အေအေပီပီမှ ဩဂုတ်လအတွက် ကိုဗစ် သတင်းလွှာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါနှင့်ဆက်နွယ်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလကတည်းကစတင်၍ မှတ်တမ်းပြုစု လေ့လာ သုံးသပ်မှုများ ပြုလုပ်ကာ ကိုဗစ်သတင်းလွှာအား လစဉ် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ နှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် စာရင်းများကိုလည်း ကိုဗစ်-၁၉ သတင်းလွှာနှင့်အတူ မှတ်တမ်းပြုစု၍ လစဉ် ထုတ်ပြန်လျက်ရှိသည်။

ဩဂုတ်လအတွင်းတွင် ကွာရန်တင်းစင်တာများ၌နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက်  ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေ ပုဒ်မ  ၁၈ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၂) ဦး နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က)  ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၂)ဦး ရှိသည်။ ထို့ပြင် ကိုဗစ်ကာလအတွင်း ညမထွက်ရအမိန့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ စုစုပေါင်း (၁၅) ဦးရှိသည်။ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အပြစ်ပေးအရေးယူခြင်းခံထားရသူ (၄၄) ဦး ရှိသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသူ (၂) ဦး ရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူများ

ဩဂုတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများစာရင်းနှင့် ကွာရန်တင်းဝင်နေသူများ စာရင်းအား လေ့လာ၍ မှတ်တမ်းပြုခဲ့ပါသည်။ ဩဂုတ်လကုန်အထိ AAPP မှ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများ နှင့် ကွာရန်တင်းဝင်နေသူ ဦးရေကို အောက်ဖော်ပြပါဇယားတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။

ကချင်ပြည်နယ်

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

ကွာရန်တင်းစင်တာတွင် ဘိန်းဖြူနှင့်ဆေးထိုးအပ်များ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုယ်းကောင်းမြို့၊ နောင်ကိုင်တော်ရပ်ကွက်၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ဖွင့်လှစ်ထားသည့် COVID-19 Facility Quarantine Centre တွင် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း၌ ဘိန်းဖြူ နှင့် ဆေးထိုးအပ်များ ဖမ်းဆီးရမိခဲ့သည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ထိုင်းမှပြန်လာပြီး ကွာရန်တင်းဝင်နေသည့် ကိုဖြိုးဇင်ဝင်းမောင်ထံသို့ ၎င်း၏သူငယ်ချင်းဖြစ်သူ ကိုဇော်ဝင်းလတ်မှ အစားအသောက်များလာပို့ချိန်တွင်  ၎င်းစင်တာ၌ တာဝန်ကျနေသည့် နယ်ထိန်း ဒုရဲအုပ် စိုးညွှန့်အောင်နှင့်အဖွဲ့မှ ပါဆယ်ထုပ်များအား စစ်ဆေးခဲ့သည်။ ထိုကဲ့သို စစ်ဆေးရာတွင် ပါဆယ်ထုပ်များအတွင်း၌ ဘိန်းဖြူမှုန့်ထည့်ပြီးသော ပလပ်စတစ် ဆေးထိုးအပ် သုံးချောင်းကို တွေ့ရှိခဲ့၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်မှုခင်း အကူဌာနစိပ်ရှိ ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ မိုယ်းကောင်းမြို့မရဲစခန်းမှ ကိုဖြိုးဇင်ဝင်းမောင် နှင့် ကိုဇော်ဝင်းလတ် တို့ကို မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ) /၂၁ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ Voice of Myanmar News/မြန်မာ

ကရင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 လိပ်သိုမြို့တွင် ကိုဗစ်ထောက်ပံ့ငွေ အပြည့်အဝပေးအပ်ခြင်းမရှိသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တိုင်ကြားခြင်းခံရ

ကရင်ပြည်နယ်၊ လိပ်သိုမြို့၊ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသည့် အ‌ခြေခံလူတန်းစားများအတွက် နိုင်ငံတော် မှ ပေးအပ်သည့်  ကိုဗစ်ထောက်ပံ့ငွေများအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အပြည့်အဝ ပြန်လည် ပေးအပ်ခြင်း မရှိသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်ကြားထားသည်ဟု သိရှိရသည်။

ရှမ်းလယ်ပြင်ကျေးရွာအုပ်စုအတွင်းတွင် နိုင်ငံတော်မှ ပေးအပ်ထားသည့် ထောက်ပံ့ငွေများအနက်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀၀၀ အပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်သောငွေများအနက်မှ  ရွာသားတစ်ဦးကို ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံခဲ့၍ တိုင်ကြားထားခြင်း ဖြစ်သည်ဟု သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်မှ  ပြောကြားခဲ့သည်။ ရှမ်းလယ်ပြင်ကျေးရွာ အုပ်စုအတွင်းတွင် ကျေးရွာပေါင်း ၁၈ ရွာရှိပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ခြေပေါင်း ၄၀၀ အတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၈၀ အနက်မှ တစ်အိမ်ထောင်ကို ကျပ် ၁၀၀၀ နှုန်းဖြင့် ဖြတ်တောက်ကောက်ခံသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ ဒီဗွီဘီ/မြန်မာ

ရခိုင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

  စစ်တွေမြို့၌ နှာခေါင်းစည်း(Mask)မတပ်ဘဲ အိမ်ပြင်ထွက်သူ ၃ဝ ကျော် ခံဝန်လက်မှတ်ရေးထိုးရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နှာခေါင်းစည်း(Mask)မတပ်ဘဲ အိမ်ပြင်ထွက်သူ ၃ဝ ကျော်ကို ရဲစခန်းသို့ ခေါ်ယူ၍ ခံဝန်လက်မှတ်ရေးထိုးစေကာ သတိပေးမှုပြုလုပ်၍ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရှိရသည်။

သြဂုတ်လ ၂ဝ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများအား  နှာခေါင်းစည်း(Mask)မတပ်ဘဲ အိမ်ပြင်မထွက်ကြရန်၊ စျေးဝယ်ထွက်လျှင် တစ်အိမ် တစ်ဦးကျသာ သွားရောက်ရန်၊ ဆေးရုံ/ဆေးပေးခန်းများသွားရောက်ရန်ရှိပါက လူနှစ်ဦးသာ သွားရောက်ရန်နှင့် အရေးပေါ်ကိစ္စများ သွားရောက်ရန်ရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အသိပေးပြီးမှ သွားရောက်ရန်စသည့် အချက်များကို ထုတ်ပြန်ထားသည်။ သို့သော်လည်း စစ်တွေမြို့မှ ပြည်သူအချို့မှာ လိုက်နာမှု အားနည်းလျက်ရှိသဖြင့် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ၊ Narinjara News/မြန်မာ

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား အရေးယူ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့များ၌ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား စတင်အရေးယူ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၅ ရက်နေ့၌ မောင်တောမြို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူ ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ဒဏ်ငွေ တစ်သောင်းပေးဆောင်စေကာ အရေးယူခဲ့ကြောင်း သိရှိရသည်။ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း စစ်ဆေးရေး အဖွဲ့မှ သြဂုတ်လ ၂၅ ရက်နေ့ နံနက်မှစတင်၍ မြို့တွင်းနေရာများ၌ အဖွဲ့(၂)ဖွဲ့ ခွဲကာ မြို့နယ်အတွင်း သွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး ပညာပေးခြင်း၊ ဝန်ခံကတိရယူခြင်း၊ ဒဏ်ငွေပေးသွင်းစေခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ အီလဲဗင်း/မြန်မာ

ရန်ကုန်တိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ထောင်ဒဏ်ချမှတ်

ဩဂုတ်လ ၆ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ မရန်းကုန်းမြို့နယ်တရားရုံးမှ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က) ဖြင့် ထောင်ဒဏ် သုံးလစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် ဒေသန္တရမိန့်ထုတ်ပြန်ထားသည့် ဧပြီလပထမပတ်တွင် လူစုလူဝေးနှင့် ဝတ်ပြုခြင်း၊ ဓမ္မတေးသီဆိုဆုတောင်းခြင်းတို့ကို ပြုလုပ်ခဲ့သောကြောင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ဇူလိုင်လ ၂ ရက်နေ့ ရုံးချိန်းတွင် ၎င်းတို့ နှစ်ဦးကို စတင် စွဲချက်တင်ခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့၊ ၁၄ ကြိမ်မြောက်ရုံးချိန်း၌ အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ ဧရာဝတီ/မြန်မာ

မကွေးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

မကွေးတိုင်းဒေသကြီးတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူထားသည့် အမှုပေါင်း ၁၉ မှုရှိ

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ငါးခု၌ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ဖြင့် အရေးယူထားသည့် အမှုပေါင်း ၁၉ မှု ရှိကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့်  ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူထားမှုမှာ မကွေးခရိုင်၌ (၄) မှု၊ မင်းဘူးခရိုင်၌ (၁) မှု၊ ပခုက္ကူခရိုင်၌ (၉) မှု၊ သရက်ခရိုင်၌ (၂) မှု နှင့် ဂန့်ဂေါခရိုင်၌ (၃) မှု၊ စုစုပေါင်း ၁၉ မှု ရှိကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်မှ ပြောကြားခဲ့သည်။

စည်းကမ်းဖောက်ဖျက်သူများကို သက်ဆိုင်ရာတရားရုံးများမှ ဒဏ်ငွေ ငါးသောင်းကျပ် နှင့် ထောင်ဒဏ်တစ်လချမှတ်မှု  (၁) မှု၊ ထောင်ဒဏ် သုံးလချမှတ်မှု (၁၄) မှု၊ ဒဏ်ငွေ  ငါးထောင်ကျပ် ချမှတ်မှု  (၃)  မှုရှိပြီး (၁) မှုသည် စစ်ဆေးနေဆဲ ဖြစ်သည် ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ဒီဗွီဘီ/မြန်မာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုပ်ပုံပါ နှာခေါင်းစည်းတပ်ဆင်မှုကြောင့် ရဲအုပ်နှင့် ဒုရဲအုပ်ကို နယ်သို့ ပြောင်းရွှေ့ တာဝန်ချထား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုပ်ပုံပါ နှာခေါင်းစည်းတပ်ဆင်မှုကြောင့် ရဲအုပ်တစ်ဦး နှင့် ဒုရဲအုပ် တစ်ဦးကို  နယ်သို့ ပြောင်းရွှေ့တာဝန်ချထားခဲ့ကြောင်း သိရှိရသည်။ သတင်းရဲတပ်ဖွဲ့၏ နိုင်ငံတကာရေးရာဌာနမှ ရဲအုပ်သန့်ဇင်အောင်သည် ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်လျက် ပါတီတစ်ခု၏ အမှတ်အသားဖော်ပြပါရှိသော နှာခေါင်းစည်း တပ်ဆင်ထားသည့်ဓာတ်ပုံအား ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ ရဲအုပ်သန့်ဇင်အောင်ကို လက်ရှိနေရာမှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ပြောင်းရွှေ့တာဝန်တာဝန်ချထားခဲ့သည်။ ထို့ပြင် ဒုရဲအုပ် ဇင်မင်းလွင်ကို လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ထောက်လှမ်းရေးဌာနမှ ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်းမြို့သို့ တွဲဖက် တာဝန်ချထားခဲ့ကြောင်း သိရှိရသည်။ ၎င်းပြင် ဒုရဲအုပ် ဇင်မင်းလွင်အား ရဲအုပ်အဆင့်သို့ ရာထူး တိုးမြှင့်ခန့်ထားခဲ့ခြင်းကို ပယ်ဖျက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ စံတော်ချိန် လူမှုကွန်ရက် စာမျက်နှာ/မြန်မာ

မန္တလေးတိုင်းဒေသကြီး

ညမထွက်ရအမိန့် ချိုးဖောက်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 မန္တလေး၌ ည(၁၂)နာရီနောက်ပိုင်း နေအိမ်ပြင်ပ နေထိုင်သွားလာသူများကို ဖမ်းဆီးထောင်ချ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တရားရုံးနှင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှ ည(၁၂)နာရီနောက်ပိုင်း နေအိမ်ပြင်ပတွင် နေထိုင်သွားလာသူ (၁၅)ဦးခန့်ကို ညမထွက်ရ အမိန့် ဖောက်ဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းတို့သည် မန္တလေးမြို့၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်များမှ ဖြစ်ကြပြီး သြဂုတ်လ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့ ညတွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ခဲ့ခြင်းအတွက် ဖမ်းဆီး၊ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ရက်၊ Mandalay In-depth News လူမှုကွန်ရက်စာမျက်နှာ/ မြန်မာ

စစ်ကိုင်းတိုင်းဒေသကြီး

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

မုံရွာတွင် ကိုဗစ်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသောကြောင့် ဆိုင် ၅၀ ကျော်ကို ဒဏ်ရိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသောကြောင့် ဈေးဆိုင် နှင့် စားသောက်ဆိုင်ပေါင်း ၅၆ ဆိုင်ကို ဒဏ်ငွေရိုက် အရေးယူခဲ့ကြောင်း မုံရွာမြို့ စည်ပင်သာယာရေး ကော်မတီမှ သိရှိရသည်။

မုံရွာမြို့တွင် ကိုဗစ်ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ရသည့် ဆိုင် ၂၉၇ ဆိုင် ရှိရာ ထိုဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ စည်းကမ်း ဖောက်ဖျက်သည့် ဆိုင် ၅၆ ဆိုင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မုံရွာ စည်ပင်သာယာရေး ကော်မတီ ဒု ညွန်ကြားရေးမှူး ဦးထွန်းထွန်းမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်/ ဧရာဝတီ/မြန်မာ

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်/ ဒီဗွီဘီ/မြန်မာ

ကိုဗစ်-၁၉ ထောက်ပံ့ငွေပေးအပ်မှုတွင် မသမာမှုများရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာတချို့တွင် ကိုဗစ်ကာလ၌ အခြေခံလူတန်းစားများကိုပေးအပ်သည့် ကိုဗစ် ကာလထောက်ပံ့ငွေနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ မသမာမှုများရှိနေပြီး တိုင်ကြားရာ၌ ခေါ်ယူ၍စစ်ဆေးခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများမှ ပြောကြားခဲ့သည်။

ဦးဆောင်တိုင်ကြားသူ တောင်/အုန္နဲဘုတ်ရွာသား ဦးဇော်မျိုးအောင်မှ “အခြေခံလူတန်းစား စာရင်းကို လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းထံမှ ယူကြည့်သည့်အခါ စာရင်းတွင်းပါသူနှင့် ပေးသူတခြားစီဖြစ်နေ၍ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တိုင်ကြားခဲ့သည်၊ ထိုကဲ့သို့ တိုင်ကြားသောကြောင့် ရွာသူ/ရွာသားများကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ပြီးသော်လည်း ယခုချိန်အထိ ထူးခြားခြင်းမရှိသေးပါ”ဟု ပြောကြားခဲ့သည်။

အလားတူ ရွာသာကြီးကျေးရွာမှ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံသို့ တိုင်ကြားထားသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း  ဦးဆောင်တိုင်ကြားသူ ဒေါ်ခင်မို့မို့မှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဒီဗွီဘီ/မြန်မာ

နေပြည်တော်ကောင်စီ

လူစုလူဝေးဖြစ်စေခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားမှုကို အရေးယူဆောင်ရွက်၍ မရကြောင်း ရဲစခန်းမှ ပြောကြား

လူစုလူဝေးဖြစ်စေခဲ့သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူ ပေးရန် တိုင်ကြားချက်သည် ရဲအရေးပိုင်သော အမှုမဟုတ်သောကြောင့် အရေးယူဆောင်ရွက်၍မရကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မိုးအောင်မှ တိုင်ကြားသူကို ခေါ်ယူရှင်းပြခဲ့သည်ဟု ပြောကြားခဲ့သည်။ ဩဂုတ်လ ၁၉ ရက်နေ့တွင် NLD ပါတီဥက္ကဋ္ဌ နှင့် ပါတီခေါင်းဆောင်တစ်ချို့သည် ပါတီဝင်တစ်ချို့၏ နေအိမ်များကို သွားရောက်တွေ့ဆုံခဲ့ သည့်အပေါ် လူစုလူဝေးဖြစ်စေသည်ဟုဆိုကာ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးညီညီ(ခ) ဦးထွန်းမြင့်အောင်မှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ One News/မြန်မာ

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ Shan News/မြန်မာ

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ RFA News/မြန်မာ

ဧရာဝတီတိုင်းဒေသကြီး

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 ပုသိမ်တွင် KTV ဆိုင်လာသူများနှင့်ဝန်ထမ်းများကို ထောင်ဒဏ်ချမှတ်

သြဂုတ်လ ၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တရားရုံးမှ  ပုသိမ်မြို့၊ အမှတ် ၁၅ ရပ်ကွက်ရှိ “999 KTV” ဆိုင်ဝန်ထမ်းများနှင့် ဆိုင်သို့ လာရောက်သီချင်းဆိုသူ စုစုပေါင်း ၁၃ ဦးအနက်မှ အသက်ပြည့်သူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် နှစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကိုဗစ်-၁၉ ကန့်သတ်မိန့်ကို  လိုက်နာခြင်းမရှိသောကြောင့် “999 KTV” ဆိုင်အား ရဲတပ်ဖွဲ့မှ ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၁၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အသက်မပြည့်သည့် မိန်းကလေး တစ်ဦးကို မိဘထံသိုံ ပြန်လည် အပ်နှံခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူတစ်ဦးမှ ၎င်းတို့အား ပုသိမ်မြို့နယ်တရားရုံး တွင်  ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ ဒီဗွီဘီ/မြန်မာ

 ဖျာပုံတွင် စည်းကမ်းလိုက်နာခြင်းမရှိသူများကို ဒဏ်ရိုက်အရေးယူ

ဩဂုတ်လအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပတွင် သွားလာနေသူများကို နှာခေါင်းစည်း (Mask) သုံးခုကို ငွေကျပ် သုံးထောင်နှုန်းဖြင့် ဝယ်ယူစေပြီး အခုဝယ် အခုတပ်စနစ်ဖြင့် ဒဏ်ရိုက်အရေးယူနေပြီဖြစ်ကြောင်း ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး စောနေနိုင်ထွန်းမှ ပြောကြားခဲ့ သည်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရန်အတွက်  နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများကို သုံးရက်ကြာ အသိပညာပေးမှု ပြုလုပ်ခဲ့ပြီးနောက် သြဂုတ်လ ၃၀ ရက်နေ့၌ စတင်၍ အရေးယူ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ ဒီဗွီဘီ/မြန်မာ

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈ 

ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅(၀) ၉၇၉ ၅၈၈ ၁၀၁၆

မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ)    +၉၅(၀) ၉၉၇ ၃၀၃ ၁၀၅၀

ဒေါင်းလော့ရယူရန် နှိပ်ပါ Final COVID-19 News Letter in August (Burmese)