၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ လစဉ်သတင်းလွှာ

သင်တန်းပို့ချခြင်း

အခြေခံလူ့အခွင့်အရေးသင်တန်းကို  အွန်လိုင်းမှတစ်ဆင့် ပို့ချခြင်း

စက်တင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အခြေခံလူ့အခွင့်အရေး သင်တန်း နှစ်ခုကို  အွန်လိုင်းမှတစ်ဆင့် ပို့ချပေးနိုင်ခဲ့သည်။ အွန်လိုင်းသင်တန်း အမှတ်စဉ် (၇) နှင့် (၈) ကို စက်တင်ဘာလ ၇ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့ အထိ ပြုလုပ်ခဲ့သည်။

အခြေခံလူ့အခွင့်အရေးသင်တန်းကို အွန်လိုင်းမှပို့ချ

 

သင်တန်းအမှတ်စဉ် (၇) ၌ သင်တန်းသူ (၉) ဦး နှင့် သင်တန်းသား (၃) ဦး၊ စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် Eastern Naga Development Organization (ENDO)၊ Chin Social Organization Ann၊ ကချင် အမျိုးသမီးအစည်းအရုံး–ထိုင်းနိုင်ငံ (KWAT) တို့မှ အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတို့မှ ကျောင်းဆရာ/ဆရာမများ၊ နမ့်တောင်းလူငယ် နှင့် စိတ်ပါဝင်စားသူများ ဖြစ်ကြသည်။ ထို့ပြင် သင်တန်းတက်ရောက် သူများသည် ဗမာ၊ ရှမ်း-ကချင်၊ နာဂ၊ ချင်း နှင့် ကချင် တိုင်းရင်းသားများဖြစ်ကြပြီး  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြ သည်။

သင်တန်းအမှတ်စဉ် (၈) ၌ သင်တန်းသူ (၉) ဦး နှင့် သင်တန်းသား (၂) ဦး၊ စုစုပေါင်း (၁၁) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ညီညွတ်သော ဒီမိုကရေစီသစ်ပါတီ၊ Community Peace Support၊ ကချင် အမျိုးသမီးအစည်းအရုံး–ထိုင်းနိုင်ငံ (KWAT)၊ တအာင်းကျောင်းသား နှင့် လူငယ်သမဂ္ဂ(TSYU)၊ Chin University Students in Rakhine State (CUSR)၊ မွန်မြတ်မေတ္တာ၊ Shining Life နှင့် “Wa”Youth Organization တို့မှ အဖွဲ့ဝင်များ၊ ကျောင်းသူများ နှင့် ပညာရေးဝန်ထမ်း တို့ဖြစ်ကြသည်။ ၎င်းပြင် သင်တန်း တက်ရောက်သူများသည် ရှမ်း၊ ကချင်၊ ရှမ်း-ဗမာ၊ ဗမာ-ကချင်၊ ဗမာ၊ တအာဝ်း၊ ချင်း-ဗမာ၊ ရှမ်းနီ၊ ရခိုင်-ဗမာ နှင့် ဝလူမျိုးများဖြစ်ကြပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ကြ သည်။  

အဆိုပါသင်တန်းများကို AAPP မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ ဦးဆောင် ပို့ချပေးခဲ့သည်။ သင်တန်းတွင် အဓိက ဆွေးနွေး ပေးသော အကြောင်းအရာများမှာ လူ့အခွင့်အရေးအဓိပ္ပါယ် ဖွင့်ဆိုချက်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် အခြေခံအယူအဆ၊ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များ၊ လူ့အခွင့်အရေး နှင့် နိုင်ငံတကာ စာချုပ်စာတမ်းများ ပေါ်ပေါက်လာပုံ အဆင့်ဆင့်နှင့် နိုင်ငံတကာစာချုပ်စာတမ်းများ၊ ခွဲခြားဆက်ဆံမှု နှင့် တိုင်တန်းမှုယန္တရား တို့ဖြစ်ကြသည်။

အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်းကို အွန်လိုင်းမှတစ်ဆင့် ပို့ချခြင်း

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို အွန်လိုင်းမှပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း ကို အွန်လိုင်းမှတစ်ဆင့် စက်တင်ဘာလ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ (၈) ရက်တာ ပို့ချပေးနိုင်ခဲ့ သည်။ အဆိုပါသင်တန်းကို AAPP မှ သင်တန်းနည်းပြ ကိုကျော်ဦးမှ ပို့ချပေးခဲ့ပြီး သင်တန်းသူ (၁၀) ဦးနှင့် သင်တန်းသား (၂) ဦး၊ စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ သည်။  သင်တန်းတက်ရောက်သူများသည် တအာင်း ကျောင်းသား နှင့် လူငယ် သမဂ္ဂ (TSYU)၊ Community Peace Support၊ ကချင်အမျိုးသမီးအစည်းအရုံး–ထိုင်းနိုင်ငံ (KWAT)၊ Shining Life “ Wa Youth Organization၊ Chin Social Organization Ann တို့မှ အဖွဲ့ဝင်များ၊ ကိုယ်ပိုင် အထက်တန်းကျောင်း နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တို့မှ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသူများ နှင့် စိတ်ပါဝင်စားသူများဖြစ်ကြပြီး ၎င်းတို့သည် တအာင်း၊ ဗမာ၊ ရှမ်း၊ ကချင်၊ ရခိုင်၊ ဝ နှင့် ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။ 

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်း နှင့် တိုက်တွန်းခြင်း

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် UPR အစီရင်ခံစာများနှင့်ပတ်သက်၍ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံတင်ပြချက်၌ ပါဝင်ဆွေးနွေးခြင်း

Burma/Myanmar UPR Forum ၌ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ ပါဝင်ဆွေးနွေး

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ကမ္ဘာပေါ်ရှိနိုင်ငံ တစ်နိုင်ငံချင်းဆီ၏ လူ့အခွင့်အရေးအခြေအနေ ကို ၅ နှစ် တစ်ကြိမ် သုံးသပ်လေ့ရှိပါသည်။ ထိုနည်းတူ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကိုလည်း လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် သုံးသပ်မည်ဟုလျာထားပါသည်။ ထိုသုံးသပ်မူ မတိုင်ခင် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်းကောင်း၊ အစိုးရ မဟုတ်သော အဖွဲ့များအနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေတိုးတက်မူ ရှိ/မရှိကို အစီရင်ခံစာများ တင်သွင်းရပါသည်။ မြန်မာနိုင်ငံတွင် Burma/Myanmar UPR Forum ရှိပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) အနေဖြင့် UPR စတင်သည့် ၂၀၁၀ ခုနှစ် ကတည်းက ထိုအဖွဲ့တွင်ပါဝင်ခဲ့ပါသည်။ AAPP အနေဖြင့် တစ်ဖွဲ့ချင်း အနေဖြင့်သော်လည်းကောင်း၊ အခြားသောအဖွဲ့များ ဖြင့် စုပေါင်း၍သော်လည်းကောင်း အစီရင်ခံစာများ တင်ခဲ့ပါ သည်။ မိမိတို့တင်ပြချက်များကို နိုင်ငံတကာမှ သံတမန်များ၊ အစိုးရများမှ ထည့်သွင်းဆွေးနွေးပေးနိုင်စေရန် နိုင်ငံတွင်းရှိ သံတမန်များကို ဖိတ်ကြားပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများအား ဆွေးနွေးရပါသည်။ ကိုဗစ်ကာလ လူချင်း ထိတွေ့မှုမရှိနိုင်သဖြင့် Zoom ဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် အမေရိကန်၊ ကနေဒါ၊ အီးယူ အပါအဝင် စုစုပေါင်း ၆၂ ဦးပါဝင် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကို ခေါင်းစဉ် ၁၁ ခုခွဲ၍ ဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်မှ မတရားသဖြင့် ဖမ်းဆီး ထိမ်းသိမ်း ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများဖြစ်ပေါ်နေခြင်း နှင့် နိုင်ငံရေး အကျဉ်းသားကိစ္စများကို ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာအစိုးရအား နိုင်ငံတကာ အစိုးရများမှ ထောက်ခံချက်ပေးသင့်သော အချက်များကို ဆွေးနွေးခဲ့ပါသည်။

ထောက်ပံ့ကူညီခြင်း 

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ စက်တင်ဘာလအတွင်းတွင် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၇) ဦး၊ မအူပင်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၈) ဦး နှင့် ညောင်ရွှေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁) ဦး တို့ကို ထောက်ပံ့ကူညီခဲ့သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ နှင့် လေဖြတ် ရောဂါခံစားနေကြရသော  နိုင်ငံရေး အကျဉ်းသားဟောင်း (၂) ဦးကို  ထောက်ပံ့ ကူညီခဲ့သည်။ 

၎င်းပြင် ထောင်ပြင်ပမှတရားရင်ဆိုင်နေကြရသော ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ ပလောင်ကျေးရွာမှ တောင်သူ ၂၄ ဦး နှင့် ရန်ကုန်တိုင်ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ အလုပ်သမား (၅) ဦးတို့ကို ထောက်ပံ့ ကူညီခဲ့သည်။ 

ထို့ပြင် ၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း နှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင် ခံစားခဲ့ရ၍ ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို အရေးပေါ် ကူညီ ထောက်ပံ့ပေးခဲ့ သည်။ စက်တင်ဘာလအတွင်းတွင် နိုင်ငံရေး အကျဉ်းသား ဟောင်း (၄) ဦးကို ထောက်ပံ့ ကူညီခဲ့သည်။ 

ထို့ပြင် ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာလအတွင်း အခက်အခဲများကို ရင်ဆိုင်နေကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း (၁၀၅) ဦးကို သီးခြား ထောက်ပံ့ကူညီပေးခဲ့သည်။

အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။ 

 

မှတ်တမ်းနှင့်သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို  စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ကို ထုတ်ဝေလျက်ရှိသည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် ဩဂုတ်လအတွက် လစဉ်အစီရင်ခံစာ နှင့် နိုင်ငံရေးအကျဉ်းသား စာရင်းကို ထုတ်ဝေခဲ့ သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့် ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် ဩဂုတ်လအတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

https://aappb.org/wpcontent/uploads/2020/09/Burmese-Chronology-and-MiR-for-August-Edit-1.pdf 

https://aappb.org/wpcontent/uploads/2020/09/newsletter-august_3.pdf 

ကိုဗစ်၁၉ သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလကတည်းက စတင်၍ မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ ဩဂုတ်လ ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော စာရင်းများကို စက်တင်ဘာလ ၇  ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

https://aappb.org/wp-content/uploads/2020/09/Final-COVID-19-News-Letter-in-August-Burmese.pdf 

https://aappb.org/wp-content/uploads/2020/09/Final-COVID-19-News-Letter-in-August-English.pdf 

ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို အင်တာဗျူးပြုလုပ်ခြင်းနှင့် မှတ်တမ်းပြုစုခြင်း

၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း နှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများကို အင်တာဗျူးများပြုလုပ်၍ မှတ်တမ်း ပြုစုခဲ့ပါသည်။ စက်တင်ဘာလအတွင်းတွင် အနည်းဆုံး ထောင်ဒဏ် (၃) နှစ်မှ အများဆုံးထောင်ဒဏ် (၂၉) နှစ်ကြား အသီးသီးကျခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း (၁၃) ဦး၏ ထောင်တွင်းနှင့် ထောင်ပြင်ပ ဘဝဖြတ်သန်းမှု အခြေအနေများနှင့် အတွေ့အကြုံ များကို အင်တာဗျူး ပြုလုပ်၍ မှတ်တမ်းတင်ခဲ့ပါသည်။  

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလကုန်အထိ ညှဉ်းပန်း နှိပ်စက်မှုကို ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၉၆ ဦးကို အင်တာဗျူးပြုလုပ်၍ မှတ်တမ်း ပြုစုနိုင်ခဲ့ပါသည်။ 

အထွေထွေလှုပ်ရှားမှုများ

မတရားဖမ်းဆီးချုပ်နှောင်၍ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရွာသား သုံးဦးအတွက် အမှန်တရား ပေါ်ပေါက်ရန်နှင့် တရားမျှတမှု ရရှိရန်တောင်းဆိုခြင်း

မတရားဖမ်းဆီးချုပ်နှောင်၍ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ရွာသား သုံးဦးအတွက်  အမှန်တရားပေါ်ပေါက်ရန်နှင့် တရားမျှတမှုရရှိရန် တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်၍ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အပါအဝင် အရပ်ဘက်အဖွဲ့အစည်း (၃၂) ဖွဲ့မှလည်း အဆိုပါ ထုတ်ပြန်ချက်တွင်  ပူးပေါင်း ပါဝင်၍ တောင်းဆိုခဲ့သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်ပါသည်။ 

https://taangwomen.org/burmese/2020/09/01/%e1%80%99%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%96%e1%80%99%e1%80%b9%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%84/ 

 

လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်များအား တရားစွဲဆို အရေးယူနေမှု နှင့်ပတ်သက်၍ ထုတ်ပြန်ချက် ထုတ်ပြန်ခြင်း

လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်များအား တရားစွဲဆို အရေးယူနေမှုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်ချက် တစ်စောင်ကို စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိ ငြိမ်း၊စု၊စီ ဥပဒေအရ ပြည်သူများ၏ လွတ်လပ်ခွင့်များ ပိတ်ပင်ခြင်းခံထားရသလို အာဏာပိုင်များမှ ဥပဒေကို လိုသလိုအသုံးချပြီး ပြည်သူများအား ဖိနှိပ်ရေးကိရိယာအဖြစ် နှိပ်ကွပ်အသုံးပြုနေသည့်အတွက် အဆိုပါ ငြိမ်း၊စု၊စီ ဥပဒေကို ပြည်သူများအား အကာအကွယ် ပေးသည့် ဥပဒေအဖြစ် အမြန်ဆုံးပြင်ဆင်နိုင်ရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထပ်မံ တိုက်တွန်းကြောင်း ဖော်ပြထားသည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်ပါသည်။ 

https://aappb.org/wp-content/uploads/2020/09/Foe-statement-7-Sep-20.pdf 

https://aappb.org/2020/09/statement-on-prosecution-of-right-to-freedom-of-expression/?fbclid=IwAR1oCR8VhooHxB1qVTsVSfZcnj6gH31hrb5w67rNkKrXppURoYzYTVylQwA 

ကိုဗစ်၁၉ ကပ်ရောဂါ ကာလအတွင်း ကျောင်းသားများအား ဖမ်းဆီး တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျောင်းသားများအား ဖမ်းဆီး တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ချက် တစ်စောင်ကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှုများကို ရပ်တန့်စေရန်အတွက် နိုင်ငံတော် အစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်၊ ယနေ့ကာလ တိုင်းပြည်တွင် ကျရောက်နေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဆိုး ကာလကြီးအတွင်း စစ်ပွဲများ ရပ်တန့်ရန်၊ စစ်ပွဲများ အတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုများအား လွတ်လပ် သော စုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး အမြန်ဆုံး စုံစမ်း စစ်ဆေး အရေးယူပေးရန် နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအား လိုသလိုအသုံးချနေခြင်းများအား ရပ်တန့်ပြီး တရားဥပဒေစိုးမိုးရေးအကောင်အထည်ဖော် ဆောင်ရွက်ရန်  မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် တိုက်တွန်း တောင်းဆိုကြောင်း ဖော်ပြထားသည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်ပါသည်။ 

https://aappb.org/wpcontent/uploads/2020/09/Statement-for-Arrest-of-Student-in-Rakhine-3.pdf 

https://aappb.org/wpcontent/uploads/2020/09/Statement-on-student-arrested_FoE_14Sept_KT-eng.pdf 

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

ကိုဗစ်၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်း ဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ငန်းကို စက်တင်ဘာလအတွင်းတွင်လည်း ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ် ဆွေးနွေးမှု များလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ မွန် စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ် ဆွေးနွေးမှုများ လည်း ရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးမှ – ၃၇%၊  ပဲခူးတိုင်းဒေသကြီးမှ – ၁၆%၊ ထိုင်းနိုင်ငံမှ – ၁၄%၊ မန္တလေးတိုင်းဒေသကြီးမှ – ၈%၊ ဧရာဝတီတိုင်း ဒေသကြီးမှ – ၅%၊ မကွေးတိုင်းဒေသကြီးမှ – ၂%၊ နှင့် ကျန်ဒေသများမှ ၁၇%စီ တို့ဖြစ်ကြသည်။ 

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ သင်္ဘာသား၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ကွာရန်တင်း စင်တာများတွင် ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ ဝန်ထမ်းများနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ စက်တင်ဘာလအတွင်းတွင် အမျိုးသား ၁၂၄ ဦး (အသက် ၁၈ နှစ်မှ ၇၄ နှစ်အတွင်း)နှင့် အမျိုးသမီး ၁၃၄ ဦး (အသက် ၁၈ နှစ်မှ ၆၉ နှစ်အတွင်း) တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကူညီဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ကွာရန်တင်းစင်တာများ၌ ကွာရန်တင်းဝင် နေကြသူ ၆၉ ဦးအား စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည် ဆိုသည်ကို တစ်ဦးချင်း ဆက်သွယ် ဆွေးနွေးပေးနိုင်ခဲ့သည်။

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့ နေခြင်း
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေ ရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွား ခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း
  • မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။ 

Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို ပို့ချ

Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို ပို့ချ

စက်တင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို အွန်လိုင်းမှ တစ်ဆင့် ပို့ချခဲ့သည်။ ကိုဗစ် ၁၉ ကူးစက်မှုကဲ့သို့ လူချင်း တွေ့ဆုံရန် အခက်အခဲဖြစ်နေသော အခြေအနေနှင့် လူချင်း တွေ့ဆုံရန် ခက်ခဲသော ရပ်ဝေးမှ ကလိုင်းယန့်များကို စီတာ ကုထုံး အပြည့်အဝပေးနိုင်မည်ဖြစ်သည်။ 

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို “Stress management and Self-care သင်တန်းကို အွန်လိုင်းမှတစ်ဆင့် ပို့ချခြင်း

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို “Stress management and Self-care သင်တန်း”ကို ပို့ချ

စက်တင်ဘာလ ၇ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့ထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည်  Rainbow Alliance၊ ဧရာဝတီလူငယ်ကွန်ရက် နှင့် ပအိုဝ်းအမျိုးသမီးသမဂ္ဂ(PWU) တို့မှ လူ့အခွင့်အရေးကာကွယ်စောင့်သူများကို “Stress management and Self-care သင်တန်း”ကို အွန်လိုင်း မှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသူ/သား ၁၁ ဦး တက်ရောက်ခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့ထိ သင်တန်းနည်းပြ ကိုထင်အောင်သည်  Rainbow Alliance၊ အခြေခံပညာအလုပ်သမားများသမဂ္ဂ(BEWU) တို့မှ လူ့အခွင့်အရေးကာကွယ်စောင့်သူများကို “Stress management and Self-care သင်တန်း”ကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသူ/သား ၁၈ ဦး တက်ရောက်ခဲ့သည်။ 

သင်တန်း တက်ရောက်သူများသည် စိတ်ကျန်းမာရေး နှင့်ပတ်သက်၍ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများ ရရှိခဲ့ပြီး ၎င်းတို့၏ အလုပ်အကိုင်များ နှင့် လုပ်ငန်းခွင်၌ နေ့စဉ်စိတ်ဖိစီး မှုများကို မည်ကဲ့သို့ ထိန်းညှိရမည်ကို သိရှိလာကြသည်။ 

ကိုဗစ်၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကိုဂရုစိုက်ခြင်း နှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါးကိုထုတ်လွှင့်ခြင်း

စက်တင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင် သည် “ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါး”ကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှု နိုင်သည်။

https://www.facebook.com/watch/?v=623308218557729

အင်တာဗျူးများဖြေကြားခြင်း

ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၈ နှင့်ပတ်သက်၍ AAPP  အတွင်းရေးမှူး ဦးတိတ်နိုင်မှ အင်တာဗျူးဖြေကြားခြင်း

စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ ၁၈ နှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် ဦးတိတ်နိုင်မှ “ယခုကဲ့သို့ ဖမ်းဆီးခြင်းများသည် ဥပဒေများ၏ အားနည်းချက်များကြောင့် ဖြစ်သည်၊ ဥပဒေကို လိုသလို အသုံးပြုနေသည်ကို တွေ့ရှိရသည်၊ ထို့ကြောင့် ငြိမ်း၊စု၊စီ ဥပဒေ နှင့် ပတ်သက်၍ ပြန်လည် စိစစ်ပြင်ဆင်ပေးရန် ၎င်းတို့အနေ နှင့်တောင်းဆိုကြောင်း” ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုနိုင်သည်။

https://7day.news/detail?id=198290 

 

ကျောင်းသားများကို ဖမ်းဆီးမှုများနှင့်ပတ်သက်၍ AAPP  အတွင်းရေးမှူး ဦးတိတ်နိုင်မှ အင်တာဗျူးဖြေကြားခြင်း

စက်တင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ကျောင်းသားများကို ဖမ်းဆီးမှုများ နှင့်ပတ်သက်၍ Development Media Group မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။

 

ကိုဗစ်၁၉ နှင့် အကျဉ်းထောင်များအခြေအနေနှင့်ပတ်သက်၍ AAPP  အတွင်းရေးမှူး ဦးတိတ်နိုင်မှ အင်တာဗျူးဖြေကြားခြင်း

စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ကိုဗစ်-၁၉ နှင့် အကျဉ်းထောင်များ အခြေအနေနှင့်ပတ်သက်၍ Mandalay In-depth News မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ ထိုအင်တာဗျူး တွင် ဦးတိတ်နိုင်မှ “အကျဉ်းထောင်များသည် ဝင်ဆံနိုင်သည့် ဦးရေထက် သုံးဆခန့်များနေပြီး ပြည့်ကြပ်လျက်ရှိသည်၊ ယခုအချိန်တွင် ရုံးထုတ်များလည်း မရှိတော့ပါ၊ ထောင်အဝင်သာ လက်ခံနေရသည်၊ ထိုအခြေအနေများသည် စိုးရိမ်ဖွယ်ရာ ဖြစ်သည်၊ ၎င်းပြင် ထောင်ဝင်စာ တွေ့ခွင့် ကန့်သတ်ပိတ်ပင် လိုက်ခြင်းကြောင့် အကျဉ်းသားများသည် မိသားနှင့် တွေ့ဆုံခွင့် မရတော့ဘဲ အဆက်အသွယ် ပြတ်သွားပြီး ယင်းအခြေအနေ သည်လည်း စိုးရိမ်ဖွယ် ဖြစ်သည်ဟု ပြောကြားခဲ့ သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/mandalayindepthnews/photos/a.528183521038441/935124623677660/ 

အကျဉ်းထောင်များရှိ ကိုဗစ်၁၉ အန္တရာယ်နှင့်ပတ်သက်၍ AAPP  အတွင်းရေးမှူး ဦးတိတ်နိုင်မှ အင်တာဗျူးဖြေကြားခြင်း

အကျဉ်းထောင်များရှိ ကိုဗစ်-၁၉ အန္တရာယ်နှင့်ပတ်သက်၍ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ အင်တာဗျူးဖြေကြား

စက်တင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည်အကျဉ်းထောင်များရှိ ကိုဗစ်-၁၉ အန္တရာယ် နှင့်ပတ်သက်၍ MCN TV news မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ “မြန်မာ နိုင်ငံရှိ အကျဉ်းထောင်များအတွင်း၌ အကျဉ်းသားဦးရေသည် သိန်းနှင့်ချီ၍ ရှိနေသည်၊ ရဲစခန်း၊ အချုပ်စခန်း နှင့် ရဲဘက် စခန်းများကိုပါ ထည့်သွင်းလိုက်လျှင် လက်ရှိပမာဏထက် နှစ်ဆခန့်ဖြစ်သွားနိုင်သည်၊ ထိုအခြေအနေမျိုးတွင် တစ်ဦး တစ်ယောက် ကူးစက်ပါက မည်သို့မျှထိန်းသိမ်း၍ မရနိုင်သည့် အနေအထားဖြစ်သည်၊ ထိုအခြင်းအရာများကို မကွယ်မဝှက်ဘဲ ပွင်းလင်းစွာရှိရန်လိုအပ်သည်၊ ဥပမာအားဖြင့် တာမွေ နှင့် ဗိုလ်တထောင်မြို့နယ်ရဲစခန်းများမှ ရဲအရာရှိ နှစ်ယောက်၊ သုံးယောက်ခန့်သည် ကိုဗစ်-၁၉ ကူးစက်ခဲ့သည်၊ ထိုကဲ့သို့ ကူးစက်ခဲ့လျှင် အချုပ်ခန်းအတွင်းမှ အချုပ်သားများအတွက် စိုးရိမ်ဖွယ်ရာရှိသည်၊ ထိုအချုပ်သားများ အကျဉ်းထောင် အတွင်းသို့ ရောက်ရှိသွားလျှင် အကျဉ်းထောင်များအတွက် စိုးရိမ်ဖွယ်ရာရှိသည်၊ ထိုအချုပ်သားများ ထောင်ကျသွားလျှင် ထောင်ကျဆောင်များတွင် စိုးရိမ်ဖွယ်ရာရှိသည်၊ ထို့ပြင် ကူးစက်နှုန်းများသည် အကျဉ်းထောင်နှင့်ပတ်သက်လာလျှင် သေသေချာချာ သိရှိရခြင်းမရှိသည့်အတွက် မည်မျှ ကူးစက်နှုန်း ဖြစ်နေသည်၊ မည်မျှစိုးရိမ်စရာရှိနေသည်ဆိုသည်ကို သိရှိရခြင်း မရှိပါ၊ သို့သော်လည်း ဖြစ်ပွားမည်ဆိုလျှင် မည်သို့မျှတားဆီး၍ မရသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်၊ ထို့ကြောင့် ထိုအခြင်းအရာများနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ကိစ္စများကို ပြင်းပြင်းထန်ထန် နှင့် ဂရုတစိုက်လုပ်ဆောင်သင့် ကြောင်းကို အစဉ်တစိုက် တိုက်တွန်းလျက်ရှိသည်” ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုနိုင်သည်။

https://www.facebook.com/mcntv/videos/342987926817744/ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

ဒေါင်းလော့ရယူရန် newsletter september