ဇွန်လ ၂၀၂၀ အတွက် ကိုဗစ်သတင်းလွှာ

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) အနေဖြင့် ကိုဗစ်-၁၉နှင့် ဆက်နွယ်၍ တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလမှစတင်ပြီး မှတ်တမ်းပြုစု လေ့လာသုံးသပ်မှုများ ပြုလုပ်ကာ ကိုဗစ်သတင်းလွှာအား လစဉ် ထုတ်ပြန်ခဲ့ပါသည်။ မတ်လ နှင့် ဧပြီလအတွင်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေ ၁၅၊ ၁၈ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၃၀၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈၊ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသောကြောင့် ဖမ်းဆီးခံရခြင်းစသည် ဥပဒေတို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ၆၇၀ ဦးရှိခဲ့ပြီး မေလအတွင်းတွင် ၃၇၀၅ ဦးအထိ မြင့်တက်လာခဲ့ကာ ဇွန်လအတွင်းတွင် ၅၅ ဦးအထိ လျော့ကျသွားခဲ့သည်ကို တွေ့ရှိရသည်။ ဧပြီလအတွင်းတွင် အစိုးရမှ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ခဲ့ပြီး မေလတတိယအပတ်တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြန်လည်ဖြေလျော့ပေးခဲ့သည်။
ကိုဗစ်သတင်းလွှာ(ဇွန်) နှင့် ကိုဗစ်-၁၉နှင့် ဆက်နွယ်၍ ဖမ်းဆီး၊ ထိန်းသိမ်၊ ပြစ်ဒဏ်ချမှတ်၊ အရေးယူခံရသော စာရင်းတို့အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မှတ်တမ်းပြစု ထုတ်ပြန်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မှတ်တမ်းပြုထားသော သတင်းအချက်အလက်များကို အခြေခံ၍ ကိုဗစ်ကာလနှင့်ဆက်နွယ်၍ အရေးယူခံရမှုများကို အောက်တွင် ဖော်ပြထားသည်ကို လေ့လာနိုင်ပါသည်။

ဇွန်လအတွင်းတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၁၉) ဦးရှိသည်။
ထို့ပြင် ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက် ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၅၊၁၈ တို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၂၉) ဦး ရှိသည်။
နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အပြစ်ပေးအရေးယူခြင်းခံထားရသူ စုစုပေါင်း (၇) ဦး ရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများနှင့် ကွာရန်တင်းဝင်နေသူများ
ဇွန်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများစာရင်းနှင့် ကွာရန်တင်းဝင်နေသူများ စာရင်းအား လေ့လာ၍ မှတ်တမ်းပြုခဲ့ပါသည်။ ဇွန်လကုန်အထိ AAPP မှ ရရှိထားသော သတင်းများအပေါ်အခြေခံ၍ တိုင်းနှင့် ပြည်နယ်အလိုက် ကွာရန်တင်းစင်တာများ နှင့် ကွာရန်တင်းဝင်နေသူဦးရေကို အောက်ဖော်ပြပါဇယားတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။

အောက်ပါလင့်များကိုလည်း ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။

http://mohs.gov.mm/su/bopw1675BO

https//bagoregion.gov.mm

ကိုဗစ်ကာလတွင်း၌ မြန်မာနိုင်ငံတွင်း သေကြောင်းကြံစည်မှုများ ဖြစ်ပွားခြင်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလ သုံးလအတွင်း မြန်မာနိုင်ငံတွင် လူပေါင်း ၄၇ဝ ဦး မိမိကိုယ်ကို သေကြောင်း ကြံစည်မှုဖြစ်ပွား
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားသည့် မတ်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ သုံးလတာ ကာလအတွင်း လူပေါင်း ၄၇၀ ဦးသည် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ကြကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးကျော်သီဟမှ ပြောကြားခဲ့သည်။ သေကြောင်းကြံစည်မှု ၄၇၀ မှု တွင် လူပေါင်း ၄၇၀ ဦးလုံးသေဆုံးခဲ့ပြီး ၎င်းအမှုများသည် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုလုံးတွင် ဖြစ်ပျက်ခဲ့သည်ဟု သိရှိရသည်။
၎င်းသေကြောင်းကြံစည်မှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စများအပြင် စိတ်ဖိစီးမှုဖြစ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ အရက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ခြင်း စသည့် အကြောင်းများကြောင့် ဖြစ်ကြောင်း ရဲမှူးကြီးကျော်သီဟမှ ဆိုသည်။
သေကြောင်းကြံစည်သူ ၄၇၀ ဦးအနက် စိတ်ဖိစီးမှုကြောင့် သေကြောင်းကြံစည်သူ ၁၂၂ ဦး၊ လူမှုရေးကိစ္စများကြောင့် ၁၁၆ ဦး၊ ကျန်းမာရေးမကောင်းသောကြောင့် ၇၈ ဦး၊ စီးပွားရေးပြဿနာကြောင့် ၇၃ ဦး ၊ အရက်ကြောင်ကြောင်ပြီး သေကြောင်းကြံစည်သောကြောင့် ၆၅ ဦးနှင့် စိတ်ကျရောဂါကြောင့် သေကြောင်းကြံစည်သူ ၇ ဦး ပါဝင်သည်ဟု သိရှိရသည်။
သေကြောင်းကြံစည်သည့်သူ ၄၇၀ ဦးတွင် မန္တလေးမှ ၇၃ ဦးနှင့် အများဆုံးဖြစ်ပြီး၊ ပဲခူးတိုင်းမှ ၆၆ ဦး၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ၅၄ ဦးစီ ရှိခဲ့သည်ဟု သိရှိရသည်။ ချင်းပြည်နယ်တွင် သေကြောင်းကြံစည်သူ ၃ ဦးရှိခဲ့ပြီး၊ သေကြောင်း ကြံစည်မှု အနည်းဆုံးဖြစ်သည်ဟု သိရှိရသည်။
အဆိုပါ သေကြောင်းကြံစည်သူ ၄၇၀ ဦးအနက် ၃၈၂ ဦးသည် အမျိုးသားများဖြစ်ကြပြီး ၈၈ ဦးသည် အမျိုးသမီးများဖြစ်ကြ သည်။ သို့ဖြစ်၍ အမျိုးသားများသည် အမျိုးသမီးများထက် သေကြောင်းကြံစည်သည့်နှုန်း ၄ ဆကျော်ရှိသည်။

၂၀၂၀ခုနှစ်၊ ဇွန်လ ၂၅ရက်၊ ကျော်စွာမြင့်၏လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

ကရင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

Quarantine ၂၁ ရက် ဝင်ရမည်ကို ရှောင်ရန် စျေးဝယ်ကားနှင့်လိုက်ကာ ခိုးဝင်လာသည့် ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားနှင့် ကားသမားအား ထောင်ဒဏ်ချမှတ်
ဇွန်လ ၂၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တရားရုံးမှ Quarantine ၂၁ ရက် ဝင်ရမည်ကို ရှောင်၍ မြဝတီသို့ ခိုးဝင်လာသည့် ထိုင်းပြန် အလုပ်သမား မမိုးသူဇာနှင့် မြဝတီမြို့နေသူ ယာဉ်မောင်း ကိုအေးမင်းထွန်းတို့အား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မြဝတီခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းမှ ၎င်းတို့ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ဇွန်လ ၂၂ ရက်၊  အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ ဒီဗွီဘီ/မြန်မာ

မွန်ပြည်နယ်

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 Quarantine မှ ခိုးထွက်ကာ အိမ်ပြန်သွားသူအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်

Quarantine မှ ခိုးထွက်ကာ အိမ်ပြန်သွားသည့်အတွက် ဇွန်လ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ခရုံကျေးရွာမှ ကိုကျော်ဝင်းလှိုင် သည် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အလုပ် နှင့် ထောင်ဒဏ် (၃)လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ကိုကျော်ဝင်းလှိုင်သည် ဇွန်လ ၁၂ ရက်နေ့  နံနက်အစာပိုင်းတွင် ထိုင်းနိုင်ငံမှ မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး မော်လမြိုင်မြို့ အားကာသိပ္ပံ CBFQ Center တွင် Facility Quarantine (ကွာရန်တင်း) ဝင်နေစဉ် လူလစ်ချိန်၌ ခိုးထွက်သွားခဲ့သည်။ ထို့နောက် စက်ဘီးတစ်စီးအားယူနင်း၍ ဘောလုံးကွင်းအတွင်း ပတ်စီးနေသဖြင့် ဂိတ်တာဝန်ကျ ဝန်ထမ်းမှ တားမြစ်ခဲ့ရာ ပြန်တော့မည်ဟုဆိုကာ ဂိတ်အဝင်ဝတွင် လက်မှတ်ရေးထိုးပြီး အိမ်ပြန်သွားခဲ့ခြင်း ဖြစ်သည်။ ကိုကျော်ဝင်းလှိုင်သည် စိတ်ကျန်းမာရေးကောင်းမွန်ခြင်းမရှိသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၆ ရက်၊ ဇင်မိုးလူမှုကွန်ရက်စာမျက်နှာ/မြန်မာ

ရန်ကုန်တိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ပုဇွန်တောင်တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သည့် အမျိုးသား () ဦးနှင့် အမျိုးသမီး () ဦးကို အရေးယူ

ဇွန်လ ၁ ရက်နေ့တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တရားရုံးမှ ပုဇွန်တောင်မြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သည့် အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၁) ဦးကို ဒဏ်ငွေ ၅၀၀၀ ကျပ်စီ ပေးဆောင်စေခြင်းအားဖြင့် အပြစ်ပေးအရေးယူခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၁ ရက်၊ The Voice/မြန်မာ

ပဲခူးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ကိုဗစ်ကာလ KTV လုပ်ငန်းလုပ်ကိုင်နေသူ ၂၃ ဦးကို ဒဏ်ငွေ ချမှတ်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တရားရုံးမှ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလတွင် KTV  လုပ်ငန်းလုပ်ကိုင်နေသည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ သုံးပန်လှ KTV ဆိုင်ပိုင်ရှင် ဦးသန်းထွဋ်ဦး အပါအဝင် ၂၃ ဦးကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ၁၅ ဖြင့် ဒဏ်ငွေ ၅၀၀၀ ကျပ်စီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းတွင် ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနနှင့် လက်ပံတန်းရဲတပ်ဖွဲ့ဝင်များမှ သုံးပန်လှ  KTV ဆိုင်အား ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြည့်တန်ဆာလုပ်ကိုင်သူ ခြောက်ဦး၊ စေခိုင်းသူ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး၊ KTV လုပ်ငန်းလုပ်ကိုင်နေသူ ၁၆ ဦး၊ စုစုပေါင်း ၂၃ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ငန်း လုပ်ကိုင်နေသူ ဆိုင်ရှင် မယုမွန်ကျော်နှင့် အမျိုးသမီးငယ် ခြောက်ဦးကို ပြည့်တန်ဆာနှိမ်နင်းရေး အက်ဥပဒေပုဒ်မ ၅(၁)/၈(ဂ)/၃(က) ဖြင့် လက်ပံတန်းရဲစခန်းမှူး ဒုရဲမှူးမျိုးညွန့်မှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ပြီး KTV လုပ်ငန်း လုပ်ကိုင်နေသူ ဆိုင်ပိုင်ရှင် ဦးသန်းထွဋ်ဦး အပါအဝင် ၂၃ ဦးကို  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းမှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ ဒီဗွီဘီ/မြန်မာ

မန္တလေးတိုင်းဒေသကြီး

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ချမ်းအေးသာစံမြို့နယ်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူ ၁၉ ဦးအား ထောင်ဒဏ်ချမှတ်

ဇွန်လ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ချမ်းအေးသာစံမြို့နယ်တွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်သူ ၁၉ ဦးအား ရာဇသတ်ကြီးဥပဒေပုဒမ ၁၈၈ ဖြင့် ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။  ညမထွက်ရအမိန့်ကို ချိုးဖောက်သူ ၁၉ ဦးကို ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်‌ရေးမှူးမှ တရားလိုပြုလုပ်၍ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ အဆိုပါ ၁၉ ဦးအပြင် အစိုးရဝန်ထမ်း တစ်ဦးသည်လည်း ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအား ဝန်ထမ်းစည်းကမ်းအရ အရေးယူနိုင်ရန် တင်ပြထားသည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ ဒီဗွီဘီ/မြန်မာ

စစ်ကိုင်းတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

စစ်ကိုင်းတိုင်းအတွင်းတွင်  Mask တပ်ဆင်ခြင်းမရှိသူများကို အရေးယူမှု တစ်လအတွင်း ၂၇၀၀ ကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့ထိ တစ်လတာကာလအတွင်း နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသူများကို ဖမ်းဆီးအရေးယူမှု ၂၇၈၅ မှု ရှိခဲ့ကြောင်း သိရှိရသည်။ ၎င်းပြင် ကိုဗစ်ကပ်ဘေးကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အရေးယူခြင်းအပြင်၊  သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ၂၄ မှု၊ ၃၇ ဦး၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် ဧပြီလ ၂၄ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ ၁၇ မှု၊ ၂၂ ဦး၊ ဆက်စပ်တရားစွဲဆိုမှုများမှာ ၃၁ မှု၊ ၅၉ ဦး၊ ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်းကြောင့် အရေးယူမှု ၅၇ မှု၊ ၁၇၄ ဦးထိ ရှိသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမိုးကျော်သူမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ ဒီဗွီဘီ/မြန်မာ

ဧရာဝတီတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ပုသိမ် Quarantine စင်တာတွင် မူးယစ်ရမ်းကားသူ (၃) ဦးကို ထောင်ဒဏ်ချမှတ်
ဇွန်လ ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တရားရုံးမှ ပုသိမ် Quarantine စင်တာတွင် အရက်သေစာ သောက်စား၍ မူးယစ်ရမ်းကားခဲ့သည့် အမျိုးသား (၃) ဦးအား ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၃) လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် ထို အမျိုးသား (၃) ဦးသည် Quarantine စင်တာမှ တာဝန်ကျဝန်ထမ်းများနှင့် စေတနာဝန့်ထမ်းများအား အရက်သေစာ သောက်စား၍ ဆဲဆို၊ရမ်းကား ခဲ့သည်။ ထို့ကြောင့် Quarantine စင်တာမှ တာဝန်ရှိသူ ဒေါက်တာ မြတ်မင်းထွန်းမှ တရားလိုပြုလုပ်၍ ၎င်းတို့ကို အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၆ ရက်၊ ဒီဗွီဘီ/မြန်မာ
ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် အဆုံးစီရင်မှု ဖြစ်ပွားခြင်း
ပုသိမ်ဆေးရုံကြီးတွင် Quarantine ဝင်နေသူ တစ်ဦး မိမိကိုယ်ကိုသတ်သေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဆေးရုံကြီးတွင် ၂၁ ရက် အသွားအလာကန့်သတ်၍ စောင့်ကြည့်မှုခံယူလျက်ရှိသည့် မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ ကိုချစ်သောင်း (ခ) ကိုချစ်လှသည် ဇွန်လ ၁၇ ရက်နေ့ညပိုင်းတွင် ဆေးရုံ သီးသန့်ဆောင်ရှိ အိမ်သာအတွင်းတွင် မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သိရှိရသည်။ အဆိုပါအမျိုးသားသည် တရုတ်ပြည်မှ ပြန်လာပြီးနောက် ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏ အမျိုးသမီး မိတ်ဆွေရှိရာ ပုသိမ်မြို့သို့လာရောက်ခြင်း ဖြစ်ကြောင်း၊ တာဝန်ရှိသူများကို ပြောပြသည့်အတွက် ပုသိမ်မြို့ ကွာရန်တင်းစင်တာသို့ ပို့ပေးခဲ့ကြောင်း၊ အမျိုးသမီး မိတ်ဆွေမှ ၎င်းအား လက်ခံခြင်းမရှိသည့်အတွက် ကားပေါ်တွင် ကားအင်ဂျင်ဝိုင်များ သောက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည်မှု ပြုလုပ်ခဲ့သေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ ဧရာဝတီ/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသန္တရအမိန့်ကို ချိုးဖောက်သူ ၅၉၅ ဦးကို ထောင်ချ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်ကာလအတွင်း တားမြစ်ချက်များ၊ ဒေသန္တရအမိန့်များကို လိုက်နာခြင်းမရှိသူ ၅၉၅ ဦးကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှ ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဧပြီလ ၁၈ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ထိုအမိန့်ကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်သောကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ အမျိုးသား ၄၉၂ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၉၀ ဦး၊ စုစုပေါင်း ၅၉၅ ဦး ရှိကြောင်း သိရှိရသည်။ ၎င်းတို့အား ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ နှင့် ဖျာပုံ အကျဉ်းထောင်များသို့ ပို့ဆောင်၍ အကျဉ်းချခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်၊ ဧရာဝတီ/မြန်မာ

၂၀၂၀ ခုနှစ်၊ ဇွန်လ ၅ ရက်၊ The Voice/မြန်မာ

ကိုဗစ်ကာလအတွင်း ဒေသန္တရအမိန့်များ
ဧရာဝတီတိုင်းဒေသကြီးတွင် ညမထွက်ရအမိန့်ကို နှစ်လထပ်မံတိုး
ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း၌ ညမထွက်ရအမိန့်ကို နှစ်လထပ်မံ၍ တိုးမြှင့်ခဲ့သည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီလ ၁၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သော ထိုအမိန့်သည် ဇွန်လ ၁၈ ရက်နေ့တွင် နှစ်လပြည့်ခဲ့ခြင်းအတွက် ထပ်မံ၍ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးသည့်နောက် ဧရာဝတီတိုင်းအတွင်း အမိန့်လိုက်နာခြင်းမရှိသူ ၅၂၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေမှ ပြောကြားခဲ့သည်။ အဆိုပါ ၅၂၄ ဦးအနက်မှ ၁၃ ဦးသည် အမျိုးသမီးများဖြစ်ကြသည်။ ထို ၅၂၄ ဦးလုံးကို သက်ဆိုင်ရာမြို့နယ်တရားရုံးများမှ ထောင်ဒဏ် တစ်လ (သို့မဟုတ်) ထောင်ဒဏ် နှစ်လစီ ကျခံစေရန် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ ထောင်ဒဏ်အပြစ်ပေးခြင်းခံရသူ အများဆုံးမှာ ပုသိမ်ခရိုင်မှ ၂၃၉ ဦးနှင့် ဟင်္သာတခရိုင်မှ လူပေါင်း ၇၆ ဦး ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

  ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ ဒီဗွီဘီ/မြန်မာ

ကိုဗစ်သတင်းလွှာဒေါင်းလော့ရယူရန် Chronology of COVID-19 in June (Burmese) Final

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈
ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅(၀) ၉၇၉ ၅၈၈ ၁၀၁၆
မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ) +၉၅(၀) ၉၉၇ ၃၀၃ ၁၀၅၀