၂၀၂၀ ခုနှစ်၊ ဩဂုတ်လ၊ လစဉ်အစီရင်ခံစာ နှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဩဂုတ်လအတွင်း တက်ကြွလှုပ်ရှားသူနှင့် အရပ်သား စုစုပေါင်း (၉) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၉) ဦးအနက်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ နှင့် အမ်းမြို့နယ်များမှ အရပ်သား (၄) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ အိန္ဒိယအက်ဥပဒေ ၁၉(စ)၊ ရန်ကုန်တိုင်းဒေသကြီးမှ တက်ကြွလှုပ်ရှားသူ (၃) ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ ၂၀ နှင့် ပဲခူးတိုင်းဒေသကြီးမှ အရပ်သား (၂) ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဩဂုတ်လအတွင်း တက်ကြွလှုပ်ရှားသူ နှင့် အရပ်သား စုစုပေါင်း (၅၄) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို (၅၄) ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၃) ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၂၀၊  တက်ကြွလှုပ်ရှားသူ (၁) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၆၈၊ အရပ်သား (၂) ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး ကျန် (၄၈) ဦးသည် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ အမ်း၊ စစ်တွေ၊ ပုဏ္ဏာကျွန်းနှင့် ကျောက်ဖြူမြို့နယ်များမှ အရပ်သားများဖြစ်ကြသည်။  

ဩဂုတ်လအတွင်း စုစုပေါင်း (၉) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို (၉) ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၂) ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန် (၇) ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂(က) ဖြင့် စွဲဆိုထားသောစွဲချက်များကို သက်ဆိုင်ရာတရားရုံးအသီးသီးမှ ရုပ်သိမ်းပေးခဲ့သည်။

ဩဂုတ်လအတွင်း စုစုပေါင်း (၄၉) ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သော ကိုနေမျိုးဇင်၊ ကိုသိန်းအောင်မြတ်တို့သည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် (၅) ဦး၊ သံဃာတော် (၄) ပါးကို ဖမ်းဆီးခဲ့ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှ အရပ်သား (၄) ဦးကို ဖမ်းဆီးခဲ့သည်။  

ထို့အတူ ဩဂုတ်လအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် (၅) ဦး နှင့် ချင်းလူငယ် (၃) ဦးတို့ကို ပြန်လည် လွှတ်ပေးခဲ့သည်။ 

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ

ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သော ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံသည် (၃၂) တိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့တွင် ရုန်းကန်နေကြရဆဲဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားအရေးနှင့်ဆက်နွယ်သော ပြည်တွင်းစစ်သည်လည်း ချုပ်ငြိမ်းနိုင်ခြင်းမရှိသေးချေ။ မျက်မှောက်ကာလတွင်လည်း တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ လယ်သမားများ၊ အလုပ်သမားများနှင့် အရပ်သားများသည် ဘက်ပေါင်းစုံမှ ဖိနှိပ်၊ ကန့်သတ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေအမျိုးမျိုးကြောင့် လူ့အခွင့်အရေးဆိုသည်မှာ မှေးမှိန် ပျောက်ကွယ်လုသော အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် (၃၂) တိုင်ခဲ့ပြီဖြစ်သော ဒီမိုကရေစီမျှော်လင့်ချက်ကို ဖော်ဆောင် ရန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အဓိကျသည့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဖိနှိပ်ထားသော ဥပဒေများကို ပြင်ဆင်ခြင်း/ဖျက်သိမ်းခြင်း၊ နိုင်ငံသားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးမည့် ဥပဒေများကို ရေးဆွဲ ပြဌာန်းခြင်း၊ ဖမ်းဆီး/တရားစွဲဆို/ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်တွင်းနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေကြသူရများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ အစိုးရအနေ ဖြင့် ကဏ္ဍအလိုက် အမြန်ဆုံး ဖော်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

အနီးစပ်ဆုံးဥပမာအားဖြင့် ဩဂုတ်လ ၂၀ ရက်နေ့က လွှတ်တော်နှစ်ရပ်တွင် အတည်ပြုခဲ့သည့် ၁၉၅၉ တပ်မတော်အက်ဥပဒေ ပြင်ဆင်ချက်သည် ယခင်က သုံးနှစ်အတွင်းသာ စီရင်ခွင့်ရှိသည့် စစ်တရားရုံး၏ စီရင်ခွင့်ကို ကာလစည်းကမ်းသတ် ပယ်ဖျက်ရာ ရောက်နေသည့်သဘောကို တွေ့ရှိရသည်။ ထို့ကြောင့် တချိန်တွင် ပြန်လည်ပေါ်ပေါက်လာနိုင်သည့် တပ်မတော်အတွင်းမှ ရာဇဝတ်မှုများအား အရပ်ဘက်တရားရုံးသို့ လွှဲပြောင်းစီရင်ခွင့်ကို ဟန့်တားပိတ်ဆို့လိုက်ရာရောက်ကြောင်း သုံးသပ်နိုင်သည်။

လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်

ဩဂုတ်လအတွင်းတွင်လည်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အပြုသဘောဆောင်သော တိုးတက် မှုများမရှိဘဲ ထိခိုက်လွယ်သော အနေအထားတွင်သာ ဆက်လက်ရှိနေသည်ကို တွေ့ရှိရသည်။ ထို့ပြင် ထိုအခွင့်အရေးကို ကျင့်သုံးသူများသည်လည်း နည်းမျိုးစုံဖြင့် ဖိနှိပ်ခြင်းများကို ရင်ဆိုင်နေကြရသည်။ ဩဂုတ်လအတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ (DPW) မှ ဒေါ်စိန်ထွေးသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ ၁၉ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်သာမက ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၂၀ ဖြင့်လည်း တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထိုမျှသာမက ကရင်လူငယ် စသိန်းဇော်မင်းနှင့် စောစကွာလာတို့သည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၂၀၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို နယ်မှ အရပ်သားနှစ်ဦးဖြစ်သည့်  ဦးအောင်မိုးဇော်နှင့် ဦးကြည်ဝင်းတို့သည်   ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင်သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခြင်းခံထားရပြီး ရွှေဝါရောင် ဆရာတော် ဦးစိန္တိတသည် ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချမှတ်ခြင်းခံခဲ့ရကာ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) သည်လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။ 

အထက်ပါအမှုဖြစ်စဉ်များကို သုံးသပ်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတိုင်းအတာသည် မည်မျှအထိ ကျဆင်းနေသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေကို တိုးတက်ရန်အတွက် ဆောင်ရွက်ရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်။ ဥပဒေရေးရာအနေဖြင့်  အစိုးရမှ ထိုအခွင့်အရေးကို အာမခံ ပေးထားသည့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာ၍ အတည်ပြုလက်မှတ် ရေးထိုးခြင်း၊ အဆိုပါအခွင့်အရေးကို အာမခံ ပေးနိုင်သည့်  အစီအမံများကို စနစ်တကျချမှတ်၍ ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်ရပေမည်။ ထို့အပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ 

အကျဉ်းထောင်/အချုပ်ထောင်များတွင်း အခြေအနေများ

မြန်မာနိုင်ငံရှိ အကျဉ်းထောင်/အချုပ်ထောင်များအတွင်း အခြေအနေများသည် သိသာထင်ရှားစွာ ပြောင်းလဲခြင်းမရှိသေးကို တွေ့ရှိရသည်။ အထူးသဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းနည်းလမ်းကို အသုံးပြု၍ ဝန်ခံလာစေရန်ပြုလုပ်ခြင်းနှင့် အပြစ်ပေးခြင်း တို့သည် မျက်မှောက်ကာလထိတိုင်အောင် ဆက်လက်ရှိနေခြင်းသည် အလွန်အမင်းစိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်သည်။ ဩဂုတ်လအတွင်းတွင် မန္တလေးလူငယ်သင်တန်းကျောင်း၌ ထိန်းသိမ်းခြင်းခံထားရသော  လူငယ်ငါးဦးသည် ၎င်းတို့ကို ထိန်းသိမ်း ထားရှိရာ သင်တန်းကျောင်းမှ ထွက်ပြေးသောကြောင့် ဝိုင်းဝန်းထိုးကြိတ်ခြင်းခံခဲ့ရပြီး အသက် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦး သေဆုံးသွားခဲ့သည်။ တစ်ဦးမှာ ဆေးကုသမှု ခံယူခဲ့ရသည်။ ထိုလူငယ်နှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ကာ လက်ရှိတွင် အဆိုပါသင်တန်းကျောင်းမှ သံသယရှိသူဝန်ထမ်းငါးဦးအား ခေါ်ယူ၍ ဖမ်းဆီးစစ်ဆေးလျက် ရှိသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ အဆိုအရသိရှိရသည်။ ထို့ပြင် ဘိုကလေးမြို့နယ်၊ မြင်းကကုန်းရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသားတစ်ဦးသည် ခန္ဓာကိုယ်အနှံ့ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။  ထိုသေဆုံးမှုအတွက် ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေးခုံအဖွဲအား ဖွဲ့စည်း၍ ရဲစခန်းတာဝန်ရှိသူများကို စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေမှ ပြောကြားခဲ့သည်။

ထိုအမှုဖြစ်စဉ်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိနေသည့်အပေါ် ကြိုဆိုပြီး ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်ပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။ ညှဉ်းပန်းနှိပ်စက်မှုသည် လူ့ဂုဏ်သိက္ခာကို လေးစားမှုမရှိကြောင်း ညွှန်းဆိုပြသနေပြီး အခွင့်အာဏာကို လွဲမှားစွာဖြင့် အသုံးချခြင်းဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ဥပဒေကို ကြပ်မတ်ထိန်းသိမ်းသူ များ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၏ အပိုဒ် ၂ နှင့် အပိုဒ် ၅ တို့တွင် လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာရမည်ဟု ဖော်ပြထားပြီး ညှဉ်းပန်းနှိပ်စက်မှုမှ ကာကွယ်မှုပေးထားသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို ထိခိုက ်စေသည်သာမက ၎င်းတို့ ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း လူမှုပတ်ဝန်းကျင်နှင့် ပြန်လည်ပေါင်းစပ်ရာ၌ သက်ရောက် မှုများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အကျဉ်းထောင်၊ အချုပ်ထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ ထပ်မံဖြစ်ပွားခြင်း မရှိစေရန်အတွက် ကြပ်မတ်စွာဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။ ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများကို လူ့အခွင့်အရေးနှင့် ပတ်သက်သော အသိပညာများ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသောဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ် (UNCAT) စသည့် စာချုပ်များနှင့်ပတ်သက်သော အသိပညာများကို ပို့ချပေးရမည်ဖြစ်သည်။ ထို့နောက် ကျူးလွန်သူများကို ထိရောက်စွာအရေးယူခြင်းအားဖြင့် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေး ရမည်။

နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးမှုများ

မြန်မာနိုင်ငံအတွင်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးလျက်ရှိသည်ကို ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် အမျိုးမျိုး သောဖြစ်စဉ်များက ထင်ရှားစွာ ထုတ်ဖော်ပြသလျက်ရှိသည်။ 

  • လက်ပံတန်းကျောင်းသားသပိတ်နှင့်ဆက်နွယ်၍ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ရှေ့နေအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရ သော ဒေါ်ခင်ခင်ကျော်သည် ရှေ့နေလိုင်စင်ကို ပြန်လည်အပ်နှံခဲ့ရခြင်း၊
  • လက်ပံတန်းကျောင်းသားသပိတ်တွင်ပါဝင်ခဲ့သော ကျောင်းသားတို့၏အမှုများကို ပိတ်သိမ်းခဲ့သော်လည်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဟောင်း ကိုအောင်သန့်ဇင်ဦး (ခ) ကိုလင်းထက်နိုင် (ခ) ဂျိမ်းကို စွဲဆိုထားမှုအား တရားလိုဘက်မှ ပိတ်သိမ်းပေးခြင်းမရှိသောကြောင့် ကိုအောင်သန့်ဇင်ဦး (ခ) ကိုလင်းထက်နိုင် (ခ) ဂျိမ်းသည် လေးနှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း၊
  • စစ်ရေးပဋိပက္ခ ပြင်းထန်လျက်ရှိသော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား နှင့် အမ်းမြို့နယ်တို့ရှိ ကျေးရွာအုပ်စု (၁၅) အုပ်စုတွင် မဲစာရင်း မကပ်နိုင်ခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြန်မာ-ထိုင်း နယ်စပ်တွင် ခိုလှုံနေထိုင်ကြသည့် ရှမ်းစစ်ဘေးဒုက္ခသည်ခြောက်ထောင်ကျော်သည် လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးနေဆဲဖြစ်ခြင်း၊
  • သားဖြစ်သူဗိုလ်မှူး ရက္ခိုင့်တပ်တော် (AA) အတွင်းသို့ ဝင်ရောက်သွားသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်လောင်း ဦးဖိုးစံသည် ကိုယ်စားလောင်းအဖြစ်မှ ပယ်ချခံခဲ့ရခြင်း၊
  • ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ငါးဦးတို့၏ ကိုယ်စားလှယ်လောင်းလျှောက်လွှာများ ပယ်ချခံခဲ့ရခြင်း၊

နိုင်ငံသား အခွင့်အရေးဆိုသည်မှာ နိုင်ငံသားတို့၏ အသက်ရှင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို အစိုးရက တရားလက်လွတ် ဝင်ရောက် နှောက်ယှက်ခြင်းမှ ကာကွယ်ပေးသော အခွင့်အရေးများကို ဆိုလိုသည်။ နိုင်ငံရေးအခွင့်အရေးဆိုသည်မှာ တိုင်းပြည်အစိုးရ၏ လုပ်ငန်းရေးရာများတွင် နိုင်ငံသားများ ပါဝင်ပတ်သက်ခွင့်ကို ဆိုလိုပါသည်။ မြန်မာနိုင်ငံတွင် ထိုအခွင့်အရေးများသည် အကန့်အသတ်ဖြင့်သာရှိနေသည်မှာ ငြင်းဆိုဖွယ်ရာမရှိပေ။ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်မှသာ ဒီမိုကရေစီကို ဖော်ဆောင်နေသော အစိုးရတစ်ရပ်ဟု ညွှန်းဆိုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ဖော်ဆောင်ပေးခြင်းသည် အသွင်ကူးပြောင်းရေးတွင် မရှိမဖြစ်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားရာဒေသများတွင် နေထိုင်လျက်ရှိသည့် ဌာနေတိုင်းရင်းသားများ မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရန်လည်း ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

ဩဂုတ်လအတွင်းတွင် တိုင်းရင်းသားဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီး ဌာနေတိုင်းရင်းသား များသည် ဖမ်းဆီး၊ တရားစွဲဆိုမှုများကို ဆက်လက်ရင်ဆိုင်နေကြရသည်။ ထို့ပြင်  သံသယဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရကာ ညှဉ်းပန်းနှိပ်စက်မှုများလည်း ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။ ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များ အနက်မှ ဖြစ်စဉ်တချို့ကို အောက်တွင် ကောက်နုတ်ဖော်ပြထားသည်။  

ညှဉ်းပန်းနှိပ်စက်မှုများ

မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများကို ကာကွယ်ရန်အတွက် ဥပဒေသများ၏ အပိုဒ် ၆ တွင် မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများ ကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်၍ လူမဆန်သော၊ လူ့ဂုဏ်သိက္ခာကိုကျဆင်းစေသော ပြုမှုဆက်ဆံခြင်း သို့မဟုတ် အပြစ်ပေး ခြင်းများ မပြုလုပ်ရဟု ဖော်ပြထားသည်။  မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တိုက်ပွဲများ အတွင်း ဌာနေတိုင်းရင်းသားများစွာသည် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်ခံစားခဲ့ကြရသော်လည်း ၎င်းတို့ အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိပါ။ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသရွေ့ လူ့အခွင့် အရေးချိုးဖောက်မှုများလည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်။ ဩဂုတ်လအတွင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ကျင်းပပြီးစီးခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) ကို ညီလာခံတက်ရောက်ခွင့် မပြုခဲ့ပါ။ ထိုအခြင်း အရာသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေသည်။ ထို့အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွင် နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများအတွက် များစွာ ထိခိုက်နစ်နာစေသည်။ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး အလုံးစုံပါဝင်၍ ဆွေးနွေးမှသာလျှင် စစ်မှန်သော ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ 

အခြားတဖက်တွင်လည်း ရခိုင်ဒေသ၌ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို ဆိုးရွားစွာ ရင်ဆိုင်နေ ကြရချိန်ဖြစ်သည်။ သို့သော်လည်း စက်တင်ဘာလကုန်အထိ တပ်မတော်မှ ထပ်မံတိုးမြင့်ပေးခဲ့သော အပစ်ရပ်သက်တမ်းတွင် ရခိုင်ဒေသနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ပါဝင်ခြင်းမရှိပါ။ ထိုအခြင်းအရာသည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ရောဂါကာကွယ်ရေးများကို ထိရောက်စွာ လုပ်ဆောင် နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အဆိုပါဒေသများတွင် ကူးရောဂါစက် ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင် ရန်အတွက် အစိုးရမှ နည်းလမ်းများရှာဖွေ၍ အမြန်ဆုံးဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

ဒေါင်းလော့ရယူရန် Burmese-Chronology-and-MiR-for-August-Edit

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 33 Remaining PP list burmese

အမှုရင်ဆိုင်ဆဲစာရင်း 504 Facing Trial List (Burmese) Updated on 31 Aug 20

၆၆ (ဃ) မှတ်တမ်း ဒေါင်းလော့ရယူရန် 66 (D) total list(new) Updated