အေအေပီပီမှဇူလိုင်လအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဇူလိုင်လအတွင်း စုစုပေါင်း (၂၂) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၂၂) ဦးအနက်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များမှ အရပ်သား ၁၇ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊(ဈ)၊(ည)၊ ၅၂(က)၊(ည)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အရပ်သားတစ်ဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)၊ မန္တလေးတိုင်းဒေသကြီးမှ ဆရာတော်တစ်ပါးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ အီလဲဗင်း သတင်းဌာနမှ သတင်းထောက်တစ်ဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈(က)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)ဥက္ကဌတစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ရန်ကုန်တိုင်းဒေသကြီးမှ အရပ်သားတစ်ဦး သည် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) တို့ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဇူလိုင်လအတွင်း စုစုပေါင်း (၅၂) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို (၅၂) ဦးအနက်မှ (၄၇) ဦးသည် ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ်များမှ ဖြစ်ကြပြီး ကျန် (၅) ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ဖြစ်ကြသည်။

ဇူလိုင်လအတွင်း တက်ကြွလှုပ်ရှားသူ (၂၄) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထိုတက်ကြွလှုပ်ရှားသူ (၂၄) ဦးအနက်မှ (၁၉) ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ သို့မဟုတ် ပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ် ကျခံ စေရန်၊ ငွေဒဏ်များပေးဆောင်စေရန် အသီးသီး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ဂရက်ဖက်တီရေးဆွဲသူ လူငယ် သုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၂၉၅(က)၊ အရပ်သား နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် စွဲဆိုထား သော စွဲချက်များကိုမူ သက်ဆိုင်ရာ တရားရုံးအသီးသီးမှ ရုပ်သိမ်းပေးခဲ့သည်။

ဇူလိုင်လအတွင်း စုစုပေါင်း (၄၅) ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ကိုနေမျိုးဇင်၊ ကိုသိန်းအောင်မြတ် နှင့် အကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေကြရသူ နှစ်ဦးဖြစ်သည့် ဦးပြုံးချိုနှင့် ဦးသန်းနိုင်တို့သည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လအတွင်း ရက္ခိုင့်တပ်တော်(AA)မှ အရပ်သားလေးဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) မှ ကျောင်းသား နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ KIA အဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့သော ကျောင်းသား နှစ်ဦးသည် KIA အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်

ဇူလိုင်လအတွင်းတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်အခြေအနေသည် လွန်စွာ ကျဆင်းလာသည်ကို တွေ့ရှိရသည်။ ထိုအခွင့်အရေးအား ကျင့်သုံးခဲ့ကြသူများ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်၊ ကန့်သတ်မှုများကို ရင်ဆိုင်နေကြရခြင်းသည် ထိုအခွင့်အရေးကို အခြေခံလူ့အခွင့်အရေးတစ်ခုအဖြစ် ဒီမိုကရေစီဖော်ဆောင်နေသည့် အစိုးရအနေဖြင့် အသိအမှတ်မပြု သောကြောင့်ဖြစ်သည်။

ဇူလိုင်လအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်ကို ကျင့်သုံး၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်၊ ထောက်ပြ ခဲ့ခြင်းအတွက် Eleven မီဒီယာ သတင်းထောက် ကိုအောင်ကိုကိုသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က)၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ရွှေဖီးအကောင့်ပိုင်ရှင် ဦးလှဝင်းသည် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) တို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည်။ ၎င်းပြင် ၂၀၁၈ ခုနှစ်အတွင်း၌ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)အကြောင်းကို ပြည်တွင်းသတင်းမီဒီယာတစ်ခုတွင် ရုပ်သံအင်တာဗျုး ဖြေကြားခဲ့ခြင်းနှင့်ဆက်နွယ်၍ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ စေတီဆိပ်ကျေးရွာမှ ဦးလူကျန်သည် မတရား အသင်းဆက်သွယ်မှုအက်ဥပဒေ ၁၇(၁) ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို မူလစွဲဆိုထားသည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ကို ပြန်လည် စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ သည်။ 

ထိုမျှသာမက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့သော တက်ကြွလှုပ်ရှားသူ ၁၇ ဦးသည် နှစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ ရပြီးနောက် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၂၀ ဖြင့် ဒဏ်ငွေပေး ဆောင်စေရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် တက်ကြွလှုပ်ရှားသူ နှစ်ဦးသည်လည်း ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။

အထက်ပါ ဖြစ်စဉ်များကို သုံးသပ်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်နယ်ပယ်သည် မည်မျှကျဉ်းမြောင်းလျက်ရှိသည်ကို တွေ့ရှိရသည်။ အခြေခံကျသည့်အခွင့်အရေးတစ်ခု ဆုံးရှုံးခြင်းသည် နိုင်ငံသား အခွင့်အရေးဆုံးရှုံးခြင်းဖြစ်ပြီး အခြားအခွင့်အရေးများကိုလည်း တစ်နည်းနည်းအားဖြင့် ထိခိုက်စေမည်ဖြစ်သည်။ လက်ရှိ အကူးအပြောင်းကာလတွင် ဒီမိုကရေစီဖော်ဆောင်ရာ၌ ဦးဆုံးထောက်ကူမှုပေးသည့် အခွင့်အရေးတစ်ရပ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်ကို ဆိတ်သုဉ်းခြင်းမရှိစေရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး၏ လမ်းစသည် အမှန်တကယ် ဖြစ်ပွားသည့် ဖြစ်ရပ်များ၊ အမှန်တကယ် လိုအပ်မှုများ၊ ပြုပြင်သင့်သည်များကို ထုတ်ဖော်၊ ပြောဆိုခြင်းဖြစ်သည်။ သို့အတွက် အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်ကို ကာကွယ်၊မြှင့်တင်မှုပြုပေးရမည်ဖြစ်သည်။ ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်ကို ကန့်သတ်ထားသော ဒီမိုကရေစီနည်းမကျသည့် ဥပဒေများကို ပယ်ဖျက်ရန်လည်း အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်မှုပြုပေးပါရန်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) မှ တိုက်တွန်းပါသည်။ 

ထို့ပြင် မြန်မာ့တရားစီရင်ရေးစနစ်ကိုလည်း အမြန်ဆုံးပြုပြင်မှုများ ဆောင်ရွက်ရမည်ဖြစ်သည်။ ကာလကြာရှည်စွာ တရား ရင်ဆိုင်ရခြင်း၊ အာဏာပိုင်အဖွဲ့အစည်းများမှ စွဲဆိုသော အမှုများတွင် စွပ်စွဲခြင်းခံထားရသူများသည် ကာလကြာရှည်စွာ တရားရင်ဆိုင်ရသည့်အပြင် ပြစ်ဒဏ် ချမှတ်ခံရမှုသာ ပို၍များခြင်း၊ တရားရေးရာတွင် ကိုင်စွဲထားသည့် ဥပဒေများသည် ကိုလိုနီခေတ်က အသုံးပြုလျက်ရှိသည့် ဥပဒေများဖြစ်ခြင်း၊ အသစ်ပြဋ္ဌာန်း ထားရှိသော ဥပဒေများသည် ကွဲလွဲဆန့်ကျင်သူများကို ဖိနှိပ်လျက်ရှိခြင်း စသည်တို့သည် မြန်မာ့တရားစီရင်ရေးစနစ် အမြန်ဆုံး ပြုပြင်၊ပြောင်းလဲရန် လိုအပ်လျက်ရှိသည့် အကြောင်းခြင်းရာများဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို မြှင့်တင်ရန်နှင့် တရားရေး စနစ်ကို ပြုပြင်၊ပြောင်းလဲရန်အတွက် အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်လျက်ရှိ၍ ဒီမိုကရေစီနည်းမကျသည့် ဥပဒေများကို ပယ်ဖျက်ပြီး တရားရေးဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်းရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

ဇူလိုင်လအတွင်းတွင် တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တိုက်ပွဲများ ပို၍ ပြင်းထန်လာသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးအရှိန်မြင့်တက်လာ သည်နှင့်အမျှ ဒေသခံတိုင်းရင်းသားများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည်လည်း ပို၍ ဆိုးရွားလာလျက်ရှိသည်။ ဖမ်းဆီး ခေါ်ဆောင်သွားမှုများ၊ ပျောက်ဆုံးသွားမှုများ၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရမှုများ၊ ညှဉ်းပန်းနှိပ်စက်ခံရမှုများ၊ ညှဉ်းပန်း နှိပ်စက်မှု နှင့် ပစ်ခတ်မှု၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ မိုင်းပေါက်ကွဲမှု စသည်တို့ကြောင့် သေဆုံး၊ဒဏ်ရာရရှိမှုများသည် လက်ရှိ ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တိုက်ပွဲများ၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ထပ်ဟပ်စေသည့် ပြယုဂ်များဖြစ်သည်။ ထို့ပြင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ နှင့် ကျား၊မရေးရာ အခြေပြု အကြမ်းဖက်မှု (SGBV) များသည်လည်း ဖြစ်ပေါ်လာလျက်ရှိသည်။ 

အမျိုးသမီးများအပေါ် ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

စစ်မက်ဖြစ်ပွားမှု၊ ပဋိပက္ခဖြစ်ပွားမှုကို အခွင့်ကောင်းယူ၍ လက်နက်မဲ့ပြည်သူများအား ခြိမ်းခြောက်၍ လိင်အကြမ်းဖက်မှု ကျူးလွန်ခြင်းသည် အလွန်ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။  ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာတွင် ဇွန်လ ၃၀ ရက်နေ့ညအချိန်၌ အသက် ၃၇ နှစ်ဝန်းကျင်ရှိ  ဒေသခံ အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးမှ အဓမ္မပြုကျင့်ခဲ့သည်။ ထို့ပြင် သူမ၏သမီးဖြစ်သူကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထိုအခြင်းအရာကို ငြင်းဆိုခဲ့သည်။ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကာယကံရှင် အမျိုးသမီးမှ ထိုတပ်မတော်သား သုံးဦးအား အရေးယူပေးရန် အမှုဖွင့်ခဲ့သည်။ ရောမဥပဒေ၏ အပိုဒ်(၈/၂)၊ စစ်ရာဇဝတ်မှုများတွင် “အဓမ္မပြုကျင့်မှု သို့မဟုတ် အခြားလိင်ပိုင်းဆိုင်အကြမ်းဖက်မှုပုံစံ တို့ကို ကျူးလွန်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်”ဟု ဖော်ပြထားသည်။ ထို့ကြောင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူခြင်းသည် ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကျူးလွန်သူများကို အမြန်ဆုံး အရေးယူပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ ပိုလိုးထရွာတွင် အမှတ် ၄၀၉ ခြေမြန်တပ်ရင်းမှ တပ်သား နှစ်ဦးမှ ပိုလိုးထရွာသူ နော်မုနော်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများ ချွတ်ယူသွားခဲ့သည်။ စစ်တရားရုံးမှ ၎င်းတို့ နှစ်ဦးကို အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ အမြင့်ဆုံး ပြစ်ဒဏ်ဟုသာ ဖော်ပြထားသော်လည်း အသေးစိတ်ကို ထည့်သွင်းထုတ်ပြန်ထားခြင်း မရှိပါ။ အာဏာပိုင်အဖွဲ့အစည်းများမှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရစေလေ့ရှိသည့်အတွက် ပွင့်လင်းမြင်သာမှုရှိရန်မှာ လွန်စွာ အရေးကြီးသည်။ သို့မှသာလျှင် ထိခိုက်နစ်နာသူအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ 

ထို့ပြင် သံသယဖြင့် အမျိုးသမီးများကို ဖမ်းဆီး၊တရားစွဲဆိုမှုများလည်း ဖြစ်ပေါ်လာလျက်ရှိသည်။ ထိုအခြင်းအရာသည် လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှုမရှိသည်ကို ညွှန်းဆိုပြသနေသည်။ ဇူလိုင်အတွင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ဒေါ်ဗြားမ၊ ဒေါ်လှသန်းခင် နှင့် ရတနာအောင် ဇာတ်သဘင်ပိုင်ရှင် ဒေါ်မင်းမင်း (ခ) ဒေါ်ခင်မျိုးဆွေ တို့သည်  ရက္ခိုင့်တပ်တော်(AA) ကို ရိက္ခာထောက်ပံ့သည့် သံသယဖြင့်  ဖမ်းဆီးခြင်းခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် အမှုဖွင့်ခြင်းခံထားရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်နွယ်မှု သံသဖြင့် ဖမ်းဆီး၊ အမှုဖွင့်ခြင်းခံထားရသည့် အမျိုးသမီး လေးဦးအထိ ရှိသွားပြီ ဖြစ်သည်။ 

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်(CEDAW) ၏ အပိုဒ် ၁၅(၁) တွင် “အမျိုးသမီးများ တရားဥပဒေ၏ရှေ့မှောက်တွင် အမျိုးသားများနည်းတူ တည်းတူညီမျှမှု ရရှိစေရန် နိုင်ငံများ အနေဖြင့် အာမခံချက်ပေးရမည်” ဟု ဖော်ပြထားရှိသည်။ ထို့ကြောင့် ထိုအမျိုးသမီးများ မျှတသော တရားစီရင်ရေးကို ရရှိစေ ရန်အတွက် ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းပါသည်။ ထို့ပြင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ဒေသများတွင် နေထိုင်ကြသော ဒေသခံအမျိုးသမီးများ လုံခြုံမှု နှင့် ကာကွယ်စောင့်ရှောက်မှုတို့ အပြည့်အဝ ရရှိစေရန်အတွက်လည်း ဆောင်ရွက်မှု ပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

ညှဉ်းပန်းနှိပ်စက်မှုများ

မြန်မာနိုင်ငံတွင်း ဆယ်စုနှစ်အဆက်ဆက်ဖြစ်ပွားခဲ့သော ညှဉ်းပန်းနှိပ်စက်မှုများသည် အဆုံးသတ်နိုင်ခြင်းမရှိဘဲ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည်။ မျက်မှောက်ကာလထိတိုင်အောင် ထိုညှဉ်းပန်းနှိပ်စက်မှုများကို  ကျူးလွန်လျက်ရှိသော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းသည်ကို လေ့လာတွေ့ရှိရသည်။ ဇူလိုင်လအတွင်း တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထားသော ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း ဒေသခံ နှစ်ဦး၊ တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးခဲ့သော ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာမှ ရွာသား နှစ်ဦး နှင့် မြောက်ဦးမြို့နယ်၊ ပါးတော်ကျေးရွာမှ ရွာသား တစ်ဦး၊ ထောင်တွင်းမှ တရားရင်ဆိုင်နေရသော ကျောက်တော် မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာမှ ရွာသား တစ်ဦး တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။

တပ်မတော်မှ ဖမ်းဆီး၍ မအီမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည့် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦး သည် ကြိုးဆွဲချသတ်သေခဲ့သည်။ ထိုအမျိုးသားတွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံထားရသည့် ဒဏ်ရာများနှင့် ကျည်ထိဒဏ်ရာများ ရှိနေသည့်အတွက် မတရားသေဆုံးသွားခြင်းဖြစ်သည်ဟု သိရှိရသည်။ ထိုအမျိုးသားကို တောင်ကုတ်မြို့နယ်၊ မအီမြို့မရဲစခန်း တွင် စစ်ဆေးနေစဉ် ကြိုးဆွဲချသေဆုံးသွားကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသော်လည်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်မှ မအီမြို့မရဲစခန်းတွင် သေဆုံးခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားခဲ့သော ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ အရပ်သား တစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ သည်။ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာ၌ တပ်မတော်သားများမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟုဆိုသော အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို ၎င်း၏အိမ်အနောက်ဘက်ရှိ အိမ်သာကျင်းအတွင်း၌ တွေ့ရှိခဲ့သည်။ 

ထိုအခြင်းအရာများသည် အလွန် ပြင်းထန်၊ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခြင်း၏ အကျိုးဆက်များဖြစ်သည့်အပြင် လူသားချင်းစာနာထောက်ထားမှုကို ဆန့်ကျင်သော စစ်ရာဇဝတ်မှုများ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများ အောက်တွင်ရှိနေသူများကို ကာကွယ်ရန်အတွက် ဥပဒေသများ၏ အပိုဒ် ၆ တွင် “ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေ မှုအောက်တွင်ရှိသော မည်သူကိုမဆို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်၍ လူမဆန်စွာ ပြုမူဆက်ဆံခြင်းများ မပြုရ”ဟု ဖော်ပြ ထားသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် ပြည်တွင်း နှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန် နှင့် အတည်ပြု လက်မှတ်ရေးထိုးရန် ပျက်ကွက်ဆဲ ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲများ အချိန်ကြာမြင့်စွာ ဖြစ်ပွားလာသည်နှင့်အမျှ ထိခိုက် မှုအများဆုံးမှာ ဌာနေတိုင်းရင်းသားများဖြစ်သည့်အတွက် အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ ငြိမ်းချမ်းရေးလမ်းစဉ်ကို နှောင့်နှေးမှုမရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း နှင့် ကျောက်တော် မြို့နယ်များတွင် ပစ်ခတ်မှုများကြောင့် အရပ်သား နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦး အပါအဝင် ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 
  • ရှမ်းပြည်နယ်၊ မူဆယ် နှင့် နမ့်ဆန်မြို့နယ်တို့တွင် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။ 

လေးကြောင်းမှ တိုက်ခိုက်၍ ဒဏ်ရာ ရရှိမှုများ 

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦး ထိုခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  • ရခိုင်ပြည်နယ်၊ ရသေ့တောင် နှင့် အမ်းမြို့နယ်တို့တွင် လက်နက်ကြီး ကျည်ကျရောက်မှုများကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ခုနှစ် ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။  

မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် နှင့် အမ်းမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အရပ်သား လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 
  • ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ငါးဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့သည်။
  • ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တွင် ဆရာတော် တစ်ပါး နှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အာဏာပိုင်အဖွဲ့အစည်းများမှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အာဏာပိုင်အဖွဲ့အစည်းများသည် နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံမှုများကို ကာကွယ်မှုပေးကြရသော အဖွဲ့အစည်းများဖြစ်သည်။ သို့သော်လည်း မြန်မာ နိုင်ငံတွင်း ထိုအရာများသည် ထိခိုက်လွယ်သော အနေအထားတွင်သာ ဆက်လက်ရှိနေဆဲဖြစ်သည်။ ဇူလိုင်လအတွင်း စစ်ကိုင်း တိုင်းဒေသကြီး၊ ပုလဲမြို့၊ မြကုန်းကျေးရွာအနီး စစ်ဆေးရေးဂိတ်တစ်ခု တည်ဆောက်ရန် စီစဉ်နေမှုအား သွားရောက် ကန့်ကွက်ခဲ့ကြသည့် ဒေသခံ ၂၀၀ ခန့်သည် ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်နှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သုံးဦး ရာဘာကျည်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။ ထိုဒေသခံ သုံးဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော အင်အားသုံးခြင်း၊ လက်နက်အသုံးပြုခြင်းနှင့်ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်သူများ လိုက်နာရမည့် အခြေခံဥပဒေသများ၏ အပိုဒ် ၅(ခ) တွင် “ဒဏ်ရာအနာတရ နှင့် ပျက်စီးမှု ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး လူ့အသက်ကို လေးစား၍ ကာကွယ်စောင့်ရှောက်ရမည်”ဟု ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းတွင် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိသော အာဏာပိုင် အဖွဲ့အစည်းများသည် နိုင်ငံသားကို ထိခိုက်မှုများ မရှိရန် နှင့် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ လက်နက်အသုံးပြု၍ ဖြေရှင်းခြင်းသည် ပဋိပက္ခကို လျော့ကျသွားစေရန် ဖြေရှင်းသည့် နည်းလမ်း မဟုတ်ပေ၊ ထိုအစား စေ့စပ်ညှိနှိုင်း၍ အဖြေရှာခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု အကြံပြုအပ်ပါသည်။ 

လယ်ယာမြေရေးရာကိစ္စရပ်များ

မြန်မာနိုင်ငံ၏ အဓိကအရေးပါသည့် ကဏ္ဍများအနက် တစ်ခုဖြစ်သည့် လယ်ယာမြေရေးရာကဏ္ဍတွင် လယ်သမားများသည် လျစ်လျူရှူခြင်းခံထားရဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်း အမျိုးမျိုးသော လယ်ယာမြေအငြင်းပွားမှုများ၊ လယ်ယာမြေ သိမ်းဆည်း မှုများကြောင့် ထိခိုက်နစ်နာလျက်ရှိသော ဒေသခံလယ်သမားများသည် ဘက်ပေါင်းစုံမှ ကာကွယ်မှုများကို ရရှိခြင်းလည်း မရှိပေ။ ထိုအစား ဖိနှိပ်မှုများကိုသာ ရင်ဆိုင်နေကြရသည်။ ထို့ပြင် တပ်မတော်မှ စွဲဆိုထားသော အမှုများ၌ တရားဥပဒေရေးရာ၌ လျော့လျဲမှုများရှိသည်ကိုလည်း တွေ့ရှိရသည်။ လယ်ယာမြေများ သိမ်းဆည်းထားသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ် အခြေစိုက် အမှတ် ၆၆ ခြေလျင်တပ်ရင်းသည် မြေပိုင်ရှင် တောင်သူ ၄၇ ဦးကို တရားစွဲဆို ထားသော်လည်း ရုံးချိန်း လေးကြိမ်တိုင်အောင် တစ်ကြိမ် တစ်ခါမျှ ရုံးချိန်းတက်ရောက်ခဲ့ခြင်း မရှိပါ။ အဆိုပါ အခြင်းအရာသည် တောင်သူများကို နစ်နာမှုများစွာ ဖြစ်စေသည်။ ထို့ပြင် လက်ရှိကာလသည် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် သည့်ကာလဖြစ်ပြီး လူစုလူဝေး မလုပ်ရသည်ကို လိုက်နာရန် နှင့် တရားစွဲဆိုခြင်းခံရသူများအနက် သက်ကြီး ရွယ်အိုများ၊ မကျန်းမာသည့်သူများ ပါဝင်ကာ လက်ရှိတွင် စိုက်ပျိုးရေးရာသီဖြစ်သည့်အတွက် တောင်သူကိုယ်စားလှယ် ငါးဦးထားရှိရန် ကျင့်ထုံးအရ ခွင့်ပြုနိုင်ရန် လျှောက်ထားခြင်းကို ဇွန်လ ၂၉ ရက်နေ့တွင် နန့်စန်မြို့နယ်တရားရုံးမှ ပယ်ချခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင်မှ ပြန်လည် ခွင့်ပြုခဲ့သည်။ အထက်ပါအခြင်းအရာများသည် တောင်သူများအတွက် စိုးရိမ်ဖွယ်ရာ အနေအထား တစ်ရပ်ဖြစ်ပြီး တောင်သူများ သည် လယ်ယာမြေများ ဆုံးရှုံးခဲ့ကြရ၍ အသက်မွေးဝမ်းကြောင်း၌ အခက်အခဲများကို ရင်ဆိုင်နေကြရသည်သာမက ၎င်းတို့အတွက် တရားမျှတမှု ရရှိရန်မှာလည်း အလှမ်းကွာဝေးဆဲဖြစ်သည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် သိမ်းဆည်း လယ်ယာမြေ အရေး နှင့် လယ်ယာမြေ အငြင်းပွားမှုများကို အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသော လယ်သမားများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅(၀) ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅(၀) ၉၄၂  ၈၁၁  ၇၃၄၈ 

ဒေါင်းလော့ရယူရန် Burmese Chronology and MiR for July

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 35 Remaining PP list updated on 30 Jul 20 (Bur)

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 472 Facing Trial List (Burmese) Updated on 29 Jul 20

၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated