စက်တင်ဘာလ၏ ကိုဗစ်-၁၉ သတင်းလွှာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါနှင့်ဆက်နွယ်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလကတည်းကစတင်၍ မှတ်တမ်းပြုစု လေ့လာ သုံးသပ်မှုများ ပြုလုပ်ကာ ကိုဗစ်သတင်းလွှာအား လစဉ် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ နှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် စာရင်းများကိုလည်း ကိုဗစ်-၁၉ သတင်းလွှာနှင့်အတူ မှတ်တမ်းပြုစု၍ လစဉ် ထုတ်ပြန်လျက်ရှိသည်။ ယခုအခါ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တွင်  ပြည်တွင်း ကိုဗစ်ကူးစက်ဖြစ်ပွားမှု ပြန်လည်တွေ့ရှိလာရပြီးနောက် ရန်ကုန်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များတွင်လည်း ကူးစက်ဖြစ်ပွားမှုများ ထပ်မံတွေ့ရှိလာရသည်။ ကိုဗစ်ဒုတိယလှိုင်းသည် ရန်ကုန်မြို့ကို အများဆုံးရိုက်ခတ်ခဲ့ပြီး ယခုအချိန်တွင် ကိုဗစ် – ၁၉ ရောဂါကူးစစ်ခံရသူနှင့် သေဆုံးသူအရေအတွက်ပိုမိုများပြားလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြိုနယ်များအား Stay at Home သတ်မှတ်ထားသည်။  စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၁၃၃၇၃ ဦးရှိလာပြီ သေဆုံးသူမှာ ၃၁၀ ဦးရှိပြီဖြစ်သည်။

စက်တင်ဘာလအတွင်းတွင် ကွာရန်တင်းစင်တာများ၌နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၉၊ ၃၀(က)  ဖြင့် တရားစွဲဆိုခံရသူ (၃၀၉) ဦးရှိပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆၊ ၂၉ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၁) ဦး ရှိသည်။ ထို့ပြင် ကိုဗစ်ကာလအတွင်း ညမထွက်ရအမိန့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံရသူ စုစုပေါင်း (၁၀၀၆) ဦးရှိပြီး၊ ညမထွက်ရအမိန့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ စုစုပေါင်း (၁၀၄) ဦးရှိသည်။ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် ကူးစက်ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ (၁၅) ဖြင့် တရားစွဲဆိုခံရသူ စုစုပေါင်း (၃၅၀) ဦး၊  နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အပြစ်ပေးအရေးယူခြင်း ခံထားရသူ (၁၂၀) ဦး ရှိသည်။ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၁၁၄ ဖြင့် တရားစွဲဆိုခြင်းခံရသူ (၄) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုခြင်းခံရသူ (၁) ဦး နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁) ဖြင့် တရားစွဲဆိုခြင်းခံရသူ (၇) ဦး ရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူများ

စက်တင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများစာရင်းနှင့် ကွာရန်တင်းဝင်နေသူများ စာရင်းအား လေ့လာ၍ မှတ်တမ်းပြုခဲ့ပါသည်။ စက်တင်ဘာလကုန်အထိ AAPP မှ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများ နှင့် ကွာရန်တင်းဝင်နေသူ ဦးရေကို အောက်ဖော်ပြပါဇယားတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။

ကယားပြည်နယ်

 

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 

လွိုင်ကော် ကွာရန်တင်းစင်တာမှ ထွက်ပြေးသူကို  အလုပ်နှင့် ထောင်ဒဏ်ချမှတ် 

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တရားရုံးမှ လွိုင်ကော်တက္ကသိုလ်ကွာရန်တင်းစင်တာမှ ထွက်ပြေးသွားသူတစ်ဦးကို  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အဆိုပါအမျိုးသားသည် ရှမ်းပြည်နယ်၊ လားရှိုးမြို့မှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး လွိုင်ကော်တက္ကသိုလ်ရှိ Community Based Facility Quarantine Center ၌ စောင့်ကြည့်မှု ခံယူနေစဉ် ထွက်ပြေးရန်ကြိုးစားခဲ့သည်။ ထို့ကြောင့်  လုံခြုံရေးရဲတပ်ဖွဲဝင်များနှင့် ဝန်ထမ်းများမှ တားမြစ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုပြီး  ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ထွက်ပြေးရန်ကြိုးစားသူသည် လွိုင်ကော်မြို့၊ နွားလဝိုး ကျေးရွာအုပ်စု၊ ထီးပလောခူကျေးရွာတွင် နေထိုင်သူဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ VOM/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ မဇ္ဈိမ/မြန်မာ

နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသောကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ဒီးမော့ဆိုမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူ (၁၂၀) ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀စီ ဒဏ်ရိုက်

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူ (၁၂၀) ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ စီ ဒဏ်ရိုက်၍ ချက်ချင်း တပ်ဆင်အသုံးပြုရန် Mask နှစ်ခုစီ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းရှေ့၌ နေအိမ်ပြင်ပသို့ သွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ ကြပ်မတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်၊ စည်သူမောင်၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

ရခိုင်ပြည်နယ် 

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက်တရားစွဲဆိုခံရခြင်းများ

ရန်ကုန်မှ သံတွဲသို့ ပြန်လာသူ ခုနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရဲတပ်ဖွဲ့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အမိန့်များကို လိုက်နာခြင်းမရှိဘဲ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ပြန်လာသူ ခုနှစ်ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉/၃၀(က)ဖြင့် အမှုဖွင့်ခဲ့သည်။ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဇေယျမဂ္ဂင်အသင်းတံဆိပ်ပါ အရေးပေါ်လူနာတင်ယာဉ်ဖြင့် သံတွဲမြို့သို့ပြန်လာသည့် လူငယ်ငါးဦးနှင့်အတူ ၎င်းတို့ကို ပို့ဆောင် ပေးသော ရန်ကုန်မှ ကားဆရာနှစ်ဦးသည် သံတွဲကားဂိတ်၌ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး၏ စစ်ဆေးခြင်းကိုခံခဲ့ရ ပြီးနောက် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ကို ငပလီရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားကြောင်း ရဲအုပ် ရဲမင်းစိုးမှ ပြောကြားခဲ့သည်။ ၎င်းလူငယ်များသည် သံတွဲမြို့သို့ ပြန်လာမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သတင်းပို့ခဲ့ပြီး ကွာရန်တင်းဝင်ရန်လည်း စီစဉ်ထားခဲ့ကြောင်း ငပလီမြို့၊ ဂျိတ္တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ Myanmar Now/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၅  ရက်၊ DMG/မြန်မာ

ဘူးသီးတောင်တွင် နှစ်ကြိမ်တိုင်ထွက်ပြေးသည့် ကိုဗစ်၁၉ ပိုးတွေ့လူနာအား အရေးယူရန် ဆောက်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံမှ ထွက်ပြေးသွားသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာအား ပြန်လည်တွေ့ရှိပြီး သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံမှ သိရှိရသည်။ ၎င်းသည် စက်တင်ဘာလ ၁၆ ရက်နေ့က တစ်ကြိမ်ထွက်ပြေးခဲ့၍ ပြန်လည် ရှာဖွေတွေ့ရှိ ခဲ့သည်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထပ်မံကာ ထွက်ပြေးသွားသဖြင့် ရှာဖွေရာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးရွှေလှအောင်မှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ DMG/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ဖမ်းဆီးခံရခြင်းများ

မောင်တောတွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ဆေးရုံမှထွက်ပြေးပြီး  ပြန်လည်ဖမ်းမိ၍ ဆေးရုံအချုပ်တွင် ချုပ်ထား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး ဆေးရုံမှထွက်ပြေး၍ ပြန်လည်ဖမ်းဆီးကာ ဆေးရုံ အချုပ်တွင် ချုပ်ထားသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ပြောကြားခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ပိုးတွေ့လူနာမှာ ဆေးကုသမှုခံယူနေသည့်နေရာမှ ထွက်ပြေးသွားခြင်းဖြစ်ကာ မောင်တောမြို့ ၃ မိုင် တွင် ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းလူနာသည် စိတ်ကျန်းမာရေး မကောင်းသူဖြစ်သည်ဟု သိရှိရကြောင်း ဦးစိုးအောင်မှ ဆိုသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ DMG/မြန်မာ

ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ကျောက်ဖြူမြို့နယ်တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ သုံးဦးကို ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တရားရုံးမှ ညမထွက်ရအမိန့် ချိုးဖောက်သူ သုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်  ထောင်ဒဏ် တစ်လစီကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးသည့်အဖွဲ့၊ မြို့မရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်အဖွဲ့တို့သည် ကျောက်ဖြူမြို့အတွင်း လှည့်လည်စစ်ဆေးခဲ့ရာမှ ၎င်းတို့ သုံးဦးအား  ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့ သည်။ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်၍ ၎င်းတို့ သုံးဦးအား ကျောက်ဖြူမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ဒီဗွီဘီ/မြန်မာ

တောင်ကုတ်မှ လူငယ် ငါးဦးကို ညမထွက်ရအမိန့်ဖောက်ဖျက်မှုနှင့် ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တရားရုံးမှ ညမထွက်ရအမိန့်ကို ဖောက်ဖျက်သည့် လူငယ် ငါးဦးအား  ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ် ချမှတ်ခဲ့သည်။ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁၂ နာရီကျော်အချိန်တွင် တောင်ကုတ်မြို့ပေါ်၌ သောက်စားမူးယစ်နေသူ ခြောက်ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ကင်းလှည့်ချိန် တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်မှ ပြောကြားခဲ့သည်။ ၎င်းတို့ ခြောက်ဦး အနက်မှ တစ်ဦးသည် အသက်မပြည့်သောကြောင့် ခံဝန်ထိုးခိုင်းပြီး လွှတ်လိုက်သည်ဟု တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်မှ ဆိုသည်။ ၎င်းတို့ကို တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ  ၂၅ ရက်၊ DMG/မြန်မာ

ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် တရားစွဲဆိုခံရခြင်းများ

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ မင်းပြားမြို့တွင် မသင်္ကာဖွယ်ရာလူ ငါးဦးဖမ်းမိဟု သတင်းထုတ်ပြန်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် မသင်္ကာဖွယ်ရာလူ ငါးဦးကို ဖမ်းဆီးမိခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် တစ်နာရီအချိန်ခန့်၌  အဆိုပါ အမျိုးသား ငါးဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အတွင်း၌ ဖော်ပြထားသည်။ အဆိုပါအမျိုးသားများမှာ မင်းပြားမြို့နေ ဦးတင်သိန်း၊ ဦးဟန်သိန်း၊ မောင်နိုင်ဦး၊ မောင်သန်းဝေ နှင့် မောင်ညီညီထွန်း တို့ ဖြစ်ကြသည်။ ၎င်းတို့အား ဒေသန္တရအမိန့် လိုက်နာရန် ပျက်ကွက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့် မင်းပြားမြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မင်းပြားမြို့နယ်အတွင်း ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်ထားရှိပြီး ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ နိရဉ္စရာ/မြန်မာ

 ရှမ်းပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

မူဆယ်တွင် ညမထွက်ရအမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်ထားသည့် Bar ဆိုင်ပိုင်ရှင်နှင့် လာရောက် စားသုံးနေသူများကို ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တရားရုံးမှ ညမထွက်ရအမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်ထားသည့် Bar ဆိုင်ပိုင်ရှင်နှင့် လာရောက် စားသုံးနေသူ စုစုပေါင်း (၇) ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့်  ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် စက်တင်ဘာလ ၄ ရက်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူ ၂၇ ဦးကို ဆက်လက် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ အီလဲဗင်း/မြန်မာ

နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

တောင်ကြီး တွင် Mask တပ်ဆင်ခြင်းမရှိသူများကို ပညာပေးရာ တစ်ရက်လျှင် အယောက်(၁၀၀)ကျော်ရှိ

စက်တင်ဘာလအတွင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို အသိပညာပေး ပြစ်ဒဏ်များ ဆောင်ရွက်ခဲ့ရာ တစ်ရက်လျှင် အယောက် (၁၀၀)ကျော်ရှိကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူ ၁၃၅ ဦး ရှိပြီး ဒုတိယအကြိမ် အသိပညာပေးမှုမှာ ၁၅၆ ဦး ရှိကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း တတိယအကြိမ်အဖြစ် တောင်ကြီးမြို့ နှံ့အပြားတွင် Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို အသိပညာပေး ပြစ်ဒဏ်များ ဆောင်ရွက်ခဲ့ကြောင်း တောင်ကြီးမြို့မှ စေတနာ့ ဝန်ထမ်းကိုဝင်းနိုင်စိုးထံမှ သိရှိရသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ Shannews/မြန်မာ

ရန်ကုန်တိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ 

ရန်ကုန်ရှိ ကေတီဗီ နှစ်ခုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူ

စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် ကိုဗစ်ကူးစက်မှုထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်ထားသည့် KTV  ဆိုင်နှစ်ဆိုင်မှ ဆိုင်ပိုင်ရှင် နှစ်ဦးနှင့် မန်နေဂျာနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃ဝ(က) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ LAX KTV နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ပြည်ထောင်စုလမ်းရှိ Privacy KTV ဆိုင်နှစ်ဆိုင်သည် ကိုဗစ်ကူးစက်မှုထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲဖွင့်လှစ်နေကြောင်း သတင်းရရှိသောကြောင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ Mizzima News/မြန်မာ

တိုင်းနှင့်ပြည်နယ် ၁၀ ခု၌ KTV၊ Bar၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း ၃၄ ခုနှင့် လုပ်ကိုင်သူ ၂၆၀ ကျော်ကို ဖမ်းဆီးအရေးယူ

စက်တင်ဘာလအတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခု၌ ကိုဗစ်-၁၉ ကူးစက်ရောဂါစည်းကမ်း သတ်မှတ်ချက်များကို ဖောက်ဖျက် ကျူးလွန်သည့် KTV၊ Bar၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း ၃၄ ခုနှင့် လုပ်ကိုင်သူ ၂၆၀ ကျော်အား  သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) ဖြင့် ဖမ်းဆီး၍ အမှုဖွင့်ထားကြောင်း သိရှိရ သည်။ ထိုသို့ ဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့ ညတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် နှင့် ပုဗ္ဗသီရိမြို့နယ်၌ KTV ဆိုင် တစ်ဆိုင်၊ ပြည့်တန်ဆာအိမ် နှစ်အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ KTV ဆိုင်တစ်ဆိုင်နှင့် လုပ်ကိုင်သူ လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင်KTV ဆိုင်တစ်ဆိုင်မှ လုပ်ကိုင်သူ နှင့် လာရောက်သီဆိုသူ ၁၆ ဦး ၊ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင်ငူမြို့တွင် တရားမဝင်အနှိပ်ခန်း နှစ်ခန်းမှ ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ ဦးကို ဖမ်းမိခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် တရားမဝင် အနှိပ်ခန်းနှစ်ခန်းနှင့် လုပ်ကိုင်သူ ၃၁ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် အနှိပ်ခန်း သုံးခန်းနှင့် လုပ်ကိုင်သူ ၃၂ ဦး၊ မွန်ပြည်နယ်တွင် KTV ဆိုင်တစ်ဆိုင်နှင့် လုပ်ကိုင်သူတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် KTV နှင့် Bar ဆိုင်နှစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်းတစ်ခန်းနှင့် လုပ်ကိုင်သူ ၅၂ ဦး၊ ရှမ်းပြည်နယ်တွင် KTVနှင့် Bar ဆိုင် လေးဆိုင်နှင့် လုပ်ကိုင်သူ ၃၆ ဦးတို့ကို ဖမ်းမိခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၄ ရက်နေ့တွင် မွန်ပြည်နယ်၌ KTV ဆိုင်တစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်း တစ်ခန်းနှင့် လုပ်ကိုင်သူ ၁၁ ဦး၊ ရန်ကုန်တိုင်းတွင် KTV/Bar ဆိုင်နှစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်း တစ်ခန်းမှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ အနှိပ်သမများ၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း KTV၊ Bar၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်းကိုးခုနှင့် လုပ်ကိုင်သူ ၃၀ ဦးကို ထပ်မံဖမ်းမိခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ 7 Days News/မြန်မာ

ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ရန်ကုန်တွင် နှစ်ရက်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ  ၉၇၁ ဦး အရေးယူခြင်းခံရ

စက်တင်ဘာလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့တို့မှ ညမထွက်ရအမိန့် ကို ဖောက်ဖျက်ကျူးလွန်သည့်  ကျား ၉၂၆  ဦး၊ မ  ၄၅  ဦး၊ စုစုပေါင်း  ၉၇၁ ဦးတို့အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။ ၎င်းတို့အနက်မှ စမ်းချောင်းမြို့နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်ခဲ့သူ ၁၁ ဦးကို  စမ်းချောင်းမြို့နယ်တရားရုံးမှ  ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ပြီး  အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့သည်ဟု စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ The Voice/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ  ၄ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ  ၄ ရက်၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ အီလဲဗင်း/မြန်မာ

နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် တရားစွဲဆိုခံရခြင်းများ

ခုနှစ်ရက်အတွင်း နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသူ ၃၅၀ ဦး နှင့် ညမထွက်ရအမိန့်ကို လိုက်နာခြင်းမရှိသူ ၁၄၉ ဦးကို ဖမ်းဆီးအရေးယူ

စက်တင်ဘာလ ၁၉ ရက်နေ့ မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူ အမျိုးသား ၂၇၂ ဦး၊ အမျိုးသမီး ၇၈ ဦး၊ စုစုပေါင်း ၃၅၀ ဦးကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၅ ဖြင့်  အမှုဖွင့်အရေးယူခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ သိရှိရသည်။ ထို့ပြင် ညမထွက်ရအမိန့်ကိုလိုက်နာရန် ပျက်ကွက်ခဲ့ပြီး အကြောင်းမဲ့ ညအချိန် လမ်းများပေါ်၌ သွားလာနေခဲ့သည့် အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၄၉ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အမှုပေါင်း ၇၃ မှုဖွင့်ခဲ့ပြီး အရေးယူခဲ့သည်ဟု သိရှိရသည်။

ထို့ပြင် စက်တင်ဘာ ၁၉ ရက်နေ့မှစတင်၍ တစ်ပတ်တာကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြည့်တန်ဆာအိမ် နှစ်အိမ် ၊ KTV ဆိုင် တစ်ဆိုင်၊ ဆိုင်ပိုင်ရှင်၊ မန်နေဂျာ၊ အလုပ်သမား အမျိုးသား ရှစ်ဦး ၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၆ ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ VOM/မြန်မာ

ကွာရန်တင်းဝင်နေစဉ် အဆုံးစီရင်မှုဖြစ်ပွားခြင်

 မူးယစ်ရဲတပ်ဖွဲ့ဝင်တစ်ဦး လှိုင် ကွာရန်တင်းစင်တာအဆောက်အဦ လေးလွှာမှ ခုန်ချသေဆုံး

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ကွာရန်တင်းစင်တာတစ်ခုတွင် ကွာရန်တင်းဝင်နေသော မူးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် စင်တာရှိ လေးလွှာပေါ်မှ ခုန်ချသေဆုံး ခဲ့ကြောင်း သိရှိရသည်။ သေဆုံးခဲ့သူမှာ လှိုင်မြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှဖြစ်ပြီး ၎င်းသည် လှိုင်မြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်အတွင်းရှိ မင်းဓမ္မပညာရိပ်သာ ကွာရန်တင်းစင်တာတွင် ကွာရန်တင်း ဝင်နေသူ ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ The Voice/မြန်မာ 

မကွေးတိုင်းဒေသကြီး 

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ဖမ်းဆီး/တရားစွဲဆိုခံရခြင်းများ

 မကွေးမြို့ရှိ မကွေးမင်းသမီး KTV ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး

စက်တင်ဘာလ ၅ ရက်နေ့ ညအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မကွေးမင်းသမီး KTV ကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် ခြောက်ဦးကို အရေးယူခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ဆိုင်ပိုင်ရှင်အမျိုးသမီးအပါဝင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား တစ်ဦးအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရှိရသည်။ မကွေးမင်းသမီး KTV သည် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကိုလိုက်နာခြင်းမရှိဘဲ KTV လုပ်ငန်းလုပ်ကိုင်နေသည်ဟု သတင်းရရှိသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ ဒီဗွီဘီ/မြန်မာ

ပဲခူးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ဖမ်းဆီး/တရားစွဲဆိုခံရခြင်းများ

ဟိုတယ်တွင် အနှိပ်ခန်းဖွင့်၍ ဟိုတယ်ပိုင်ရှင်အပါအဝင် ၁၂ ဦးကို ဖမ်းဆီးအရေးယူ

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ခွင့်ပြုချက်မရှိဘဲ ဟိုတယ်တစ်ခု၌ အနှိပ်ခန်းဖွင့်လှစ်သောကြောင့် ဟိုတယ်ပိုင်ရှင် ဦးကျော်ဝင်းအပါအဝင် ၁၂ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ  ပြောကြားခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရှမ်းမင်းသားဟိုတယ်သည် ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရေးညွှန်ကြားချက်များအား ဖောက်ဖျက်၍ ယင်းဟိုတယ်အတွင်း အနှိပ်ခန်းပြုလုပ်ကာ လုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိ၍ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ 7 Days News/မြန်မာ 

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ 

လက်ပံတန်း ကွာရန်တင်းစင်တာအား လာရောက်နှောင့်ယှက်သူ တစ်ဦးကို ဖမ်းဆီး၊အမှုဖွင့်

စက်တင်ဘာလအတွင်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ၌ ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာတွင် မင်္ဂလာဒုံမြို့နယ်မှ ပြန်လာသည့် ညီဖြစ်သူ ကိုထွန်းနောင်ရှိန်အား ထားရှိခြင်းကို ကျေနပ်ခြင်းမရှိသောကြောင့် အစ်ကိုဖြစ်သူ ကိုကျော်မင်းထွန်းမှ လာရောက် နှောက်ယှက်ခဲ့၍ ဖမ်းဆီးအရေးယူထားသည်ဟု  ကွာရန်တင်းစင်တာ လက်ထောက်တာဝန်ခံ ကိုကျော်ဇင်သန်းမှ ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူရထွန်းလင်းမှ တရားလိုပြုလုပ်၍ ကိုကျော်မင်းထွန်းအား လက်ပံတန်းမြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၆  ဖြင့် အမှုဖွင့်အရေးယူထားသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ဒီဗွီဘီ/မြန်မာ

 တောင်ငူမြို့ ကွာရန်တင်းစင်တာတစ်ခုတွင် ဆူပူသောင်းကျန်းရန်ရှာသူ အမျိုးသား ရှစ်ဦးကို အရေးယူ

စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ TTC ကောလိပ်ဟောင်း ကွာရန်တင်းစင်တာတွင် စခန်းတာဝန်ရှိသူများအား ဆူပူသောင်းကျန်းရန်ရှာခြင်းများ ပြုလုပ်ခဲ့သည့် အမျိုးသား ရှစ်ဦးကို သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း ကွာရန်တင်းစင်တာတာဝန်ခံ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းမှ ပြောကြားခဲ့သည်။ ထိုကွာရန်တင်းစင်တာရှိ အမျိုးသားနှစ်ဦးထံသို့ တောင်ငူမြို့၊ ကျေးတောကျေးရွာနေ ဆွေမျိုးသားချင်းတချို့မှ ပစ္စည်းလာပို့ရာမှ တာဝန်ရှိသူများနှင့် စကားများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့ကာ နှစ်ဖက်အချင်းများခဲ့ရာမှ စင်တာတွင် လုပ်အားပေးနေသည့် အမျိုးသားတစ်ဦး ဦးခေါင်း ပေါက်ပြဲဒဏ်ရာရှိရခဲ့သည်ဟု ကွာရန်တင်းစင်တာ တာဝန်ရှိသူများထံမှ သိရှိရသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ VOM/မြန်မာ

မန္တလေးတိုင်းဒေသကြီး

 မိတ္ထီလာတွင် ရန်ကုန်မှလာသူများကို ကွာရန်တင်းထားသဖြင့် အုပ်ချုပ်ရေးမှူး ရိုက်နှက်ခြင်းခံရ

စက်တင်ဘာလ ၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ ပြန်လာသူများအား ကွာရန်တင်းစင်တာတွင်ထားရှိပြီး စစ်ဆေးသောအခါ ကိုဗစ်-၁၉ ပိုးတွေ့ရှိသောကြောင့် မိတ္ထီလာဆေးရုံကို ပြောင်းရွှေ့ရန် စီစဉ်နေသည်ကို ကျေနပ်ခြင်းမရှိသောကြောင့် ဒေသခံ ကိုမင်းမင်းစိုးအပါအဝင် လေးဦးမှ အုပ်ချုပ်ရေးမှူးကို ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ ထို့ကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၎င်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားသည်ဟု  မိတ္ထီလာအမှတ် ၂ ရဲစခန်းမှ သိရှိရသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ ဒီဗွီဘီ/မြန်မာ

 ရောဂါပိုးထိတွေ့မှုရှိခဲ့သူကို ကွာရန်တင်းဝင်ရန်လာခေါ်သည့် ရာအိမ်မှူး ရိုက်နှက်ခြင်းခံရ

စက်တင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့မှု ခဲ့သူကို ကွာရန်တင်းဝင်ရောက်ရန် သွားခေါ်သည့် ရာအိမ်မှူး ဖြစ်သူသည် ဝိုင်း၍ရိုက်နှက်ခြင်းကိုခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ရိုက်နှက်ခြင်းခံရသူမှာ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်မှ ရာအိမ်မှူး ဦးလှနိုင်ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက် နေ့တွင် လူမှုကူညီရေးအသင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောလူနာနှင့် ထိတွေ့ခဲ့သည့် အမျိုးသမီးနှစ်ဦးကို သွားရောက်ခေါ်ဆောင်စဉ် မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းကို ကျေနပ်ခြင်းမရှိသောကြောင့် အဆိုပါအမျိုးသမီးနှစ်ဦး၏ မိသားစုဝင် ငါးဦးမှ ဆဲဆိုပြီး ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ The Voice/မြန်မာ

 ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ညမထွက်ရအမိန့်ကို လိုက်နာရန် ပျက်ကွက်သူများအား ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ်တရားရုံးများမှ ညမထွက်ရအမိန့်ကို လိုက်နာရန် ပျက်ကွက်ခဲ့သော ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူ (၁၃)ဦး၊ အောင်မြေသာစံမြို့နယ်တွင်နေထိုင်သူ (၉)ဦး၊ မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ (၁၀)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သူ (၁)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ (၉)ဦး၊ အမရပူရမြို့နယ်တွင်နေထိုင်သူ (၈)ဦးနှင့် ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သူ (၇)ဦးတို့အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် မန္တလေးတိုင်းဒေသကြီး အတွင်း နေ့စဉ် ည(၁၂)နာရီမှ နံနက် (၄)နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားရှိခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊The Mandalay News Journal/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ  ၁ ရက်၊ အီလဲဗင်း/မြန်မာ

မလှိုင်မြို့တွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ၁၂ ဦးအား ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ ၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တရားရုံးမှ ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ၁၂ ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့် အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းတို့အား မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ ဒီဗွီဘီ/မြန်မာ

မိတ္ထီလာတွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ခြောက်ဦးကို ထောင်ဒဏ်ချမှတ်

စက်တင်ဘာလအတွင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တရားရုံးမှ  ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ခြောက်ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့်  အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် မိတ္ထီလာမြို့မရဲစခန်းအပိုင်၌ ညမထွက်ရ ဒေသန္တအမိန့်အား ဖောက်ဖျက်သူ သုံးဦး နှင့်  မိတ္ထီလာအမှတ်(၃)ရဲစခန်းအပိုင်၌ ညမထွက်ရ ဒေသန္တအမိန့်အား ဖောက်ဖျက်သူ သုံးဦး၊ စုစုပေါင်း ခြောက်ဦးကို လှည့်ကင်းမှ ဖမ်းဆီး အရေးယူခြင်းဖြစ်သည်ဟု မိတ္ထီလာအမှတ် ၃ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးမှ ပြောကြားခဲ့သည်။ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ပြီး မိတ္ထီလာမြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ ဒီဗွီဘီ/မြန်မာ

မိတ္ထီလာတွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ သုံး ဦးကို ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ ၁၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တရားရုံးမှ မိတ္ထီလာကန် ဝန်ဇင်းကန်ဘောင်တွင်  ညမထွက်ရဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး သွားလာနေသူ ကိုသူရိန်လင်း(ခ)ရခိုင်ကြီး အပါအဝင် သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အလုပ်မဲ့ ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မိတ္ထီလာမြို့နယ်တွင် ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်ခြင်းကြောင့် စက်တင်ဘာလ ၄ ရက်နေ့တွင် လေးဦး၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ခြောက်ဦး၊ ယခုထပ်မံအမိန့်ချမှတ်ခဲ့သူ သုံးဦး အပါအဝင် စုစုပေါင်း ၁၃ ဦး ရှိခဲ့ပြီဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ ဒီဗွီဘီ/မြန်မာ

 

စစ်ကိုင်းတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

 ကွာရန်တင်းစင်တာအတွင်း မူးယစ်ရမ်းကားသူများ ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ခြင်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကလေးတက္ကသိုလ်တွင် ကွာရန်တင်းဝင်နေသည့် လူငယ် ခုနှစ်ဦးသည် မူးယစ် သောက်စားပြီး နိုင်ငံပိုင် ကျောင်းတံခါးကို ဖျက်ဆီးခဲ့သည့်အတွက် ၎င်းတို့ကို သဘာဝ ဘေးအန္တရာယ်ဆိင်ရာ စီမံခန့်ခွဲမှု ဥပဒေ နှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁) တို့ဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမှုဖွင့်ခဲ့သည်ဟု တာဟန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်မိုးအောင်မှ ပြောကြားခဲ့သည်။ အဆိုပါလူငယ် ခုနှစ်ဦးမှာ မောင်လားပတ်တလွန်း၊ မောင်ဇိုးမိန်းထန်း၊ မောင်ဗန်လားဟရဲ၊ မောင်ဗန်ဘွဲ့အုပ်၊ မောင်ဘွဲ့နှောင်အုပ်၊ မောင်ချမ်းမင်းဦးနှင့် မောင်ထင်းနွန်မွောင်း တို့ဖြစ်ကြသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ည ၂ နာရီခွဲအချိန်ခန့်တွင် ၎င်းတို့သည် မူးယစ်သောက်စားကာ စင်တာတွင် နေထိုင် စားသောက်ရေး အဆင်မပြေမှုကို အကြောင်းပြ၍ ဆူပူအော်ဟစ်သောင်းကျန်းခဲ့ကြသည်။ ထို့ကြောင့် စင်တာ ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်ဇေယျာဖြိုးမှ တရားလိုပြုလုပ်ကာ ၎င်းတို့ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁  ရက်၊ ဧရာဝတီ/မြန်မာ

 

ကိုဗစ်၁၉လူနာ၏ဖုန်းကို ခိုးသူအား ကွာရန်တင်းစင်တာ၌ သီးခြားချုပ်နှောင်ထားရှိ

စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းဆေးရုံ သီးသန့်ခန်းအတွင်း ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉လူနာ၏ ဖုန်းကို ဝင်ရောက်ခိုးယူသည့် အသက် (၂၇) နှစ်အရွယ် အမျိုးသားအား ဖမ်းမိ၍  ကွာရန်တင်းစင်တာ၌ သီးခြားချုပ်နှောင်ထားကြောင်း ကောလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းမှ ပြောကြားခဲ့သည်။ ထို့ပြင် ခိုးယူသွားသူ အမျိုးသားကို ကောလင်းမြို့မရဲစခန်းမှ ခိုးမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။ ဆေးကုသမှုခံယူနေသော ကောလင်းမြို့နယ် ပဒုမ္မာကျေးရွာတွင် နေထိုင်သည့် အတည်ပြု လူနာ၏ ဖုန်းနှင့်  တက်ဘလက်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညအချိန်တွင် ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ 7 Days News/မြန်မာ

 

 ချင်းပြည်နယ်

 

ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် တရားစွဲဆိုခံရခြင်းများ

 ညမထွက်ရအမိန့်ကို ဖောက်ဖျက်မှုဖြင့် ပလက်ဝဒေသခံ ၄၁ ဦးကို အရေးယူ

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ကုန်ပစ္စည်းများဝယ်ယူရန် သွားရောက်ခဲ့သည့် ပလက်ဝဒေသခံ ၄၁ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ညမထွက်ရအမိန့်ကို ချိုးဖောက်မှုတို့ဖြင့် အရေးယူထားသည်ဟု ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာမှ ပြောကြားခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် အဆိုပါ ပလပ်ဝဒေသခံ ၄၁ ဦးသည် ကျောက်တော်မြို့သို့ သွားရောက်ခဲ့ပြီး ကုန်ပစ္စည်းများဝယ်ယူကာ ပြန်လာစဉ် ပလက်ဝမြို့သို့ မရောက်မီ ခလရ ၂၈၉ ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ နှစ်ရက်တာစစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပြီးနောက် သာမန်အရပ်သားများဖြစ်သဖြင့် ၎င်းတို့ကို ပြန်လည် လွှတ်ပေးခဲ့သည်။ ထိုအရပ်သား ၄၁ ဦးအား မြို့မမူလွန်ကျောင်းတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသည်ဟု ပလက်ဝဒေသခံ ဦးကျော်ခင်မှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

 နေပြည်တော်ကောင်စီ

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

နေပြည်တော်တွင် ကွာရန်တင်းဝင်နေစဉ် ထွက်ပြေးသူနှစ်ဦးကို ဖမ်းဆီးအရေးယူ

စက်တင်ဘာလအတွင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မရဲစခန်းမှ ပျဉ်းမနားခုတင် ၂၀၀ ဆေးရုံနှင့် စည် ပင်ဧည့်ရိပ်သာတို့၌ ကွာရန်တင်းဝင်နေစဉ် ထွက်ပြေးသွားသူနှစ်ဦးအား အမှတ်(၁)ဇမ္ဗူသီရိမြို့မစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်သက်နိုင်ဦးမှ ပြောကြားခဲ့သည်။ စည်ပင်ဧည့်ရိပ်သာမှထွက်ပြေးသည့် အမျိုးသားကို ၎င်း၏နေအိမ်၌ပင် စက်တင်ဘာလ ၉ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ပြီး  အမှတ်(၁)ဇမ္ဗူသီရိမြို့မစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်  အမှုဖွင့်အရေးယူထားသည်ဟု  ဒုရဲအုပ်သက်နိုင်ဦးမှ ရှင်းပြခဲ့သည်။ ပျဉ်းမနားခုတင် ၂၀၀ မှ ထွက်ပြေးသွားသူကို ပျော်ဘွယ်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဒုရဲအုပ်သက်နိုင်ဦးမှဆိုသည်။ 

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ 7 Days News/မြန်မာ

ဧရာဝတီတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

 ကိုဗစ်၁၉ ထောက်ပံ့ငွေ အလွဲသုံးစားပြုလုပ်ခဲ့သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အရေးယူ

စက်တင်ဘာလအတွင်းတွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့မရဲစခန်းမှ ကိုဗစ်-၁၉ အရေးပေါ်ကာလ ထောက်ပံ့ငွေ အလွဲသုံးစားပြုလုပ်ခဲ့သည့် မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးအောင်ထွန်းကျော်ကို တာဝန်မှရပ်စဲခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။ နိုင်ငံတော်အစိုးရမှ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများကို ချထားပေးသော ကိုဗစ်-၁၉ အရေးပေါ်ကာလ ထောက်ပံ့ငွေ ကျပ် ၄၅ သိန်းကျော်ကို  ဦးအောင်ထွန်းကျော်မှ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့၍ အရေးယူခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြား ခဲ့သည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ The Voice/မြန်မာ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ ဒီဗွီဘီ/မြန်မာ

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈ 

ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅(၀) ၉၇၉ ၅၈၈ ၁၀၁၆

မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ)    +၉၅(၀) ၉၉၇ ၃၀၃ ၁၀၅၀

ဒေါင်းလော့ရယူရန် Final Chronology of COVID-19 in September (Burmese)