အေအေပီပီမှ ဇွန်လအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဇွန်လအတွင်း စုစုပေါင်း (၇၁) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၇၁) ဦးအနက်မှ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တို့မှ တက်ကြွလှုပ်ရှားသူ (၈) ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ ရခိုင်ပြည်နယ်၊ မြေပုံ နှင့် ကျောက်တော်မြို့နယ်များမှ ဒေသခံ (၁၆) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ဖျက်ရေးဥပဒေ ၅၀(ည)၊ ၅၂(ခ)၊ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်မှ လယ်သမား (၄၇) ဦးသည် ရာဇသတ် ကြီးပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဇွန်လအတွင်း စုစုပေါင်း (၆6) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို (၆6) ဦးအနက်မှ (၅၆) ဦးသည် ရခိုင်ပြည်နယ်၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ နှင့် ရသေ့တောင်မြို့နယ်များမှ ဖြစ်ကြပြီး ကျန် (10) ဦးသည် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်တို့မှ ဖြစ်ကြသည်။

ဇွန်လအတွင်း တက်ကြွလှုပ်ရှားသူ (၄) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထိုတက်ကြွလှုပ်ရှားသူ (၄) ဦးအနက်မှ (၃) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ (၁) ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ဇွန်လအတွင်း စုစုပေါင်း (၄၉) ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ကိုနေမျိုးဇင်၊ ကိုသိန်းအောင်မြတ်၊ ကိုဘိုစံနှင့် ကိုဝင်းဗိုလ် နှင့် အကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေကြရသူ နှစ်ဦးဖြစ်သည့် ဦးပြုံးချိုနှင့် ဦးသန်းနိုင်တို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ၎င်းတို့ ဖမ်းဆီးထားသော ရခိုင်ဒေသခံ (၅) ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။ 

လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်ကို အကန့်အသတ်များဖြင့်သာ ကျင့်သုံးနေကြရခြင်းသည် ဒီမိုကရေစီ အကူးအပြောင်းကို စိန်ခေါ်မှုဖြစ်စေသည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်တို့သည် လူတိုင်း၏ အခြေခံလွတ်လပ် ခွင့်များ ဖြစ်ပြီး ဒီမိုကရေစီ၏ အခြေခံအကျဆုံးသော အခွင့်အရေးများဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းတွင် ထိုအခွင့်အရေး များသည် ရာဇဝတ်မှုကဲ့သို့ ဖြစ်နေသည့်အပြင် တစ်စထက် တစ်စ ဆုတ်ယုတ်လာခဲ့ပြီး ဇွန်လအတွင်းတွင် အဆိုးရွားဆုံး အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။ ဇွန်လအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဖျာပုံတရားရုံး၊ ဒေးဒရဲတရားရုံး နှင့် မအူပင် တရားရုံးတို့တွင် ထောင်ဒဏ်အသီးသီး ချမှတ်ခြင်းခံခဲ့ရသည်။ ၎င်းပြင်  ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုမျိုးမင်းထွန်းသည်လည်း  ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအသင်းမှ လူငယ် နှစ်ဦးနှင့် ရန်ကုန်မြို့မှ အသံအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ကိုစည်သူအောင် (ခ) မောင်ဆောင်းခအပါအဝင် တက်ကြွလှုပ်ရှားသူ ငါးဦးသည်လည်း ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့်ပင် တရားစွဲဆိုခြင်း ခံခဲ့ရသည်။

လွတ်လပ်စွာထုတ်ဖော်၊ပြောဆိုခွင့်ကို ဟန့်တားနိုင်ရန်အတွက် အသစ်ရေးဆွဲထားသည့် ဥပဒေများကို ဆက်လက် အသုံးပြု လျက်ရှိခြင်း၊ ကိုလိုနီခေတ်က ပြဋ္ဌာန်းထားခဲ့သည့် ခေတ်နောက်ကျလျက်ရှိသော ဥပဒေများကို ပြင်ဆင်ခြင်းမရှိဘဲ ဆက်လက် အသုံးပြုလျက်ရှိခြင်းသည် နောင်လာမည့်ကာလများတွင်လည်း ထိုအခွင့်အရေးများကို မည်ရွေ့၊ မည်မျှ ဆက်လက် ဖိနှိပ်ထား ဦးမည်ကို ထုတ်ဖော် ပြသလျက်ရှိသည်။ ထိုအခြေခံအခွင့်အရေးများကို ဆက်လက် ဖိနှိပ်ထားသရွေ့ နိုင်ငံသား အခွင့်အရေး များသည်လည်း ဆက်လက် ဆုံးရှုံးနေကြရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီကို ဖော်ဆောင်လျက်ရှိသော အစိုးရ အနေဖြင့် ဒီမိုကရေစီစံနှုန်းတစ်ခုဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်၊ပြောဆိုခွင့်များကို လေးစားလိုက်နာ၍ ကျင့်သုံးခြင်းအားဖြင့် ထိုအခွင့်အရေးများကို မြှင့်တင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ပြုစုထားသော အချက်အလက်များအရ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများနှင့် လွတ်မြောက်လာသူများသည် လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တို့ဖြင့် ဖိနှိပ်ခြင်းခံခဲ့ကြရသူများဖြစ်သည်။ အောက်ဖော်ပြပါ ဇယားမှလည်း လေ့လာနိုင်ပါသည်။

လယ်ယာမြေရေးရာကိစ္စရပ်များ

အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို စိန်ခေါ်လျက်ရှိသော လုပ်ငန်းစဉ်တစ်ခုမှာ လယ်ယာမြေရေးရာကဏ္ဍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လယ်ယာမြေသိမ်းဆည်းမှုများ၊ လယ်ယာမြေအငြင်းပွားမှုများ၏ ရိုက်ခတ်မှုဒဏ်ကို လယ်သမားများ ဆက်လက် ရင်ဆိုင်ခံစားနေကြရသည့်အတွက်ကြောင့် ဖြစ်သည်။ ဇွန်လအတွင်းတွင် တပ်သိမ်းမြေပေါ်၌ ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့ခြင်းအတွက်  ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲရှိ  ဒေသခံ တောင်သူ ၄၇ ဦးသည် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထိုမျှသာမက ပြစ်ဒဏ်အသီးသီးကျခံပြီးဖြစ်သည့် ကရင်နီ တောင်သူ ၂၂ ဦး ကို ကျခံရသည့် ပြစ်ဒဏ်နည်းသည်ဟုဆိုကာ ပြစ်ဒဏ်ထပ်တိုးပေးရန် တပ်မတော်မှ ထပ်မံ လျှောက်ထားခဲ့သည်။ တောင်သူများသည် ၎င်းတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သော လယ်ယာမြေများ ဆုံးရှုံးခဲ့ကြရသည့်ပြင် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။ 

ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ သိမ်းဆည်းခံ လယ်မြေနှင့် အခြားမြေဧက တစ်သိန်းကျော်ကို လက်ရှိအစိုးရလက်ထက်တွင်မူလပိုင်ရှင်များထံသို့ ပြန်လည်စွန့်လွှတ်ပေးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တစ်နိုင်ငံအတိုင်းအတာနှင့် နှိုင်းယှဉ်မည်ဆိုလျှင် လယ်ယာမြေဆုံးရှုံးနေကြရ သော လယ်သမားများစွာ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် တပ်သိမ်းမြေအရေးနှင့်ဆက်နွယ်သော လယ်ယာမြေအရေးတွင် လယ်သမား များ၌ ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် အစိုးရနေဖြင့် လယ်ယာမြေရေးရာကဏ္ဍကို နှောင့်နှေးမှု မရှိဘဲ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်(ICESCR)၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ နှင့် ပြည်တွင်းဥပဒေများဖြစ်ကြသော မြေသိမ်းဆည်းခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေ တို့နှင့်အညီ လယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ် မြှင့်တင်ပေးပါရန် တိုက်တွန်းပြီး တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံနေကြရသော လယ်သမားများအတွက် တရားမျှတမှုကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

ဇွန်လအတွင်းတွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲများသည် ပို၍ ပြင်းထန် လာလျက်ရှိပြီး ဌာနေတိုင်းရင်းသားများအပေါ် ထိခိုက်မှုများမှာလည်း ပို၍ ဆိုးရွားလာလျက်ရှိသည်။ အထူးသဖြင့် ရခိုင်ဒေသ အတွင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြာရှည်လာသည်နှင့်အမျှ ဖမ်းဆီး၊တရားစွဲဆိုခံရမှုများ၊ ပျောက်ဆုံးသွားမှုများ၊ သေဆုံး၊ဒဏ်ရာရရှိမှုများသည်လည်း အရှိန်မြင့်လာလျက်ရှိသည်။ ဇွန်လအတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ နှင့် ရသေ့တောင်မြို့နယ်များမှ အရပ်သား (၅၆) ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး ရခိုင်ပြည်နယ်၊ မြေပုံ နှင့် ကျောက်တော် မြို့နယ်များမှ ဒေသခံ (၁၆) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ဖျက်ရေးဥပဒေ ၅၀(ည)၊ ၅၂(ခ) ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ၎င်းပြင် ရခိုင်ပြည်နယ်၊ မြောက်ဦး နှင့် ကျောက်ဖြူမြို့နယ်တို့မှ အရပ်သား (၄) ဦး ပျောက်ဆုံးသွားခဲ့သည်။ ထိုအခြင်းအရာ များသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပြီး နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့၏ ပဋိပက္ခများကို စစ်ရေးအရဖြေရှင်းနေမည့်အစား အရပ်သားများ အပေါ်သက်ရောက်မှု မရှိနိုင်သော နိုင်ငံရေးအရ ဆွေးနွေးရန် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်မှာ အလှမ်းဝေးနေ ဆဲဖြစ်သည်။

2020 ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မှတ်တမ်းပြု ထားသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ ရခိုင်ဒေသတွင်းပဋိပက္ခများနှင့်ဆက်နွယ်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများ နှင့် လွတ်မြောက်လာသူများကို အောက်ဖော်ပြပါဇယားတွင် လေ့လာနိုင်ပါသည်။

ဇွန်လအတွင်း အမျိုးမျိုးသော ဖြစ်စဉ်များကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများကို အောက်တွင် ဖော်ပြထား သည်။ 

ပစ်ခတ်မှု ကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း နှင့် ကျောက်တော် မြို့နယ်များတွင် ပစ်ခတ်မှုများကြောင့် အရပ်သား ခုနှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦး အပါအဝင် (၁၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 
  • ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် အရပ်သား တစ်ဦး သေဆုံးခဲ့သည်။ 
  • စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် နှင့် ခမ်းပတ်မြို့နယ်တို့တွင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် နှင့် စစ်တွေမြို့နယ်များတွင် လက်နက်ကြီး ကျည်ကျရောက်မှုများကြောင့် ကလေးငယ် တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး (၁၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။  
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
  • ကရင်ပြည်နယ်၊ ဖာပွန်ဒေသတွင် ကလေးငယ် တစ်ဦး အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် အရပ်သား လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  • ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့သည်။ 

ထို့ပြင် ခြောက်လတိုင်ရှိလာပြီဖြစ်သော ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင် စစ်ဖြစ်ပွားရာဒေသများတွင် နေထိုင်လျက် ရှိသော ဒေသခံတိုင်းရင်းသားများအတွက် ကြိုတင် ကာကွယ် တားဆီးရေးများကို လုပ်ဆောင်နိုင်ခြင်း မရှိခြင်းသည် စိုးရိမ်ဖွယ် ရာ အခြေအနေတစ်ရပ်ဖြစ်သည်။ ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုဗစ်-၁၉ ကာလ တစ်ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးပန်ကြားချက်ကို ထောက်ခံသည့် ကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံမှလွဲ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အဆိုပါ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ မျက်မှောက်ကာလတွင် တစ်နည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်နိုင်မည့် စဦး ခြေလှမ်း တစ်ရပ်ဖြစ်သော အဆိုပါ ပန်ကြားချက်ကို ပါဝင်လက်မှတ်ရေးထိုးနိုင်မှုမရှိခြင်းသည် စိတ်ပျက်ဖွယ်ရာဖြစ်ပြီး အစိုးရ ၏ လုပ်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် စစ်မက် ဖြစ်ပွားရာဒေသများရှိ ဒေသခံ တိုင်းရင်းသားများအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို အစီအမံများချမှတ်၍ ဆောင်ရွက်ပါရန် တိုက်တွန်း အပ်ပါသည်။ 

အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို ကူညီထောက်ပံ့ရေးနေ့

ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို ကူညီထောက်ပံ့ရေးနေ့ဖြစ်သည်။ သို့သော် လည်း မြန်မာနိုင်ငံအတွင်း၌ အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများသည် နေရာဒေသမျိုးစုံ၌ ပုံသဏ္ဍန်မျိုးစုံဖြင့် ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။ ဇွန်လအတွင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မြိုင်သာယာကျေးရွာမှ ကိုသောင်းထွန်း နှင့် ကိုမင်းသူတို့သည် မြိုင်သာယာကျေးရွာအနီးရှိ တရားမဝင် သတ္တုတူးဖော်နေသော တောင်ပေါ်သို့ ညအချိန်တက်ရောက်ခဲ့ ရာ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ကိုသောင်းထွန်းသည် သေနတ်ဒင်များဖြင့်ထိုး၍ နှိပ်စက်ခြင်းခံခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရ၍ သေဆုံးသွားခဲ့သည်။ ကိုမင်းသူသည် လက်ထိတ်တန်းလန်းဖြင့် ထွက်ပြေးခဲ့ရသည်။ ထို့ပြင် မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ်ဆင်ထားသော ရဲတပ်သား တစ်ဦးအပါအဝင် ယူနီဖောင်း ဝင်ဆင်ထားခြင်းမရှိသော ရဲတပ်သား ၁၀ ဦးခန့်သည် မကွေးမြို့အတွင်းရှိ ရွှေလမင်း ထမင်းဆိုင်အတွင်းသို့ ဝင်ရောက်၍ ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

၎င်းပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ အက်ကြီးကျေးရွာမှ ရွာသား တစ်ဦးသည် တပ်မတော်၏ ခေါ်ယူ ရိုက်နှက်ခြင်းခံခဲ့ရသောကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 

ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းသည် ထိရောက်သော တားဆီး၊ကာကွယ်မှု ယန္တရားများ မရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှုကို ဖော်ဆောင်ရန်နှင့် ပြန်လည်ထူထောင်ရေး တို့ကို ဆောင်ရွက်ပေးရန်မှာ  အလှမ်းဝေးနေဆဲဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ   ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြား ရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူ စာချုပ် (UNCAT)ကို အတည်ပြု လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း ဖော်ပြထားသည့် စာတမ်းငယ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာတမ်းငယ်အတွင်းတွင် UNCAT စာချုပ်တစ်ခု တည်းသာ အစိုးရအား ညှဉ်းပန်းနှိပ်စက်မှုကို ထိရောက်စွာ ပိတ်ပင်ရန် အတွက် မရှိမဖြစ်ရှုထောင့်များမှ ကြည့်ရှုကာ အသေးစိတ် ပြင်ဆင်မှုများ၊ နစ်နာကြေးပေးရေးနှင့် တားဆီးခြင်းများကို လုပ်ဆောင်ရန် အထောက်အကူပေးသည့် စာချုပ်ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ အစိုးရအနေဖြင့် လူသားအားလုံး၏ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာသောအားဖြင့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြား ရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူ စာချုပ်(UNCAT)ကို အတည်ပြုလက်မှတ်ရေးထိုးပါရန် ထပ်မံ တိုက်တွန်း အပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

ဒေါင်းလော့ရယူရန် Burmese Chronology for June 2020

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 35 Remaining PP list Burmese

အမှုရင်ဆိုင်နေရဆဲစာရင်း ဒေါင်းလော့ရယူရန် 606 Facing Trial List (Burmese)

၆၆(ဃ) နှင့်ဆက်စပ်တရားစွဲထားသူများစာရင်း 66 (D) total list(new) Updated