ဇူလိုင်လအတွင်း ကိုဗစ်ကာလ သတင်းလွှာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါနှင့်ဆက်နွယ်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလကတည်းကစတင်၍ မှတ်တမ်းပြုစု လေ့လာ သုံးသပ်မှုများ ပြုလုပ်ကာ ကိုဗစ်သတင်းလွှာအား လစဉ် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ နှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် စာရင်းများကိုလည်း ကိုဗစ်-၁၉ သတင်းလွှာနှင့်အတူ မှတ်တမ်းပြုစု၍ လစဉ် ထုတ်ပြန်လျက်ရှိသည်။

ဇူလိုင်လအတွင်းတွင် ကွာရန်တင်းစင်တာများ၌နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက်  ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၅၊ ၁၈ တို့ဖြင့် တရားစွဲဆိုခြင်းခံရသူ (၃) ဦး၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၁) ဦး နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့်တရားစွဲဆိုခံရသူ (၁) ဦး  ရှိသည်။ ထို့ပြင် ကိုဗစ်ကာလအတွင်း ပြည်ပမှတရားမဝင် ဝင်ရောက်ခြင်းအတွက် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁)၊ ၁၃(၅)တို့ဖြင့် တရားစွဲဆိုခံရသူ (၆) ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ စုစုပေါင်း (၁၇) ဦးရှိသည်။ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အပြစ်ပေးအရေးယူခြင်းခံထားရသူများလည်း ရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူများ

ဇူလိုင်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများစာရင်းနှင့် ကွာရန်တင်းဝင်နေသူများ စာရင်းအား လေ့လာ၍ မှတ်တမ်းပြုခဲ့ပါသည်။ ဇူလိုင်လကုန်အထိ AAPP မှ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများ နှင့် ကွာရန်တင်းဝင်နေသူ ဦးရေကို အောက်ဖော်ပြပါဇယားတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။

အောက်ပါလင့်များကိုလည်း ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။

http://mohs.gov.mm/su/igbk3792IG

ကချင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ကိုဗစ်-၁၉ ပညာပေး သရုပ်ဖော်ပန်းချီရေးဆွဲသူ သုံးဦးကို အပြစ်မရှိကြောင်း အမိန့်ချမှတ်

ဇူလိုင်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တရားရုံးမှ မြစ်ကြီးနားဘူတာတိုက်တန်းတွင် ကိုဗစ်-၁၉ ပညာပေးသရုပ်ဖော်ပန်းချီရေးဆွဲခဲ့သည့် ကိုဇေယျာနှောင်း၊ ကိုနော်ထွန်းအောင်၊ မစီစီလျာဂျာဆိုင်းတို့ သုံးဦးအား အပြစ်မရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။ ကိုဗစ်-၁၉ အသိပညာပေး ပန်းချီရေးဆွဲရာတွင် သေမင်း၏ပုံမှာ ဗုဒ္ဓဘာသာ ရဟန်းတပါး၏ ပုံနှင့် ဆင်တူနေသည့်အတွက် ဗုဒ္ဓဘာသာကို ထိခိုက်နစ်နာစေသည်ဆိုကာ ကချင်ပြည်နယ်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းအောင်မှ သာသနာညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ နှစ်လကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် တရားသူကြီးမှ ထိုပန်းချီဆရာ သုံးဦးတွင် အပြစ်မရှိကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ Myanmar Now/မြန်မာ

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ ဧရာဝတီ/မြန်မာ

ကရင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

နေရပ်ပြန် မြန်မာလုပ်သားများ၏ ပစ္စည်းများအား စစ်ဆေးမှုမခံယူဘဲ တင်ဆောင်လာသူ နှစ်ဦးကို ထောင်ဒဏ် သုံးလစီ ချမှတ်

ဇူလိုင်လအတွင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တရားရုံးမှ  မြဝတီမြို့မှ ယာဉ်မောင်း ကိုစောအောင်သိန်းနှင့် ယာဉ်နောက်လိုက် ကိုစောထွန်းလုံရှိန်တို့နှစ်ဦးကို ထိုင်းနိုင်ငံရောက် နေရပ်ပြန် မြန်မာလုပ်သားများ၏ ပစ္စည်းများအား ခိုးဝင်သယ်ဆောင်လာသည့်အတွက် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် သုံးလစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ၎င်းတို့သည် ထိုင်းနိုင်ငံဘက်ခြမ်းမှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ပစ္စည်းများအား စစ်ဆေးမှုမခံယူဘဲ ကုန်ပစ္စည်း ဝင်/ထွက်သည့် စစ်ဆေးဂိတ်မှ ဖြတ်ကျော် သယ်ဆောင်လာသဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။  ၎င်းတို့ နှစ်ဦးအား ကျန်းမာရေးဌာနမှ တရားလိုပြုလုပ်၍ အမှုဖွင့်တရားစွဲဆိုခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ BNI/မြန်မာ

မွန်ပြည်နယ်

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

မော်လမြိုင် ကွာရန်တင်းစင်တာအတွင်းသို့ဝင်ရောက်၍ အရက်သောက်ခဲ့သည့် လူငယ် သုံးဦးကို တရားစွဲဆို

ဇူလိုင်လ ၈ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင် ပညာရေးကောလိပ်ရှိ  ကွာရန်တင်းစင်တာအတွင်းသို့ ဝင်ရောက်၍ အရက်သောက်ခဲ့သည့် လူငယ် သုံးဦးကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အမှုဖွင့်၊ တရားစွဲဆိုထားသည်ဟု မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေလင်းထွန်းမှ ပြောကြားခဲ့သည်။ ဇူလိုင် ၈ ရက်နေ့ ညပိုင်းတွင် ၎င်းလူငယ် သုံးဦးသည် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းခံထားရသည့် ထိုင်းနိုင်ငံပြန် လူငယ် တစ်ဦး၏ အဆောင်အတွင်း၌ အရက်အတူသောက်ခဲ့ကြခြင်းဖြစ်သည်။ အဆောင်အတွင်း၌ အရက်အတူသောက်ရန် ခေါ်ခဲ့သည့် ထိုင်းနိုင်ငံမှပြန်လာ သော လူငယ်မှာ အသက် ၁၅ နှစ်အရွယ်သာ ရှိသေးသည့်အတွက်ကြောင့် အသက်အရွယ် ပြန်လည် စိစစ်နေပြီး အသက်မပြည့်လျှင် အခြားဥပဒေတစ်ခုဖြင့် တရားစွဲရန် ဥပဒေအရာရှိထံ အကြံဉာဏ်တောင်းခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ဒီဗွီဘီ/မြန်မာ

ရခိုင်ပြည်နယ်

ကိုဗစ်ကာလအတွင်း ပြည်ပမှတရားမဝင်ဝင်ရောက်၍ ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 ကိုဗစ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးအား ထောင်ဒဏ်ချမှတ်

ဇူလိုင်လအတွင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တရားရုံးမှ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးအား လူဝင်မှုကြီးကြပ်ရေးဥဒေ ပုဒ်မ ၁၃(၁)ဖြင့် အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အဆိုပါ ၁၁ ဦးအနက် လေးဦးကို ဇူလိုင်လ ၂ ရက်နေ့တွင်လည်းကောင်း၊ အမျိုးသမီး ငါးဦးနှင့် အမျိုးသား နှစ်ဦးကို ဇူလိုင်လ ၃ ရက်နေ့၌ လည်းကောင်း ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသက်မပြည့်သည့် ကလေးငယ် နှစ်ဦးအား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့ထံသို့ အပ်နှံခဲ့ပြီး Union Enterprise for Humanitarian Assistance, Resettlement and Development (UEHRD) အစီအစဉ်စာရင်းတွင်ပါဝင်သူ နှစ်ဦးအား လွှတ်ပေးခဲ့ကြောင်း မောင်တောမြို့နယ်တရားရုံးမှ သိရှိရသည်။

တရားမဝင် ဝင်ရောက်လာသူများအနက်မှ ၁၉ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) ဖြင့် လည်းကောင်း၊ ၁၀ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၅)ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်ထားခဲ့သည်။ ၎င်းတို့အနက်မှ ၁၁ ဦးကို ထောင်ဒဏ် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃ ရက်၊ DMG News/မြန်မာ

၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ ဘီဘီစီ/မြန်မာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်လာရောက်သူ ခြောက် ဦးအား ငွေဒဏ်နှင့် ထောင်ဒဏ်များချမှတ်

ဇူလိုင်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တရားရုံးမှ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် မောင်တောမြို့နယ်မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ပြီး ဘူးသီးတောင်မြို့နယ် တရားရုံးမှ ဘူးသီးတောင်မြို့နယ်မှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဥပဒေ ပုဒ်မ ၁၃(၅)ဖြင့် ငွေဒဏ် တစ် သိန်းကျပ်စီ ပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်း ၈၀ ဦးခန့် အနက်မှ ပထမအသုတ်အဖြစ် ၄၄ ဦးကို လဝကဥပဒေဖြင့် တရားစွဲတင်ခဲ့ပြီး ၂၃ ဦးအား ထောင်ဒဏ် ခြောက်လစီ ပြစ်ဒဏ်ချမှတ်ျခဲ့သည်။ ဒုတိယအသုတ်အဖြစ် ၁၈ ဦးအား တရားစွဲတင်ခဲ့ပြီး ၁၃ ဦးအား ထောင်ဒဏ် ခြောက်လစီ ပြစ်ဒဏ် ချမှတ်ခဲ့သည်။ လက်ရှိအချိန်၌ ကျန်ရှိနေသူ ၁၄ ဦးအား အရေးယူရန်ဆောင်ရွက်လျှက်ရှိကြောင်း မောင်တောခရိုင်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ DMG News/မြန်မာ

ရှမ်းပြည်နယ်

ထိုင်းနိုင်ငံမှ ပြန်လာသူ နှစ်ဦး လွိုင်လင် ကွာရန်တင်းစင်တာမှ ထွက်ပြေးလွတ်မြောက်နေ

ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ ကွာရန်တင်းဝင်နေသော ထိုင်းနိုင်ငံမှပြန်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ကောင်းရောင်းရွာမှ မောင်လွန်းသည် ဇူလိုင်လ ၆ ရက်နေ့တွင် လည်းကောင်း နှင့် ဝမ်အင်ရွာနေ ခွန်အောင်ထိန်သည် ဇူလိုင်လ ၇ ရက်နေ့တွင်လည်းကောင်း လွိုင်လင်မြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကွာရန်တင်း စင်တာမှ ထွက်ပြေးလွတ်မြောက်နေသည်ဟု သိရှိရသည်။ ၎င်းတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကွာရန်တင်း စင်တာ၌ ကိုးရက်နေခဲ့ပြီး ပထမအကြိမ် ဓာတ်ခွဲနမူနာ negative ထွက်ရှိထားသည်။ ထို့ကြောင့် ၎င်းတို့၏ သက်ဆိုင်ရာ နေရပ်ဒေသ၌ ကွာရန်တင်း ၁၄ ရက် ပြန်လည် နေထိုင်ရမည် ဖြစ်သည်။

 ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ ဒီဗွီဘီ/မြန်မာ

ရန်ကုန်တိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလအတွင်း Mask မတပ်သူ ၉၁ ဦးကို အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သည့် သုံးလတာကာလအတွင်း အပြင်ထွက်သည့် အချိန်၌ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့် ကျား ၈၀ ဦးနှင့် မ ၁၁ ဦး၊ စုစုပေါင်း ၉၁ ဦးကိုဖမ်းဆီးကာ အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မြတ်သူမှ ပြောကြားသည်။ ထို့ပြင် ပုဇွန်တောင်မြို့နယ်အတွင်း အပြင်ထွက်ရာ၌ Mask တပ်ဆင်ခြင်းမရှိသည့် ကျား ခြောက်ဦးနှင့် မ တစ်ဦးကို ဇူလိုင်လ ၇ ရက်နေ့တွင် ရဲကားဖြင့်ခေါ်ယူကာ တရားရုံးတွင် ဒဏ်ကြေးပေးဆောင်စေခဲ့ကြောင်း ၎င်းမှ ဆိုသည်။ လက်ရှိတွင် ပုဇွန်တောင်မြို့နယ်အတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သူများကို ကားဖြင့်တင်ဆောင်ကာ တရားရုံးတွင် ငွေဒဏ် (၅၀၀၀) ပေးဆောင်ခိုင်းကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ The Voice/မြန်မာ

ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၅ ဖြင့် တရားစွဲဆိုခြင်းခံထားရသူ (၇) ဦးကို ဒဏ်ငွေချမှတ်

ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တရားရုံးမှ ကိုဗစ်-၁၉ ကာလအတွင်း ETEC အီလက်ထရောနစ်စက်ရုံ အလုပ်သမားသပိတ်တွင် ပါဝင်ခဲ့သောကြောင့် တရားစွဲဆိုခြင်းခံထားရသည့်  အလုပ်သမား ခေါင်းဆောင် ငါးဦးနှင့် အလုပ်သမား အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူ နှစ်ဦးအား ကူးစက်ရောဂါ ကာကွယ် နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၅ ဖြင့် ဒဏ်ငွေ ငါးထောင်ကျပ် ပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ တောင်ဒဂုံမြို့နယ်ရှိ ETEC အီလက်ထရောနစ်စက်ရုံသည် ဝန်ထမ်းဦးရေ ၉၀၀ ကျော်ဖြင့်လည်ပတ်နေခြင်းဖြစ်ပြီး ဧပြီလ ၉ ရက်နေ့တွင် နှစ်စဉ်ရရှိနေကြဖြစ်သော ဘောနပ်ကြေးမရရှိသဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ထို့ကြောင့်  အလုပ်သမားခေါင်းဆောင် ငါးဦးနှင့် အလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးသူ ကိုမြတ်ကျော်နှင့် ကိုမျိုးမြင့်အောင်တို့ နှစ်ဦးသည် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၁၅ ဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊Myanmar Labour News/မြန်မာ

ပဲခူးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

အုတ်ဖိုမြို့နယ်၌ ကွာရန်တင်းမဝင်သည့်  ပြည်ပပြန် နှစ်ဦးကို ထောင်ဒဏ်ချမှတ်

ဇူလိုင်လ ၂၃ ရက်နေ့မှတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တရားရုံးမှ  ပြည်ပမှပြန်လာပြီးနောက် ကွာရန်တင်းမဝင်သူ နှစ်ဦးဖြစ်သည့် ဦးမောင်မောင်သန်းနှင့် ဦးသန်းဇော်ထွန်းတို့အား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးလ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
ကိုဗစ်-၁၉ လူနာ အမှတ် ၃၁၁ နှင့်အတူ လာအိုနိုင်ငံမှ တခရီးတည်း ပြန်လာခဲ့သည့် အမျိုးသား တစ်ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာခဲ့သည့် အမျိုးသား တစ်ဦး​တို့သည်  မြို့နယ်ကျန်းမာရေးမှ စီစဉ်ထားသည့် ကွာရန်တင်းနေရာတွင် ကွာရန်တင်း မဝင်ဘဲ မိသားစုနှင့်အတူ ပြန်နေသည့်အတွက် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသန့်ဇင်မောင်မှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ ဒီဗွီဘီ/မြန်မာ

မန္တလေးတိုင်းဒေသကြီး

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 ကိုဗစ်-၁၉ ကြောင့် နိုင်ငံခြားသား အဝင်အထွက် ပိတ်ထားချိန် တရုတ်နိုင်ငံသား ငါးဦးနှင့် ယဉ်မောင်းတို့ကို ဖမ်းဆီးရမိ

ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင်  မူးယစ်တပ်ဖွဲ့စု (၁၇) မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များသည် မန္တလေးမြို့၊ (၁၆)မိုင် စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ငါးဦးနှင့် တရားမဝင် တင်ဆောင်လာသူ ယာဉ်မောင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ကို ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေ ရဲစခန်း၌ ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်များ ဥပဒေ ပုဒ်မ-၁၃(၁)ဖြင့် အမှုဖွင့်ထား ကြောင်း သိရှိရသည်။ လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသား ငါးဦးနှင့် ယာဉ်မောင်းဖြစ်သူတို့ကို ပုသိမ်ကြီးမြို့မ ရဲစခန်း၌ ချုပ်ရက်ရမ္မာန်ယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိ စစ်ဆေးနိုင်ရန်အတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အရိုး၊ အကြောဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၅ ရက်၊ Mandalay Indepth News လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

 

နေပြည်တော်ကောင်စီ

ကိုဗစ်လူနာသေဆုံးမှုကိစ္စ ထောက်ပြဝေဖန်ရေးသားခဲ့သည့် Eleven သတင်းထောက် တရားစွဲဆိုခြင်းခံရ

ကိုဗစ်-၁၉ လူနာသေဆုံးမှုနှင့်ပတ်သက်ပြီး ထောက်ပြဝေဖန်ရေးသားခဲ့သည့် Eleven မီဒီယာ သတင်းထောက် ကိုအောင်ကိုကို သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင်  တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဒုရဲမှူး ရဲအောင်မှ တရားလိုပြုလုပ်၍ ၎င်းကို ဥတ္တရသီရိမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတင်းထောက်သည် မတ်လ ၂၃ ရက်နေ့တွင် ၎င်း၏ Aung Ko Ko (ခ) မန်းသားလေး လူမှုကွန်ရက်စာမျက်နှာ၌ “ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ထိန်ချန်မှုတွေ ပါလာနေပါပြီလို့ ကျနော် လေ့လာမိတယ်” ဆိုသည့် အကြောင်းနှင့် “၁၃ ယောက်မြောက် သေဆုံးသူရဲ့ ရောဂါလက္ခဏာဟာ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်ပြီး ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး သေတာ ဖြစ်တယ်လို့ ကျန်းမာရေးက ထုတ်ပြန်ထားပေမယ့် သေဆုံးသူအကြောင်းရင်းကို မထုတ်ပြန်ဘဲ ဖုံးကွယ်ထားပါတယ်” ဆိုသည့် အကြောင်း တို့ကို ရေးသားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ Myanmar Times

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ အီလဲဗင်း

ဧရာဝတီတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် အဆုံးစီရင်မှု ဖြစ်ပွားခြင်း

ပုသိမ်မြို့ရှိ ကွာရန်တင်းစင်တာ၌ ထိုင်းပြန်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမသင်တန်းကျောင်း၌  ထိုင်းပြန်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်။ ထိုအမျိုးသားမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် အလုပ်လုပ်ပြီး နောက် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မဲဇင်းကျေးရွာမှ ကိုနေထက်လင်း ဆိုသူ ဖြစ်သည်။ ၎င်းသည် ပုသိမ်မြို့ရှိ သမဝါယမသင်တန်းကျောင်း ကွာရန်တင်းစင်တာ၌ ဇွန်လ ၂၆ ရက်နေ့မှစတင်၍ စောင့်ကြည့်မှုခံယူနေစဉ် မိမိကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုနေထက်လင်းသည် ပုသိမ်မြို့ရှိ ကွာရန်တင်းစင်တာတွင် ဒုတိယမြောက် မိမိကိုယ်ကို သတ်သေသူ ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်လာသူ တစ်ဦးလည်း ပုသိမ်ဆေးရုံကြီး သီးသန့်ဆောင်ရှိ အိမ်သာအတွင်း၌ သတ်သေခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၅ ရက်၊ ဧရာဝတီ/မြန်မာ

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈ 

ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅(၀) ၉၇၉ ၅၈၈ ၁၀၁၆

မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ)    +၉၅(၀) ၉၉၇ ၃၀၃ ၁၀၅၀

ကိုဗစ်သတင်းလွှာဒေါင်းလော့ရယူရန် Final COVID-19 News Letter in July (Burmese)