို့လေးဦးမှ ဦးဆောင်၍ ထိုင်းဘက်မှ ကုန်တင်ယာဉ်များ မြန်မာဘက်ခြမ်းသို့ ဝင်ရောက်မလာစေရန် ကားများဖြင့်လမ်းပိတ်ဆို့၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

မွန်ပြည်နယ်

ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 မွန်ပြည်နယ်တွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူများကို ထောင်ဒဏ် ချမှတ်

အောက်တိုဘာလအတွင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တရားရုံးနှင့် ဘီးလင်းမြို့နယ်တရားရုံးတို့မှ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ခဲ့သည့် မော်လမြိုင်မြို့မှ ကိုးဦးနှင့် ဘီးလင်းမြို့မှ နှစ်ဦး တို့အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ ဒီဗွီဘီ/မြန်မာ

ရခိုင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်တရားစွဲဆိုခံရခြင်းများ

 အမ်းမြို့တွင် ဆိုင်ထိုင်စားခွင့်ပြုသည့် ထမင်းဆိုင်ပိုင်ရှင်နှင့် စားသုံးသူနှစ်ဦး ဖမ်းဆီး တရားစွဲဆိုခြင်းခံရ

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃)ရက်ကွက်ရှိ ထမင်းဆိုင်တွင် ဆိုင်ထိုင်စားခွင့်ပြုခဲ့သည့် ဆိုင်ပိုင်ရှင် ဒေါ်ခင်သီတာနှင့် စားသုံးသူနှစ်ဦးသည် အောက်တိုဘာလ ၇ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ၂၅/၃၀(က) ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံခဲ့ရသည်။ အမ်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုးမှ တရားလိုပြုလုပ်ကာ ၎င်းတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ၎င်းမြို့ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးစဉ် ဒေါ်ခင်သီတာ ထမင်းဆိုင်၌ ဆိုင်ထိုင်စားခွင့်ပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ BNI Online News/မြန်မာ

ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

သံတွဲတွင် ကိုဗစ်ကာလ ညမထွက်အရအမိန့်ကို ဖောက်ဖျက်ခဲ့သူ ၂၆ ဦးကို ထောင်ဒဏ်ချမှတ်

စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ခဲ့သူ ၂၆ ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့ကြောင်း သံတွဲမြို့နယ်တရားရုံးမှ သိရှိရသည်။ ၎င်းတို့ကို သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ DMG/မြန်မာ

 တောင်ကုတ်မြို့တွင်  ညမထွက်ရအမိန့်ကို ဖောက်ဖျက်ခဲ့သူ ၁၅ ဦးကို ထောင်ဒဏ်  ချမှတ်

စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းတွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ညမထွက်ရအမိန့်ကို ဖောက်ဖျက် ခဲ့သူ ၁၅ ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ကြောင်း ဒေသအာဏာပိုင်များထံမှသိရှိရသည်။

ထို့ပြင် သံတွဲမြို့နယ်တွင်လည်း စက်တင်ဘာလမှ အောက်တိုဘာလ ၁၅ရက်နေ့အထိ ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ၂၆ ဦးအား ထောင်ဒဏ် တစ်လစီချက်မှတ်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ DMG/မြန်မာ

ရန်ကုန်တိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

 နေအိမ် Lockdown ပြုလုပ်သည်ကို လက်ခံခြင်းမရှိသော အမျိးသမီးသုံးဦးအား အမှုဖွင့်

အောက်တိုဘာလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်း ကျေးရွာတွင် နေအိမ်အား Lockdown ပြုလုပ်သည်ကို လက်ခံခြင်းမရှိသော မဥမ္မာဌေး၊ မထက်ထက်နှင့် မသီတာအေးတို့ သုံးဦးအား လှော်ကားနယ်မြေရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆/၃၀(က) ဖြင့် အမှုဖွင့်အရေးယူထားသည်။ ထိုအမျိုးသမီးသုံးဦး၏ ဖခင်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခြင်းခံနေရကြောင်း ဆေးစစ်ချက်အရ သိရှိရသဖြင့် ယင်းနေအိမ်ကို Lockdown ပြုလုပ်ရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့သည်။ ရောဂါပိုးတွေ့ရှိသူ အမျိုးသားနှင့်ထိစပ်ခဲ့သော ယင်းမိသားစုမှ သမီးဖြစ်သူ မဥမ္မာဌေး၊ မထက်ထက်နှင့် မသီတာအေးတို့ သုံးဦး ကွာရန်တင်းဝင်ရန် မြို့နယ်ကျန်းမာရေးအဖွဲ့မှ ဆောင်ရွက်စဉ် ၎င်းတို့မှ ငြင်းဆန်ခဲ့ပြီး မသီတာအေးမှ Lockdown ပြုလုပ်ရန် တားဆီးထားသော စည်းကြိုးများကို ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသ‌ရေးဦးစီးဌာနမှ တိုင်ကြားလာသဖြင့် ၎င်းတို့အား အမှုဖွင့်အရေးယူထားခြင်းဖြစ်ကြောင်း သိရှိရ သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ The Voice/မြန်မာ

Music Zone ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ သင်္ဃန်းကျွန်း မြို့နယ်၊ သုမင်္ဂလာလမ်းပေါ်ရှိ Music Zone ဆိုင်ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာတို့အား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် လူနာအမှတ် ၇၄၁ နှင့် ထိတွေ့ခဲ့သည့် Music Zone မှ ဝန်ထမ်းအမျိုးသမီး နှစ်ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့အထိ ယင်းပိုးတွေ့လူနာမှ တစ်ဆင့် ကူးစက်ခြင်းခံခဲ့ရသူ ၉၂ ဦးထိ ရှိလာခဲ့သည်။ Music Zone ဆိုင်ပိုင်ရှင်သည် ကိုဗစ်ကာလအတွင်း ယခင် စားပွဲဝိုင်း ၁၀၀ ရှိရာမှ ၃၀ ဝိုင်းသာ ထားပြီး ကိုဗစ် စည်းကမ်းချက်များကိုလည်း လိုက်နာမည်ဟု ပြောဆိုထားသော်လည်း ဆိုင်ကို သွားရောက် စစ်ဆေးရာတွင် စားပွဲဝိုင်း ၃၀ အတွက် ဝန်ထမ်း ၁၁၉ ဦး ခန့်ထားခြင်းကို တွေ့ရှိခဲ့ရကြောင်း မြို့နယ် ကိုဗစ်ကော်မတီ နာယကဖြစ်သည့် သင်္ယန်းကျွန်းမြို့နယ်၊ တိုင်း (၂) လွှတ်တော်အမတ် ဦးမောင်မောင်ဦးမှ ပြောကြားခဲ့သည်။ အဆိုပါ ဆိုင်ပိုင်ရှင်သည် ကိုဗစ်ကော်မတီမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်း၊ ဆိုင်ဝန်ထမ်း ၁၁၉ ယောက်အနက် ၉၂ ယောက်တွင် ကိုဗစ်ပိုး တွေ့ရှိခြင်းတို့အပေါ် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းမှ ဆိုသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ  ၁ ရက်၊ဧရာဝတီ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ VOM/မြန်မာ

ကိုဗစ်၁၉ကာလအတွင်း အဆုံးစီရင်မှုဖြစ်ပွားခြင်း

 ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသား တစ်ဦး အဆုံးစီရင်

အောက်တိုဘာလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀) ရပ်ကွက်၊ မေတ္တာလမ်းမကြီးရှိ နေအိမ်တစ်အိမ်၌ ကိုဗစ်ကာလအတွင်း အလုပ်ရှာမရ၍ မိသားစုစားဝတ်နေရေးခက်ခဲမှုကို ရင်ဆိုင်နေရသော အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် သုံးလသားအရွယ် သားငယ်ဖြစ်သူအတွက် နို့မှုန့်ကိစ္စဖြင့် လင်မယားချင်း စကားများခဲ့ပြီးနောက် သေဆုံးသူ၏ အမျိုးသမီးမှ  နို့မှုန့်ဝယ်စဉ် ခင်ပွန်းဖြစ်သူ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။ အဆုံးစီရင်သွားသူသည် ကျပန်းပန်းရံလုပ်ကိုင်သူဖြစ်ပြီး ယခုငှားနေသည့် ကျူးကျော်နေအိမ်ကို ပြောင်းလာသည်မှာ တစ်လပင် မရှိသေးကြောင်း အိမ်နီးနားချင်းများမှ ပြောကြား ခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ Mizzima /မြန်မာ

မကွေးတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

ချောက်မြို့တွင် ရည်းစားနှင့်ချိန်းတွေ့ရန် ကွာရန်တင်းစင်တာ အပြင်ထွက်သူ အမှုဖွင့်ခြင်းခံရ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အေးစေတီရပ်ကွက်ရှိ မဟာစည်ရိပ်သာ ကွာရန်တင်းစင်တာ၌  ကွာရန်တင်းဝင်နေသည့် ကိုသန်းမြင့်ထွန်းသည် ရည်းစားနှင့်ချိန်းတွေ့ရန် ကွာရန်တင်းစင်တာအပြင်သို့ ထွက်သောကြောင့်  အောက်တိုဘာလ ၁၂ ရက်နေ့တွင် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူခြင်းခံခဲ့ရသည်။ ၎င်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမြဖောင်းမှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။  အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကိုသန်းမြင့်ထွန်းသည် ကွာရန်တင်းစဝင်ခဲ့ခြင်းဖြစ်ပြီး စဝင်သည့်နေ့ ညပိုင်းအချိန် တွင် စင်တာအပြင်ဘက်ထွက်၍ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ The Voice/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ဖမ်းဆီး/တရားစွဲဆိုခံရခြင်းများ

ဆိပ်ဖြူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရိုင်းပျစွာ ပြုမူခဲ့သည့် အမျိုးသားသုံးဦးကို အမှုဖွင့်

အောက်တိုဘာလ ၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး ဦးနေလင်းမှ ဆိပ်ဖြူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးနေစဉ် ရိုင်းပျစွာ ပြုမူခဲ့သည့် ကိုသက်ကို၊ ကိုပြည့်စုံအောင် နှင့် ကိုကျော်မြင့်အောင်တို့ သုံးဦးအား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ ဖြင့်  အမှုဖွင့်အရေးယူခဲ့သည်။ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် ချောက်မြို့ဘက်မှ ၎င်းတို့သုံးဦး လိုက်ပါလာသည့် သုံးဘီးယာဉ်တစ်စီးကို စစ်ဆေးရေးဂိတ်အရောက်တွင် Mask တပ်ဆင်မှု ရှိ၊မရှိ စစ်ဆေးခြင်းနှင့် ခရီးသွားထောက်ခံစာ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ သုံးဦးသည် စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ကိုယ်အမူအရာ ရိုင်းပျစွာ ပြုမူခြင်းများ ပြုလုပ်ခဲ့သောကြောင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ ဒီဗွီဘီ/မြန်မာ

ကွာရန်တင်းဝင်နေစဉ် အဆုံးစီရင်မှုဖြစ်ပွားခြင်း

ချောက်မြို့၌ ကွာရန်တင်းဝင်နေသည့် အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံး

အောက်တိုဘာလ ၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ် ၁၄ ရပ်ကွက်ရှိ ကွာရန်တင်းပြုလုပ်ထားသည့် နေအိမ်၌ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသွားသည်ဟု ယာတောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။ သေဆုံးသူသည် တစ်ဦးတည်း ကွာရန်တင်းဝင်နေချိန် စိတ်ဖောက်ပြန်ပြီးကြိုးဆွဲချသေဆုံးသည်ဟု ရဲတပ်ဖွဲ့မှ  သုံးသပ်ထားကာ သေမှုသေခင်းအမှတ်စဉ်-၁၁/၂၀၂၀ ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရသည်။ သေဆုံးသူသည် မည်သည့် နေရာဒေသမှ ပြန်လာသည်ကို သိရှိရခြင်းမရှိသည့်အတွက် မိသားစုမှ ကိုဗစ်ကော်မတီကို အကြောင်းကြားပြီး ကွာရန်တင်းဝင်ခိုင်းခဲ့သည်။ ၎င်းကို မြို့နယ်ကွာရန်တင်းလုပ်သည့်နေရာသို့ ပို့မည်ဟု ပြောသော်လည်း ရပ်မိရပ်ဖများနှင့် မိဘများမှ နီးနီးနားနားတွင်ရှိသည့် လူနေထိုင်ခြင်းမရှိသော အိမ်ကြီးတွင်ထားလျှင်အဆင်ပြေမည်ဟုဆိုကာ ထားလိုက်ခြင်း ဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ VOM/မြန်မာ

ပဲခူးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ဖမ်းဆီး/တရားစွဲဆိုခံရခြင်းများ

ကိုဗစ်အသိပေးချက်ထုတ်ပြန်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းရန်ရှာသူအား အမှုဖွင့်ဖမ်းဆီး

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်မှ တရားလို ပြုလုပ်၍ ရွှေပြည်ကုန်းကျေးရွာနေ ကိုဝေဖြိုးအောင် (ခ) သားကြီး ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းအချိန်တွင် ကိုဝေဖြိုးအောင် (ခ) သားကြီးသည် ရွှေပြည်ကုန်းကျေးရွာ၌ ကိုဗစ်အသိပေးချက် ထုတ်ပြန်နေသည့် ကျေးရွာအုပ်ချုပ်ရေးနှင့်အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဂေါ်ပြားနှင့် ရွယ်ကာရန်ရှာခဲ့သည်။  ထို့ကြောင့် ရေတာရှည်မြို့မရဲစခန်းမှ ၎င်းအား ညတွင်းချင်း ဖမ်းဆီးခဲ့သည်။

 ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ VOM/မြန်မာ

 ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

ပါဆယ်ပစ္စည်းကိုယ်တိုင်ထွက်ယူရန် တားမြစ်သည်ဟုဆိုကာ ကွာရန်တင်းစင်တာ၌ ကူညီလုပ်ကိုင်ပေးသူကို ဝိုင်းဝန်း ရိုက်နှက်ခဲ့သည့် အမျိုးသား ရှစ်ဦးကို အမှုဖွင့်

အောက်တိုဘာလအတွင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မရဲစခန်းမှ တောင်ငူမြို့ TTC ကျောင်းဟောင်းရှိ ကွာရန်တင်း စင်တာတွင်  လာရောက်ကူညီလုပ်ကိုင်ပေးသူ ဦးအောင်ဇော်လင်းအား ရိုက်နှက်ခဲ့သည့် ဦးသိန်းထွန်းအပါအဝင် အမျိုးသား ရှစ်ဦးကို  သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၆/၃၀ (က)ဖြင့် အမှုဖွင့်ခဲ့သည်။ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေတွင် တောင်ငူမြို့ TTC ကျောင်းဟောင်းရှိ ကွာရန်တင်းစင်တာ၌ ကွာရန်တင်း ဝင်ရောက်နေသည့် ငါးဖယ်အင်း ကျေးရွာနေ ဦးသိန်းထွန်းထံသို့ ၎င်း၏နေအိမ်မှ ပါဆယ်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးစဉ်  ဦးအောင်ဇော်လင်းသည်  ပါဆယ်ပစ္စည်း ကိုယ်တိုင် ထွက်ယူရန် တားမြစ်သည်ဟုဆိုကာ ဦးသိန်းထွန်းအပါအဝင် ကွာရန်တင်းဝင်နေသူရှစ်ဦးမှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ 7 Days News/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ The Voice/မြန်မာ

မန္တလေးတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

ကွာရန်တင်းစင်တာတွင် စောင့်ကြည့်မှုခံယူနေစဉ် ထွက်ပြေးခဲ့သည့် အမျိုးသား နှစ်ဦးကို သဘောဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ

အောက်တိုဘာလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး ကွာရန်တင်းစင်တာတွင် စောင့်ကြည့်မှုခံယူနေစဉ် ထွက်ပြေးခဲ့သည့် အမျိုးသား နှစ်ဦးကို သဘောဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) ဖြင့် အရေးယူထားကြောင်း အမှတ် (၁၀) ရဲစခန်းမှ သိရှိရသည်။ အောက်တိုဘာ ၁၁ ရက်တွင် အဆိုပါအမျိုးသားနှစ်ဦးသည် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး ကွာရန်တင်းစင်တာမှ ထွက်ပြေးသွားသဖြင့် တာဝန်ရှိသူများမှ လိုက်လံရှာဖွေခဲ့ရာ ၎င်းတို့ကို ပြည်ကြီးတံခွန်မြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။  ယခုအခါ ၎င်းတို့  ကွာရန်တင်းဝင်နေရသည့် နှစ်ပတ်အချိန်ပြည့်ခဲ့သောကြောင့်  ဥပဒေအရအရေးယူရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှတ် (၁၀)ရဲစခန်းမှ စုံစမ်းသိရှိရသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်၊ အီလဲဗင်း/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ် ခံရခြင်းများ

အလုပ်သမားများကိုတင်ဆောင်လာသည့် PPE ဝတ် ယာဉ်မောင်း သုံးဦးကို အလုပ်နှင့်ထောင်ဒဏ် ချမှတ်

အောက်တိုဘာလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တရားရုံးမှ PPE ၀တ်စုံများ ဝတ်ဆင်ပြီး ရန်ကုန်မြို့မှ အလုပ်သမား ၂၅ ဦးကို ကားသုံးစီးနှင့်တင်ဆောင်မောင်းနှင်လာသည့် ယာဉ်မောင်းအမျိုးသားသုံးဦးအား သဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။ အလုပ်သမား ၂၅ ဦးအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း သုံးဦးအား မိတ္ထီလာမြို့နယ်ရှိ အထက ၁ ကျောင်းတွင်  ကွာရန်တင်းထားရှိခဲ့ပြီးနောက်   မိတ္ထီလာမြို့မရဲစခန်းတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း ခရီးသွားလာခွင့် ပိတ်ထားသောကြောင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်သို့ ပြန်ရန် ကားတစ်စီးကို ငွေကျပ် သုံးသိန်းခွဲဖြင့် ကားသုံးစီးငှားရမ်းကာ အလုပ်သမား ၂၅ ဦးကို တင်ဆောင်လာသည့် အဆိုပါယာဉ်မောင်း သုံးဦးအား အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မိတ္ထီလာမြို့၌ စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။‌

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ဒီဗွီဘီ/မြန်မာ

စစ်ကိုင်းတိုင်းဒေသကြီး

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

တမူးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအား ဖောက်ဖျက်ကျူးလွန်သူ ခုနှစ်ဦးကို အမှုဖွင့် အရေးယူ

အောက်တိုဘာလအတွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မြန်မာ-အိန္ဒိယ နယ်နမိတ် တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများသယ်ဆောင်လာသည့် ကိုထန်ဆွန်းပေါင်၊ ကိုထက်နိုင်ဝင်း၊ ကိုဝင်းဆန်းကျော်၊ ကိုရဲရင့်ဝင်းနှင့် မစန်းတင် (ခ) မတင်၊ ကိုရန်ခိုလင်း နှင့် ကိုကျင်နေကြောင်တို့ ခုနှစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တမူးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် ကျော်ကျော်ဝင်း ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်နယ်စပ်သွား တောလမ်းအတိုင်း မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံဘက်သို့ တရားမဝင်ကုန်ပစ္စည်းများ ပို့ဆောင်နေသည့် အဆိုပါ ခုနှစ်ဦးအား ပစ္စည်းများ နှင့်တကွ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ အမှတ် (၃၀/၂၀၂၀) အား ဖောက်ဖျက်ကျူးလွန်ကာ တစ်ဘက်နိုင်ငံသို့ ကုန်ပစ္စည်းများ ပို့ဆောင်ခဲ့ခြင်းကြောင့် ဖမ်းဆီး၊ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ တမူးခရိုင်၊ သတင်းမှန်ပြန်ကြားရေး ကော်မတီ၏  လူမှုကွန်ရက် စာမျက်နှာ/မြန်မာ

ကွာရန်တင်းမဝင်ဘဲ မိသားစုဝင် ငါးဦးကို ပိုးကူးစက်စေခဲ့သူအား အမှုဖွင့်

အောက်တိုဘာလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းမှ ကိုဇော်မိုးဝင်း(ခ)ဇင်မျိုးနိုင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရသည်။ ၎င်းသည် ရန်ကုန်ကြည်မြင့်တိုင် ငါးဈေးမှ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကံသာကုန်းရွာသို့ ပြန်လာသူဖြစ်ပြီး သက်ဆိုင်ရာသို့ သတင်းမပို့ ကွာရန်တင်းဝင်ခြင်းမရှိခဲ့ပါ။ ၎င်းတွင် ပိုးတွေ့ရှိခဲ့ပြီး ၎င်း၏ မိသားစုဝင် ငါးဦးကိုပါ ပိုးကူးစက်စေခဲ့သဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် အပတ်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံရွာမှ အမျိုးသားတစ်ဦးသည် ရန်ကုန်မှ ပြန်လာသည်ကို တခြားဒေသမှ ပြန်ရောက်လာသည်ဟုဆိုကာ လိမ်လည်ပြီး ကွာရန်တင်းဝင်ခြင်းမရှိသဖြင့် ၎င်း၏ မိခင်အား ကိုဗစ်ရောဂါပိုး ကူးစက်ခဲ့သည်။ သို့သော်လည်း ၎င်းကို အရေးယူခြင်းမရှိခဲ့ပါဟု မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးထံမှ သိရှိရသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ဧရာဝတီ/မြန်မာ

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ် ခံရခြင်းများ

ကေတီဗီ ဆိုင်ဝန်ထမ်းများနှင့် ဧည့်သည်တချို့ကို ထောင်ဒဏ် ချမှတ်

အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တရားရုံးမှ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ဖွင့်ထားသည့် Rainbow ကေတီဗီဆိုင်မှ ဧည့်သည်အမျိုးသား သုံးဦး နှင့် ဆိုင်ဝန်ထမ်း အမျိုးသမီး လေးဦး တို့အား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲစီ ကျခံစေရန်  ပြစ်ဒဏ် ချမှတ်ခဲ့သည်။ မုံရွာလမ်းဆုံအနီး တရားမဝင်ဖွင့်ထားသည့် Rainbow ကေတီဗီဆိုင်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာ ကေတီဗီအခန်းအတွင်း သီချင်းဆိုနေသည့် ဧည့်သည်အမျိုးသား သုံးဦး နှင့် ဆိုင်ဝန်ထမ်း အမျိုးသမီး လေးဦးကို တွေ့ရှိရခြင်းကြောင့် ဖမ်းဆီး၊ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ VOM/မြန်မာ

 မြန်မာအိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်သူ နှစ်ဦးအား ထောင်ဒဏ်ချမှတ်

အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တရားရုံးမှ  မြန်မာ-အိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာသူ နှစ်ဦးဖြစ်သည့် လားပတ်မောယာ၊ လွန်မင်ထန် တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၃၀(က) ဖြင့် ထောင်ဒဏ် ခြောက်လစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။  အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ ဖြတ်သန်းမှုမရှိစေရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့မှ တမူးမြို့မှ အိန္ဒိယနိုင်ငံဘက်သို့ တောလမ်းအတိုင်း မောင်းနှင်လာသည့် နွားလှည်းတစ်စီးပေါ်တွင် ဓာတ်ဆီ​ပေပါ နှစ်လုံးနှင့်အတူ ၎င်းတို့နှစ်ဦးအား တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို တမူးမြို့ မြို့မရဲစခန်းတွင် တရားစွဲဆိုခဲ့ပြီး တမူးမြို့နယ်တရားရုံးမှ လက်ခံစစ်ဆေးခဲ့ကာ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ တမူးခရိုင်၊ သတင်းမှန်ပြန်ကြားရေး ကော်မတီ၏  လူမှုကွန်ရက် စာမျက်နှာ/မြန်မာ

ကိုဗစ်၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောအဖွဲ့အား ညစ်ညမ်းစွာဆဲဆို၍ ကိုယ်ထိလက်ရောက် ကျူးလွန်သူအား ထောင်ဒဏ်ချမှတ်

အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  တမူးမြို့နယ်တရားရုံးမှ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောအဖွဲ့အား ညစ်ညမ်းစွာဆဲဆို၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ကိုအန်ထွန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ် တစ်နှစ်ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ အောက်တိုဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် Stay at Home သတ်မှတ်ထားသော တမူးမြို့၊ မြို့မ (၁၃) ရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရာအိမ်မှူး ဦးလွန်နိမ်မန်နှင့် ဦးထန်ပီး၊ ဦးရွှေတိုး တို့ပါဝင်သောအဖွဲ့အား ကိုအန်ထွန်းမှ ညစ်ညမ်းစွာ ဆဲဆို၍ ဦးလွန်နိမ်မန်အား လက်သီးဖြင့် ထိုးကြိတ်ခဲ့သည်။ ထို့ကြောင့် ၎င်းအား တမူးမြို့မရဲစခန်းတွင် တရားစွဲဆိုခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ တမူးခရိုင်၊ သတင်းမှန်ပြန်ကြားရေး ကော်မတီ၏  လူမှုကွန်ရက် စာမျက်နှာ/မြန်မာ

တမူးမြို့တွင် ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို ဖောက်ဖျက်ခဲ့သော ပထမဦးဆုံး ပိုးတွေ့လူနာ (ဆေးရုံဆင်း)အား ပြစ်ဒဏ်များချမှတ်

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တရားရုံးမှ တမူးမြို့တွင် ပထမဦးဆုံး ပိုးတွေ့လူနာ (ဆေးရုံဆင်း)အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ၃၀(က) ဖြင့် ထောင်ဒဏ် ခြောက်လ၊ လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံစေရန် သီးခြားစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အဆိုပါအမျိုးသားသည်  နိုင်ငံကူး လက်မှတ် (သို့) ခွင့်ပြုချက်တစ်စုံတစ်ရာမပါဘဲ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်လာခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို ဖောက်ဖျက်ခဲ့ခြင်း တို့ကို စစ်ဆေးတွေ့ရှိခဲ့၍ အောက်တိုဘာလ ၂၆ ရက်နေ့တွင် တမူးမြို့မရဲစခန်း၌ အဆိုပါပုဒ်မများဖြင့် အမှုဖွင့်ခြင်းခံခဲ့ရပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ တမူးခရိုင်၊ သတင်းမှန်ပြန်ကြားရေး ကော်မတီ၏  လူမှုကွန်ရက် စာမျက်နှာ/မြန်မာ

 မြန်မာအိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်သူ သုံး ဦးအားပြစ်ဒဏ်ချမှတ်

အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တရားရုံးမှ  မြန်မာ-အိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာသူ သုံးဦးဖြစ်သည့် ပေါင်ခိုမန်း၊ မနွယ်ပီး နှင့် ထန်ရားလွန်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၃၀(က) ဖြင့် ထောင်ဒဏ် ခြောက်လစီ ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့ သည်။

တမူးမြို့၊ မြန်မာ-အိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ ဖြတ်သန်းမှုမရှိစေရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ရေမွှေးစောင်စွပ်များ တရားမဝင်သယ်ဆောင်လာသူ နှစ်ဦး နှင့် ရေမြုပ်မော်တာတစ်လုံး တရားမဝင် သယ်ဆောင်လာသူ တစ်ဦး တို့အား အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ တမူးခရိုင်၊ သတင်းမှန်ပြန်ကြားရေး ကော်မတီ၏  လူမှုကွန်ရက် စာမျက်နှာ/မြန်မာ

မြန်မာအိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်သူ()ဦးအားပြစ်ဒဏ်ချမှတ်

အောက်တိုဘာလ (၁၉) ရက်နေ့တွင် တမူးမြို့နယ်တရားရုံးမှ  မြန်မာ-အိန္ဒိယ နယ်နမိတ်တစ်လျှောက် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာသော နင်ပီး(ခ)သဲသဲ၊ လင်ဂိုလာလ်နှင့် နင်ခိုတင်(ခ)စနိုး တို့ ၃ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၃၀(က) ဖြင့် ထောင်ဒဏ် ခြောက်လ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် ထန်းဂိုလ် နှင့် ခိုင်ရဲမ် တို့အား ကလေးသူငယ်မှုခင်း၊ ၁၄/၂၀၂၀ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၉(ဂ)အရ တစ်နှစ်အတွင်း ကောင်းမွန်ကျင့်ကြံနေထိုင်စေရန် ခံဝန်ချုပ် ချုပ်ဆို၍မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရသည်။ ၎င်းတို့အား အောက်တိုဘာလ(၁၂)ရက်နေ့ ညပိုင်းတွင် တရားမဝင် ဆေးနှင့် ဆေးပစ္စည်းများ၊ အလှပန်းအိုးများ သယ်ဆောင်လာသည်ကို တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းမှုမရှိစေရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ တမူးခရိုင်၊ သတင်းမှန်ပြန်ကြားရေး ကော်မတီ၏  လူမှုကွန်ရက် စာမျက်နှာ/မြန်မာ

 ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

 ကလေးမြို့ ပြည်သူ့ဆေးရုံ၌ ကွာရန်တင်းဝင်‌နေသူ အမျိုးသား တစ်ဦးကို အမှုဖွင့်အရေးယူ

အောက်တိုဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့မရဲစခန်းမှ ကလေးမြို့ပြည်သူ့ဆေးရုံ၌ ကွာရန်တင်းဝင်နေသည့် စိုင်းမြတ်သူအား ရာဇသတ်ကြီးပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။  အောက်တိုဘာလ ၂ ရက်နေ့ ညတွင် ကွာရန်တင်းဝင်နေသူ စိုင်းမြတ်သူသည် ကျန်းမာရေးဝန်ထမ်းများနှင့် စင်တာတာဝန်ရှိသူများအား ရန်ပြု၍ ကတ်ကြေးနှင့်ထိုးသောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး နံရိုးကြား ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး စေတနာ့ ဝန်ထမ်းတစ်ဦး နားရွက်တစ်ဖက် ထိခိုက်သွားခဲ့သည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၄  ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ The Voice/မြန်မာ

 

ဧရာဝတီတိုင်းဒေသကြီး

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

 ပုသိမ်မြို့၌ လူစုလူဝေးဖြင့် လှည့်လည်အင်အားပြခဲ့သည့်  ဦးဆောင်သူ ၂၂ ဦးကို အရေးယူ

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့မရဲစခန်းမှ ပုသိမ်မြို့တွင် အင်အားကြီးပါတီ နှစ်ခုကို ထောက်ခံဝန်းရံသူများ မြို့တွင်းသို့လူစုလူဝေးနှင့် အင်အားပြလှည့်လည်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး(USDP)ပါတီမှ ဦးဆောင်သူ ၂၂ ဦးကို  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပုသိမ်မြို့၌ အမျိုးသာ းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (USDP) ပါတီတို့ကို ထောက်ခံသူ ထောင်နှင့်ချီကာ မြို့အတွင်းလှည့်လည် အင်အားပြခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ BBC News/မြန်မာ

 

ရန်ကုန်ပြန်များအား ကွာရန်တင်းထားမှုကို ဟန့်တားသည့် ပန်းတနော်ဒေသခံခြောက်ဦးကို အရေးယူ

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့မရဲစခန်းမှ ကျုံတုံးကြီး ကျေးရွာအုပ်စု၊ ရွာသာကြီး ကျေးရွာရှိ မူလတန်းကျောင်း၌ ရန်ကုန်ပြန်များကို ကွာရန်တင်းထားမှုကိုဟန့်တားသည့် ဒေသခံရွာသား ခြောက်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။ ယခုကဲ့သို့တားမြစ်ရခြင်းမှာ ကျေးရွာအတွင်း နေထိုင်သူများ ရောဂါပိုးကူးစက်မည်ကို စိုးရိမ်စိတ်ဖြင့်တားမြစ်ခြင်းဖြစ်ရာ အမှုဖွင့်အရေးယူခြင်းမလုပ်ဘဲ အသိပညာပေးခြင်းဖြင့်သာ ထိန်းကျောင်းသင့်ကြောင်း ပန်တနော်မြို့ရှိ လူမှုရေးအဖွဲ့မှ ဦးရဲထွဋ်မှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ  ၁၉ ရက်၊ The Voice/မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ ဒီဗွီဘီ/မြန်မာ

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂ ၈၁၁ ၇၃၄၈ 

ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅() ၉၇၉ ၅၈၈ ၁၀၁၆

မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ)    +၉၅() ၉၉၇ ၃၀၃ ၁၀၅၀

ကိုဗစ်သတင်းလွှာဒေါင်းလော့ရယူရန်  COVID-19 News Letter in October (Burmese)