၂၀၂၀ မေလအတွင်း COVID-19 အရေးနှင့်ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များ

မေလအတွင်းတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် လက်ရှိ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၅၆၃) ဦးရှိသည်။

ထို့အပြင် ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၆(က)၊ ၂၇၊ ၂၈(ခ)၊ ၃၀(က)(ခ) ၊ ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၅၊၁၈ တို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၃1) ဦး ရှိသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသူ (၁) ဦး၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် တရားစွဲဆိုခြင်းခံထားရသူ (၁) ဦး ရှိသည်။

သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တက်ကြွလှုပ်ရှားသူ (၂) ဦးနှင့် ရှေ့နေ (၁) ဦး တို့သည် တရားစွဲဆိုခြင်းခံခဲ့ရသည့်အပြင် သတင်းအယ်ဒီတာ (၁) ဦးသည်လည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အပြစ်ပေးအရေးယူခြင်းခံထားရသူ စုစုပေါင်း (၃၁၀၀) ဦး ရှိသည်။

ကချင်ပြည်နယ်

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

Quarantine နေထိုင်ရန် နေရာချထားပေးသည်ကို နေထိုင်ခြင်းမရှိဘဲ ကုတင်၊ တံခါးနှင့် မှန်များကို ရိုက်ချိုး ဖျက်ဆီးခဲ့သည့် အမျိုးသား တစ်ဦးကို အမှုဖွင့်

မေလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ Quarantineနေထိုင်ရန် နေရာချထားပေး​သည်ကို နေထိုင်ခြင်းမရှိဘဲ အရက်သေစာသောက်စားမူးယစ်ပြီး အိပ်ယာကုတင်နှင့် အခန်းတံခါး၊ ပြူတင်းပေါက် တံခါးမှန်များကို ရိုက်ချိုးဖျက်ဆီး ခဲ့သည့်အတွက် ကိုပါစီထွန်း(ခ)သာစည်ထွန်း ဆိုသူကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြစ်ကြီးနားမြို့မရဲစခန်းမှ သိရှိရသည်။ အဆိုပါအမျိုးသားသည် မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ၊ ကွမ်းတုံမြို့မှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၆ ရက်၊ Isee Media၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

ကရင်ပြည်နယ်

COVID-19 ကာလနှင့်ဆက်နွယ်၍ သတင်းမီဒီယာသမားများအား ပြစ်ဒဏ်ချမှတ်ခြင်းများ

လူထု အထိတ်တလန့်ဖြစ်စေမှုဖြင့် ဘားအံအခြေစိုက် သတင်းအယ်ဒီတာကို ထောင်ဒဏ်ချမှတ်

လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် သတင်းအမှားတင်ခဲ့သည်ဟုဆိုကာ မေလ ၂၀ ရက်နေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တရားရုံးမှ ဘားအံအခြေစိုက် သတင်းအယ်ဒီတာ ဦးဇော်ရဲထက်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့်   ထောင်ဒဏ် နှစ် နှစ် ချမှတ်ခဲ့သည်။ ကရင်ပြည်နယ် မြိုင်ကလေးနယ်မြေရဲစခန်းမှူးမှ တရားလိုပြုလုပ်၍ ဦးဇော်ရဲထက်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ မြဝတီမြို့မှ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာများအနက် ပိုးတွေ့ရှိသူ နှစ်ဦး သေဆုံးသွားခဲ့ကြောင်း ဦးဇော်ရဲထက်မှ ၎င်း၏ အွန်လိုင်းသတင်းမီဒီယာတွင် သတင်းအနေဖြင့် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် Breaking news အနေဖြင့် မြဝတီကိုဗစ်လူနာ သေဆုံးကြောင်း ဦးဇော်ရဲထက်မှ ၎င်းတာဝန်ယူထားသည့် “ဒဲ့ပြော” လူမှုကွန်ယက်စာမျက်နှာတွင် သတင်းရေးသား ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းမှားယွင်းကြောင်းကို ယင်းနေ့ ည ၈ နာရီ ၄၈ မိနစ် အချိန်တွင် စာဖတ်သူများအား ပြန်လည်တောင်းပန်ကြောင်း ရေးသားဖော်ပြ လွှင့်တင်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၂ ရက်၊ လွတ်လပ်သောအာရှအသံ/မြန်မာ

၂၀၂၀ ခုနှစ်၊ မေလ ၂၁ ရက်၊ KIC News/မြန်မာ

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

မြဝတီမြို့တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူ ၄၉၈ ဦးကို အမိန့်ချမှတ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တရားရုံးမှ မေလအတွင်း ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သူ ၄၉၈ ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ဒဏ်ငွေကျပ် ၅၀,၀၀၀ စီ ပေးဆောင်ရန် သို့မဟုတ် ထောင်ဒဏ် တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။  မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုမှ တရားလိုပြုလုပ်၍ ၎င်းတို့ကို မြဝတီမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ မြဝတီမြို့တွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည့် ဧပြီလ ၁၈ ရက်နေ့မှ မေလ ၂၆ ရက်နေ့ အထိ ၃၉ ရက်တာကာလအတွင်း အမိန့်လိုက်နာမှုမရှိသူ ၆၀၀ ကျော်ကိုဖမ်းဆီးရမိခဲ့ပြီး ၆၂၉ ဦးကို မြဝတီမြို့နယ်တရားရုံးတွင် တရားစွဲဆိုတင်ပို့ခဲ့သည်။ ထိုတရားစွဲဆိုတင်ပို့ခဲ့သည့် ၆၂၉  ဦး အနက် ၄၈၉ ဦးအား ဒဏ်ငွေကျပ် ၅၀,ဝဝဝ စီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒဏ်ငွေပေးဆောင်ခြင်းမရှိ့သော ကျန် ၁၄၀ ဦးအား မြဝတီမြို့နယ်တရားရုံးမှ ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု မြဝတီရဲစခန်းမှ သိရှိရသည်။ ဧပြီလအတွင်းတွင် ၁၃၁ ဦး အား အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

၂၀၂၀ခုနှစ်၊ မေလ ၁၅ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်၊ ဒီဗွီဘီ/မြန်မာ 

မွန်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ကျိုက်မရော၌ လူစုလူဝေးဖြင့် ဘုရားထီးတော်ပင့်ဆောင်ခဲ့သူတစ်ဦးကို ထောင်ဒဏ်ချမှတ်

မေလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တရားရုံးမှ ဘုရားထီးတော်ပင့်ဆောင်မှုကို လူစုလူဝေးဖြင့် ဉီးဆောင်ပြုလုပ်ခဲ့သည့် ကျိုက်မရောမြို့နယ်၊ ကော့ခလိန်း ကျေးရွာအုပ်စု၊ ကြာအင်းချောင်းကျေးရွာမှ ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ် ၃၀ (က)ဖြင့် ထောင်ဒဏ် ကိုးလ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မတ်လ ၃၀ ရက်နေ့တွင် ဦးဇော်မင်း ဦးဆောင်၍ ကျေးရွာအတွင်းရှိ ဒါယကာ၊ ဒါယိကာမ ၁၅၀ ဦးခန့်သည် လူစုလူဝေးဖြင့် ဘုရားထီးတော်ကို လှည့်လည်ပင့်ဆောင်ခဲ့သည်။ ထို့ကြောင့် မွန်ပြည်နယ်၊ ကျိုက်မရောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်မှ တရားလိုပြုလုပ်၍ ဦးဇော်မင်းကို တရားစွဲဆိုခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၃ ရက်၊ ဒီဗွီဘီ/မြန်မာ

ရန်ကုန်တိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

ရွှေပြည်သာ Quarantine နေရာများမှ ထွက်ပြေးခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးကို အမှုဖွင့်အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ Quarantine နေရာများမှ ထွက်ပြေးခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။ အမျိုးသားနှစ်ဦးသည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး ရွှေပြည်သာမြို့နယ်ရှိ Quarantine နေရာများ၌ လူပြည့်နေသည့် အတွက် စစ်ကြောရေးနှင့်တည်းခိုရေး Quarantine စင်တာသို့ မပို့ဆောင်မီ ရွှေပြည်သာ အ.မ.က(၈)ကျောင်းတွင် ယာယီထားရှိစဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ အမျိုးသားနှစ်ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အမျိုးသမီး တစ်ဦးသည် လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၇ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဇနီးအပါအဝင် ရှစ်ဦးကို အရေးယူပေးရန် ဗိုလ်တထောင်ရဲစခန်း၌ တိုင်ကြား

မေလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နေ ဦးစည်သူမြင့်မှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ် အပါအဝင် လူပုဂ္ဂိုလ် ရှစ်ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူပေးရန် ဗိုလ်တထောင်မြို့မရဲစခန်း၌ တိုင်ကြားခဲ့သည်။ မေလ ၂၄ ရက်နေ့ နံနက်တွင်  ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်း၌ ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ခဲ့ခြင်းနှင့်ပတ်သက်၍ လူစုလူဝေး ဖြစ်စေခဲ့ခြင်း ကြောင့် တိုင်ကြားရခြင်းဖြစ်သည်ဟု သိရှိရသည်။ ၎င်းအမှုနှင့် ပတ်သက်သည့်တိုင်စာကို ဗိုလ်တထောင်ရဲစခန်းမှ လက်ခံထား ခဲ့ပြီး အမှုဖွင့်ဆောင်ရွက်ပေး၍ ရ၊မရ အထက်သို့တင်ပြ၍ အကြောင်းပြန်ပေးမည်ဟု သိရှိရသည်။ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ မေလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား အရေးယူပေးရန်အတွက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ဒေသခံ ကိုသာထက်အောင်မှ ပခုက္ကူမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းမှ အမှုဖွင့်ပေးခြင်းမရှိဘဲ ပယ်ချခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၉ ရက်၊ ဒီဗွီဘီ/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ရန်ကုန်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သူ ၁၃ ဦးကို ပထမဦးဆုံး အရေးယူ

ပုဇွန်တောင်မြို့နယ်အတွင်း နှာခေါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်ခဲ့သည့်အတွက် မေလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တရားရုံးမှ အမျိုးသား ၁၂ ဦး နှင့် အမျိုးသမီး တစ်ဦးကို ဒဏ်ငွေ ၅၀၀၀ကျပ် ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။ မေလ ၁၃ ရက်နေ့လယ်ပိုင်းတွင် Mask မတပ်ဘဲ အပြင်ထွက်ခဲ့သူ ၁၃ ဦးကို တရားရုံးတွင် ဒဏ်ငွေရိုက် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) မှ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၄ ရက်၊ The Voice/မြန်မာ

လှိုင်သာယာမြို့နယ်အတွင်း Mask မတပ်ဘဲ အပြင်သွားလာသူအမျိုးသား ၄၇ ဦးနှင့် အမျိုးသမီး သုံးဦးကို ဒဏ်ငွေချမှတ်

လှိုင်သာယာမြို့နယ်အတွင်း နှာခေါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်ခဲ့ခြင်းအတွက် မေလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တရားရုံးမှ အမျိုးသား  ၄၇ ဦးနှင့် အမျိုးသမီး သုံးဦး တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီး ဒဏ်ငွေပေးဆောင်စေရန်  အမိန့်ချမှတ်ခဲ့သည်။  လှိုင်သာယာမြို့နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်သည့် အနေဖြင့် အပြင်သွားလာရာတွင် Mask မတပ်သူများအား ဖမ်းဆီးအရေးယူသည့် အစီအစဉ်ကို မေလ ၁၄ ရက်နေ့နေ့ နံနက်ပိုင်း၌ စတင်လုပ်ဆောင်ခဲ့သည်။

၂၀၂၀ခုနှစ်၊ မေလ ၁၄ ရက်၊ အီလဲဗင်း/မြန်မာ

နှာခေါင်းစည်း (Mask) မတပ်သည့် YBS ယာဉ်မောင်း ၁၂ ဦးကို တစ်ပတ်အလုပ်နားသည့် ပြစ်ဒဏ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ Power Eleven ကုမ္ပဏီမှ ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသည့် YBS ၂၁၊ ၃၉ နှင့် ၄၀ ယာဉ်လိုင်းမှ ယာဉ်မောင်း ၁၂ ဦးအား နှာခေါင်းစည်း(Mask)မတပ်ဘဲ ယာဉ်များကို မောင်းနှင်ခဲ့သည့်အတွက် တစ်ပတ်အလုပ်နားသည့် ပြစ်ဒဏ်ပေးခဲ့သည်။ ယာဉ်မောင်းများကို Power Eleven ကုမ္ပဏီမှ တာဝန်ရှိသူများမှ ၎င်းတို့၏ယာဉ်လမ်းကြောင်းများတွင် စစ်ဆေးလေ့ရှိပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများကို အရေးယူအပြစ်ပေးခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၀ရက်၊ မြန်မာတိုင်းမ်/မြန်မာ

ရန်ကုန်တိုင်းတွင် နှာခေါင်းစည်းမတပ်သဖြင့် ဒဏ်ရိုက်အရေးယူခံရသူ ၂၉၀၀ ကျော်ရှိ

မေလ ၁၅ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန်သည့် ၄၄ မြို့နယ်တွင် နှာခေါင်းစည်း မတပ်သောကြောင့် ဒဏ်ရိုက်အရေးယူခြင်းခံရသူ စုစုပေါင်း ၂၉၀၃ ဦး ရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နှာခေါင်းစည်းမတပ်လျှင် အရေးယူမည့် အစီအစဉ်ကို မေလ ၁၃ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်၊ ဒီဗွီဘီ/မြန်မာ

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

အင်းစိန်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သူ နှစ်ဦးကို ဖမ်းဆီး အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့မရဲစခန်းမှ အင်းစိန်မြို့နယ်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သည့် ကိုပြည့်စုံအောင်နှင့် မဂျူးဂျူးတို့ကို ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်ခဲ့သည်။ အင်းစိန်မြို့နယ်အတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်မှုများပြုလုပ်လျက်ရှိစဉ် မေလ ၅ ရက်နေ့၌ ၎င်းတို့ကို အောင်ဇေယျတံတားအနီးတွင် တွေ့ရှိခဲ့၍ ဖမ်းဆီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်၊ TheVoiceMyanmar/မြန်မာ

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

အင်းစိန်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူအား ထောင်ဒဏ်ချမှတ်

မေလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တရားရုံးမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်ပွားနေ သော အင်းစိန်မြို့နယ်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့် ထောင်ဒဏ် တစ်လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မေလ ၃ ရက်နေ့ ညအချိန်တွင် ထိုအမျိုးသားအား လှိုင်မြစ်ဘေးလမ်း၌ တွေ့ရှိခဲ့သည့်အတွက် အရေးယူခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်၊ ဒီဗွီဘီ/မြန်မာ

တာမွေမြို့နယ်တွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ၂၀ ဦးအား ထောင်ဒဏ်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တရားရုံးမှ ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ ၂၀ ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ ခုကို ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၅ ရက်၊ ဒီဗွီဘီ/မြန်မာ 

အလုပ်သမားများဆန္ဒထုတ်ဖော်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများနှင့် ဖမ်းဆီးခံရခြင်းများ

ရန်ကုန်တွင် ဆန္ဒပြအလုပ်သမားများကို ဖမ်းဆီး

မေလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းမှ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ Rainwear House မိုးကာစက်ရုံမှ အလုပ်သမား ငါးဦးနှင့် ဘရိုက်ဘက် ကျောပိုးအိတ်စက်ရုံတို့မှ အလုပ်သမား တစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခြင်းခံခဲ့ရသူများမှာ သင်္ကြန်ပိတ်ရက်မတိုင်မီတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စက်ရုံပိုင်ရှင်များမှ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် စခန်းမှူးမှ အတည်ပြုပြောကြားခဲ့သည်။ COVID-19 ရောဂါကြောင့် ဧပြီလတစ်လအား အနိမ့်ဆုံး လုပ်ခလစာနှင့် အလုပ်ပိတ်ပေးရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဘရိုက်ဘက် အန်တာပရိုက်(စ်) (မြန်မာ) ကျောပိုးအိတ်ချုပ်စက်ရုံ၊ Rainwear House စက်ရုံနှင့် Blue Diamond အိတ်စက်ရုံများမှ အလုပ်သမားများမှ သက်ဆိုင်ရာစက်ရုံများရှေ့တွင် ဧပြီလဆန်း၌ သပိတ်စခန်းဖွင့်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၂၀၂၀ ခုနှစ်၊ မေလ ၅ ရက်၊ Myanmar Now/မြန်မာ

၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်၊ ဗွီအိုအေ/မြန်မာ

Blue Diamond အိတ်စက်ရုံ သပိတ်မှ အလုပ်သမားခေါင်းဆောင်များနှင့် ဝန်းရံသူ ခြောက် ဦးကို ထောင်ဒဏ်ချမှတ်

မေလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းတရားရုံးမှ ဒဂုံဆိပ်ကမ်းစက်မှုဇုံ အတွင်းရှိ Blue Diamond စက်ရုံသပိတ်မှ အလုပ်သမားရေးညှိနှိုင်းဆောင်ရွက်သူများ၊ ဝန်းရံသူများဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကိုကျော်မျိုး၊ ကိုသက်ဦးမောင်၊ ကိုမျိုးကြီး၊ ကိုမင်းမင်းနိုင်နှင့် သပိတ်စခန်းဖွင့်ခဲ့သည့် ဒဂုံဆိပ်ကမ်း Blue Diamond စက်ရုံသပိတ်မှ အလုပ်သမားခေါင်းဆောင် မဇာဇာထွန်း၊ မလေးလေးမာတို့အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့် ထောင်ဒဏ် သုံးလစီကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အစိုးရမှ အလုပ်ပိတ်ရန် သတ်မှတ်ထားသည့် ဧပြီလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့ ကာလအတွက် လုပ်ခလစာပေးရန် ဂုံဆိပ်ကမ်းစက်မှုဇုံရှိ Blue Diamond အိတ်ချုပ်စက်ရုံမှ အလုပ်သမားများ သည် ဧပြီလအတွင်းမှစတင်ကာ ဆန္ဒပြတောင်းဆိုခဲ့သည်။ COVID-19 အခြေအနေကြောင့် ဧပြီလ ၃၀ ရက်နေ့အထိ ဆန္ဒပြမှုကိုရပ်နားခဲ့ပြီး မေလ ၂ ရက်နေ့တွင် စက်ရုံရှေ့၌ သပိတ်စခန်းဖွင့်လှစ်ကာ ပြန်လည် တောင်းဆို ခဲ့ခြင်းဖြစ်သည်။ မေလ ၄ ရက်နေ့တွင် သပိတ်စခန်းဖြိုခွင်းခြင်းခံခဲ့ရပြီး ၎င်းတို့ခြောက်ဦးကို ဖမ်းဆီးခဲ့ကာ ထိုနေ့တွင်ပင် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ မေလ ၅ ရက်၊ Myanmar Now/ မြန်မာ

၂၀၂၀ ခုနှစ်၊ မေလ ၅ ရက်၊ ဧရာဝတီ

ပဲခူးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

အထည်ချုပ်လုပ်သားများ ဆူပူအုံကြွအောင် လှုံ့ဆော်ခဲ့ပြီး ပဲခူးတိုင်းအစိုးရအဖွဲ့အား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Live လွှင့်၍ ဆဲဆိုခဲ့သည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ရှေ့နေတစ်ဦးကို အမှုဖွင့်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပဲခူးစက်မှုဇုန်မှ အထည်ချုပ်လုပ်သားများ ဆူပူ အုံကြွအောင် လှုံဆော်ခဲ့ခြင်းအပါအဝင် ပဲခူးတိုင်းအစိုးရအဖွဲ့အား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Live လွှင့်၍ ဆဲဆိုခဲ့ သည်ဟုဆိုကာ ပဲခူးမြို့ခံ တက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သော ကိုနိုင်နိုင်အောင်၊ ကိုလင်းနိုင်နှင့် ပြည်သူ့ပါတီမှ ရှေ့နေ ကိုကျော်နိုင်ဝင်း(ခ) စောကျော်နိုင်ဝင်းတို့ သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ၊ ဆက်သွက်ရေးဥပဒေ ပုဒ်မ  ၆၆ (ဃ)တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း သိရှိရသည်။ ၎င်းတို့ သုံးဦးကို ပဲခူးတိုင်းအစိုးရ၏ တာဝန်ပေးချက်အရ ဒုရဲမှူး ကျော်လွင်မိုးမှ တရားလိုပြုလုပ်ပြီး အမှတ် ၃ ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခြင်းခံထားရသူ  သုံးဦးအနက် ရန်ကုန်တွင်နေထိုင်သော  ပြည်သူ့ပါတီမှ ရှေ့နေ ကိုကျော်နိုင်ဝင်း(ခ) စောကျော်နိုင်ဝင်းသည် မေလအတွင်း၌ပင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။   ၎င်းမှ အလုပ်သမားများအတွက် တာဝန်ရှိသူများနှင့် အေးချမ်းစွာ တရားဝင် ဆွေးနွေးခဲ့ကြောင်း၊ ၎င်းအနေနှင့် Live လွှင့်ခဲ့ခြင်းမရှိသလို ဆူပူအုံကြွအောင်လည်း ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်၊ The Voice/မြန်မာ

၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်၊ ဒီဗွီဘီ/မြန်မာ 

၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်၊ ဒီဗွီဘီ youtube/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

လက်ပံတန်းမြို့၌ နှာခေါင်းစည်း(mask) တပ်ခြင်းမရှိသူ ၁၃၀ ခန့်ကို ဒဏ်ရိုက်အရေးယူ

မေလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း နှာခေါင်းစည်း (mask) တပ်ခြင်းမရှိဘဲ အပြင်ထွက်သူ ၁၃၀ ခန့်အား ဒဏ်ငွေ နှစ်ထောင် ပေးဆောင်စေရန် ဒဏ်ရိုက် အရေးယူခဲ့သည်။ လက်ပံတန်းမြို့ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆာင်၍ လက်ပံတန်းမြို့အဝင် လမ်းဆုံမှ စောင့်ဆိုင်းပြီး မြို့တွင်းသို့ နှာခေါင်းစည်း(mask) လုံခြုံစွာတပ်ဆင်ထားခြင်းမရှိဘဲ ဝင်ရောက်လာသူများကို အရေးယူခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ 22 ရက်၊ ဒီဗွီဘီ/မြန်မာ

မန္တလေးတိုင်းဒေသကြီး

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

 မန္တလေးမြို့တွင် ဆိုင်ထိုင် စားသောက်ခွင့်ပြုခဲ့သည့် ဘီယာဆိုင်အား အရေးယူ

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးမြို့တွင် ထုတ်ပြန်ထားသော အမိန့်အားလိုက်နာခြင်းမရှိဘဲ ဆိုင်ထိုင်စားသောက်ခွင့်ပြု ခဲ့သည့်အတွက် J&J စည်ဘီယာဆိုင်မန်နေဂျာအား ၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူပေးရန် မေလ ၂၅ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုသွားမည်ဟု သိရှိရသည်။ မေလ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန်တွင် J&J ဘီယာဆိုင်အတွင်း၌ ဆိုင်ထိုင်စား‌သောက်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်အတွင်း၌ ဘီယာထိုင်သောက်နေသော လူ ခြောက်ဦးကို တွေ့ရှိခဲ့သောကြောင့် အရေးယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၅ ရက်၊ အီလဲဗင်း/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

မန္တလေးတွင် လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းသူများကို ထောင်ဒဏ်ချမှတ်

မေလ ၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တရားရုံးမှ  လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သည့် အမျိုးသား ၁၄  ဦးအနက်မှ ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ထောင်ဒဏ် သုံးလစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကျန်နှစ်ဦးမှာ အသက် (၁၈) နှစ် မပြည့်သေးသည့်အတွက် ကလေးသူငယ်တရားရုံး၌ သီးခြားအမှုစွဲတင်ထားကြောင်း သိရှိရသည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ဝတ်ပြုဆုတောင်းပွဲများအား တိုင်းဒေသကြီးအစိုးရမှ တားမြစ်မိန့်ထုတ်ပြန် ထားခဲ့သည်။ သို့သော်လည်း ဧပြီလ ၁၀ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ နေအိမ်၌ ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သည့်အတွက် ထိုအမျိုးသား ၁၄ ဦးကို အောင်ပင်လယ် နယ်မြေရဲစခန်း၌ အမှုဖွင့်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၉ ရက်၊ 7 day – News/မြန်မာ

Quarantine ဝင်ရန် ငြင်းဆန်ခဲ့သည့် ဇနီးမောင်နှံကို ထောင်ဒဏ်ချမှတ်

မေလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တရားရုံးမှ ရန်ကုန်မြို့မှ ပြန်လာသောကြောင့် Quarantineဝင်ရန်ကို ငြင်းဆန်ခဲ့သည့် ဇနီးမောင်နှံနှစ်ဦးအား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ (၁၈) ဖြင့် ထောင်ဒဏ်သုံးလစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရန်ကုန်မှ ပြန်လာသောကြောင့် Quarantine ဝင်ရန် မေ ၁၀ ရက်နေ့တွင်  ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ နှစ်ကြိမ်တိုင် သွားရောက်ပြောဆို သော်လည်း ငြင်းဆန်ခဲ့ခဲ့သည်။ ထို့ကြောင့် မိတ္ထီလာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန္တာလင်းမှ တရားလိုပြုလုပ်၍ ၎င်းတို့နှစ်ဦးအား အမှုဖွင့် တရားစွဲဆိုခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၇ ရက်၊ ဒီဗွီဘီ/မြန်မာ

လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းရာတွင် ပါဝင်ခဲ့သည့် ကလေး နှစ်ဦးကို ခံဝန်ဖြင့်ပြန်လွှတ်

မေလ ၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကလေးသူငယ်တရားရုံးမှ  လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သည့် အမျိုးသား ၁၄  ဦးအနက် ကလေး နှစ်ဦးကို ကျပ်ငါးသိန်းခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ၎င်းတို့အနက်မှ အမျိုးသား ၁‌၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ထောင်ဒဏ် သုံးလစီ ကျခံစေရန် မေလ ၇ ရက်နေ့၌ အမိန့်ချမှတ်ခဲ့ပြီး ကျန်ရှိသည့် ကလေး နှစ်ဦးကို အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ဝတ်ပြုဆုတောင်းပွဲများအား တိုင်းဒေသကြီးအစိုးရမှ တားမြစ်မိန့်ထုတ်ပြန်ထားခဲ့သည်။ သို့သော်လည်း ဧပြီလ ၁၀ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ နေအိမ်၌ ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သည့်အတွက် ထိုအမျိုးသား ၁၄ ဦးကို အောင်ပင်လယ် နယ်မြေရဲစခန်း၌ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၉ ရက်၊Myanmar Now/မြန်မာ

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

မိထ္ထီလာမြို့နယ်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူသုံးဦးအား ထောင်ဒဏ်ချမှတ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တရားရုံးမှ COVID-19 ထိန်းချုပ်ရေးကာလတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သည့် ဝမ်းတွင်းမြို့၊ ကျောင်းကုန်းကျေးရွာနေ ဦးအောင်ဇော်လင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် (၈) ရပ်ကွက်နေ ကိုလျို့ရှင့်နှင့် ကိုရန်စီးလျှိုတို့အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့် ထောင်ဒဏ်တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မိတ္ထီလာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်မှ တရားလိုပြုလုပ်၍ ၎င်းတို့ သုံးဦးအား အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်၊ The Voice/မြန်မာ

မကွေးတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ရေစကြိုတွင် Quarantine ဝင်နေသူ တစ်ဦး စည်းကမ်းလိုက်နာခြင်းမရှိသဖြင့် ထောင်ဒဏ် သုံးလ ချမှတ်ခံရ

မေလ ၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တရားရုံးမှ ရေစကြိုမြို့တွင် Quarantine ဝင်နေချိန်၌ စည်းကမ်းဖောက်ဖျက်ခဲ့သည့် အမျိုးသားတစ်ဦးကို   ထောင်ဒဏ် သုံးလ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ရေစကြိုမြို့မှ ရပ်ကွက်ဥက္ကဌမှ ကော်မတီကိုယ်စား တရားလိုပြုလုပ်၍ ဦးတိုက်လျှောက်ထားကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမျိုးသားသည် ကယားပြည်နယ်၊ ရှားတောကျေးရွာတွင် လမ်းလုပ်သားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး မေလ ၅ ရက်နေ့တွင် ရေစကြိုမြို့သို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်ဟု သိရှိရသည်။

၂၀၂၀ ခုနှစ်၊ မေလ ၈ ရက်၊ ဒီဗွီဘီ/မြန်မာ

မိုးမောက်မြို့နယ် Quarantine စခန်းမှ ရက်မပြည့်ဘဲ ထွက်ပြေးလာသည့် အမျိုးသား တစ်ဦးကို ထောင်ဒဏ်ချမှတ်

မေလအတွင်းတွင် မကွေးတိုင်းဒေသကြီး၊ မြိင်မြို့နယ်တရားရုံးမှ  မြိုင်မြို့နယ်၊ အိုရင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို  ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် သုံးလ ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထိုအမျိုးသားသည် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျာကွာရင်တိန်း Quarantine စခန်းတွင် Quarantine ဝင်နေစဉ် ၎င်း၏ ဇာတိမြို့ဖြစ်သည့် အိုရင်းကျေးရွာအုပ်စုသို့ ရက်မပြည့်ပဲထွက်ပြေးလာခဲ့သည်။ ထို့ကြောင့် ကျေးရွာ COVID-19 ကူးစက်ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ တရားလိုပြုလုပ်၍ မြိုင်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ အမှုဖွင့်တိုင်ကြားခဲ့သည်။ မေလ ၅ ရက်နေ့တွင် ထိုအမျိုးသားကို တရားစွဲဆိုခဲ့သည်။

 ၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်၊ ဒီဗွီဘီ/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

Quarantine ဝင်နေသော အမျိုးသမီးများ နေထိုင်ရာ အခန်းသို့ ဝင်ရောက်ရန် ကြိုးစားသူကို ထောင်ဒဏ် ချမှတ်

မေလ ၁၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တရားရုံးမှ Quarantine ဝင်နေသော အမျိုးသမီး နှစ်ဦး နေထိုင်ရာ အခန်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားခဲ့သည့် ကံကြီးကျေးရွာမှ ဆယ်အိမ်မှူး ဦးနိုင်လင်းကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံစေရန်  ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မေလ ၆ ရက်နေ့ညပိုင်းတွင် ညစောင့်တာဝန်ကျသည့် အမျိုးသား နှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ ဆယ်အိမ်မှူး ဦးနိုင်လင်းသည် မြိုင်မြို့နယ်၊ ကံကြီးကျေးရွာ Facility Quarantine စခန်းတွင် Quarantine ဝင်နေသော အမျိုးသမီး နှစ်ဦး၏ အခန်းသို့ သွားရောက်ခဲ့သည်။ ထို့ကြောင့် မေလ ၁၁ ရက်နေ့တွင် ကိုဗစ် ၁၉ ကာကွယ်၊စောင့်ကြည့်ထိန်းချုပ်ရေးကော်မတီမှ တရားလိုပြုလုပ်၍ တိုင်ကြားခဲ့သည်။ မေလ ၁၁ ရက်နေ့တွင် မြိုင်မြို့နယ်တရားရုံးမှ ၎င်းအား ရုံးတင်၍ တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ခုနှစ်၊ မေလ ၁၂ရက်၊ ဒီဗွီဘီ/မြန်မာ

 စစ်ကိုင်းတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် နေထိုင်စဉ် စည်းကမ်းလိုက်နာခြင်းမရှိ၍ တရားစွဲဆိုခံရခြင်းများ

နမ့်တောကျေးရွာ Quarantine စင်တာတွင် အရက်မူး၍ ရမ်းကားခဲ့သည့် အမျိုးသား ကိုးဦးအား အမှုဖွင့်

မေလ ၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုး (မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး)မှ အမျိုးသား ကိုးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့သည်။ အဆိုပါ အမျိုးသား ကိုးဦးသည် ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာ Quarantine စင်တာတွင် Quarantine ဝင်ရောက်နေကြသူများဖြစ်ပြီး မေလ ၁၃ ရက်နေ့တွင် Quarantine စင်တာ ကျောင်းဝင်းအတွင်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာဝိုင်းဖွဲ့၍ အရက်သေစာသောက်စားကာ မူးယစ်ရမ်းကားခဲ့ကြသည်။ ထို့ပြင် မိုင်းကိုင်းကျေးရွာအုပ်စု ကျေးရွာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ညစ်ညမ်းစွာ ဆဲဆိုခဲ့ပြီး သတ်ပစ်မည်ဟု ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် မေလ ၁၄ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးမှ တရားလိုပြုလုပ်၍ ဦးတိုက်လျှောက်ထားခဲ့သော်လည်း ဟုမ္မလင်းမြို့နယ် တရားသူကြီးမှ လက်မခံခဲ့သည့်အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုးမှ ထပ်မံအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၆ ရက်၊ အီလဲဗင်း/မြန်မာ

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ခန္တီးမြို့ ဘောလုံးကွင်းစျေးတွင် Mask တပ်ခြင်းမရှိဘဲ စျေးရောင်းသူ ၁၈ ဦးနှင့် စျေးဝယ်သူ ခုနှစ်ဦးကို ဒဏ်ငွေချမှတ်

မေလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ စည်ပင်သာယာရေးကော်မတီမှ ခန္တီးမြို့ ဘောလုံးကွင်းအတွင်း ဖွင့်ထားသည့်ယာယီစျေး၌ နှာခေါင်းစည်း (Mask) တပ်ခြင်းမရှိဘဲ စျေးရောင်းသူ ၁၈ ဦးနှင့် စျေးဝယ်သူ ခုနှစ်ဦးကို ဒဏ်ငွေ နှစ်ထောင်ပေးဆောင်စေခဲ့သည်။ စစ်ကိုင်းအစိုးရအဖွဲ့မှ Mask မတပ်သူများကို အရေးယူဆောင်ရွက်ရန် မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၆ ရက်၊ ဒီဗွီဘီ/မြန်မာ

မုံရွာတွင် ပုဒ်မ ၁၄၄ ဖောက်ဖျက်ခဲ့သူ ၂၂ ဦးအား ထောင်ဒဏ်ချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ပုဒ်မ(၁၄၄) ဖောက်ဖျက်ခဲ့သူ ၂၂ ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် သုံးလ ကျခံစေရန်ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု မုံရွာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဌ ဦးခင်မောင်စိုးထံမှ သိရှိရသည်။ ၎င်းတို့သည် ရဲတပ်ဖွဲ့ဝင်များအား မချေမငံဆက်ဆံပြီး ပြန်ခုခံခြင်း၊  တချို့မှာ လက်သီးနှင့်ထိုးခြင်း စသဖြင့် လုပ်ဆောင်ခဲ့သောကြောင့် အရေးယူဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဦးခင်မောင်စိုးမှ  ပြောကြား ခဲ့သည်။

၂၀၂၀ခုနှစ်၊ မေလ ၉ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ဝက်လက်မြို့တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သည့် လူငယ် ခြောက်ဦးအား ထောင်ဒဏ်ချမှတ်

မေလ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တရားရုံးမှ ဝက်လက်မြို့တွင် ညမထွက်ရအမိန့်အား ဖောက်ဖျက်ခဲ့သည့် လူငယ် ခြောက်ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် သုံးလစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ သည်။  မေလ ၄ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ဝက်လက်မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် မြို့မရဲစခန်းတာဝန်ရှိသူများ လှည့်ကင်းဆောင်ရွက်နေစဉ် ၎င်းတို့ခြောက်ဦးသည် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ကာ သွားလာနေသည်ကို တွေ့ရှိခဲ့သည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မေလ ၅ ရက်နေ့တွင် ဝက်လက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်မှ တရားလိုပြုလုပ်၍  တိုင်ကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်၊ ဒီဗွီဘီ/မြန်မာ

စစ်ကိုင်းမြို့တွင် ညမထွက်အမိန့်ကို ဖောက်ဖျက်ကျူးလွန်သူတစ်ဦးကို ထောင်ဒဏ်ချမှတ်

မေလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တရားရုံးမှ စစ်ကိုင်းမြို့တွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် မောင်ကျော် (ခ) ကျော်ကျော်အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ်သုံးလ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မေလ ၆ ရက်နေ့တွင် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်၌ စစ်ကိုင်းမြို့ ပညာရေးကောလိပ်ဘက်မှ ကမ်းနားလမ်းအတိုင်း ဆိုင်ကယ်တွန်းလာသူ မောင်ကျော် (ခ) ကျော်ကျော်အား လုံခြုံရေးလှည့်လည်ဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာ ရေရာစွာဖြေဆိုနိုင်ခြင်းမရှိသောကြောင့် မြို့နယ်အုပ်ချုပ်ရေးရုံးမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၈ ရက်၊ အီလဲဗင်း/မြန်မာ

တနင်္သာရီတိုင်းဒေသကြီး

ကွာရန်တင်းစင်တာတွင် ဧည်တွေ့လာသူထံမှ မူးယစ်ဆေး ဖမ်းဆီးရမိ၍ တရားစွဲဆိုခံရခြင်း

ကော့သောင်းမြို့ရှိ Facility Quarantine Center သို့ ဧည့်လာတွေ့သူ တစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည့်အတွက် အမှုဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ Facility Quarantine Center သို့ ဧည့်လာတွေ့သည့် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်နေ ကိုအောင်ဆန်းဦးထံမှ WY စိတ်ကြွဆေးပြား ၁၈ ပြားအား တွေ့ရှိခဲ့သည့်အတွက်  ဖမ်းဆီး၊ အမှုဖွင့် ထားကြောင်း သိရှိရသည်။ မေလ ၁၇ ရက်နေ့တွင် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ အထက (ခွဲ) အလက (၁) ကျောင်းတွင် Facility Quarantine Center သို့ ကိုအောင်ဆန်းဦး ဧည့်လာတွေ့ချိန်၌ လုံခြုံရေးဆောင်ရွက်သူများမှ မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာမှ စိတ်ကြွဆေးပြားများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအား ကော့သောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်သက်နိုင်စိုးမှ တရားလိုပြုလုပ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၇ ရက်၊ အီလဲဗင်း/မြန်မာ

 သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

 မြိတ်မြို့တွင် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ခဲ့သည့် KTV ဆိုင် သုံးဆိုင်ကို ဒဏ်ငွေ ကျပ်ငါးသောင်းစီ ချမှတ်

မေလ ၇ ရက်နေ့တွင် ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တိုင်းဥပဒေချုပ် ဦးစိုးမြင့်မှ မြိတ်မြို့တွင် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ခဲ့သည့် KTV ဆိုင် သုံးဆိုင်ကို ဒဏ်ငွေ ကျပ် ငါးသောင်းစီ ချမှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ မြိတ်မြို့နယ်အုပ်ချပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် KTV များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဒေသန္တရအမိန့်ကိုဖောက်ဖျက်ကာ ဖွင့်လှစ်လျက်ရှိသည့်   KTV ဆိုင် သုံးဆိုင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၀ ရက်၊ အီလဲဗင်း/မြန်မာ

နေပြည်တော်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

နေပြည်တော်ရှိ စားသောက်ဆိုင်ပိုင်ရှင်ကို ဒေသန္တရအမိန့်ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်ကောင်စီ၊ ဇေယျာသီရီမြို့နယ်တရားရုံးမှ ဇေယျာသီရိမြို့နယ်အတွင်းတွင် ဒေသန္တရအမိန့်ကို လိုက်နာခြင်းမရှိ သည့် ငွေလှေမင်းစားသောက်ဆိုင်ပိုင်ရှင်အား ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အဆိုပါဆိုင်သည် ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ လူစုလူဝေးနှင့် စားသောက်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် ဆိုင်ပိုင်ရှင်ကို အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ကျည်တောင်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းမှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ မေလ ၁၂ ရက်၊ ဒီဗွီဘီ/မြန်မာ

နေပြည်တော်တွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ ဈေးရောင်းသူ ၂၁ ဦးကို ဈေးရောင်းခွင့် သုံးရက်ပိတ်

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သပြေကုန်းဈေးရှိ ကုန်စိမ်းဈေးနှင့်ပျံကျညဈေးများ၌ လာရောက်ရောင်းချလျက်ရှိသည့် ဈေးသည် ၂၁ ဦးသည် ဈေးရောင်းနေချိန်အတွင်း Mask တပ်ဆင်ထားခြင်း မရှိသည့်အတွက် ဈေးရောင်းချခွင့် သုံးရက် ပိတ်ပင်ခြင်းခံခဲ့ရသည်။

၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်၊ The Voice/မြန်မာ

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅() ၉၇၉ ၅၈၈ ၁၀၁၆

မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ)    +၉၅() ၉၉၇ ၃၀၃ ၁၀၅၀

ကိုဗစ်သတင်းလွှာဒေါင်းလော့ရယူရန် Chronology of COVID-19 in May (Burmese)