ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (United Nation Convention Against Torture- UNCAT) အား မြန်မာနိုင်ငံမှ အရေးတကြီး လက်မှတ်ရေးထိုးရန် လိုအပ်

 နိဒါန်း

            လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို အခြေခံ၍ လူသားတိုင်း တူညီမျှတသည့် အခွင့်အရေးများ ရနိုင်ရန် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကြီး ကို အတည်ပြုခဲ့သည်။ အပိုဒ်ပေါင်း ၃၀ ပါရှိသော ထို စာတမ်းတွင် နိုင်ငံတကာနှင့် ဆက်ဆံမှု၊ ပြည်တွင်း လူ့အခွင့်အရေး တန်းတူရရှိနိုင်ဖို့ရန် အုတ်မြစ် တည်နိုင်စေရန်၊ ဥပေဒ နှင့် နိုင်ငံတိုင်းတွင် အခြေခံ ဥပဒေ တည်ဆောက်နိုင်ရန် ရည်ရွယ်ရေးသားခဲ့ကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ပိုမိုထိရောက်၍ အသေးစိတ်အစီအမံများ ရေးဆွဲထားသော လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ရေးဆွဲ ပြဌာန်း၍ လိုက်နာကျင့်သုံး လာကြသည်။

လူ့အခွင့်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာက အသိအမှတ်ပြုသော လူ့အခွင့်အရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်း  (၉) ခုအနက် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေး ထိုးထားသည့် သဘောတူ စာချုပ်(၄) ခုမှာ  အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှု (နည်းလမ်း)များ အားလုံးပပျောက်ရေးဆိုင်ရာသဘောတူစာချုပ် (CEDAW) ၊ ကလေးသူငယ်ဆိုင်ရာစာချုပ် (CRC) ၊ မသန်စွမ်းသူများ အခွင့်အရေးစာချုပ် (CRPD) ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များဆိုင်ရာအပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တို့ဖြစ်သည်။

ကမ္ဘာပေါ်ရှိနှိပ်စက်ညှဉ်းပန်းမှုများကို ပိတ်ပင်ရန်အတွက် နိုင်ငံတကာ သဘောတူညီချက် အနည်းဆုံး (၄) ခုရှိသည်။ သို့သော် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးသဘောတူစာချုပ် တခုတည်းသာ အစိုးရအား ညှဉ်းပန်းနှိပ်စက်မှုကို ထိရောက်စွာ ပိတ်ပင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ရှုထောင့်များမှ ကြည့်ရှုကာ အသေးစိတ်ပြင်ဆင်မှုများ နစ်နာကြေးပေးရေးနှင့် တားဆီးခြင်းများကို လုပ်ဆောင်ရန် အထောက်အကူပေးသည့် စာချုပ်ဖြစ်သည်။

ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (United Nations Convention against Torture-UNCAT) သဘောတူညီချက်စာချုပ်

လူ့အခွင့်အရေးချိုးဖောက်မှုထဲတွင် လူလူချင်း အနိုင်ကျင့် ညှဉ်းပန်း နှိပ်စက်မှုများသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုပင်ဖြစ်သည်။  ညှဉ်းပန်းနှိပ်စက်မှုသည် မည်သည့်အခြေအနေမျိုးတွင်မျှ တရားမျှတမှုရှိမည်မဟုတ်ပါ။

ဤအခြေခံကြောင့် ကမ္ဘာတလွှားရှိ ညှင်းပန်းနှိပ်စက်မှုများကို ကာကွယ်၊ ကုစားနိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် ၃၉/၄၆ ဖြင့် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (United Nations Convention against Torture-UNCAT) ဟု လူအများသိကြသည့်  ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (The Convention against Torture and Other Cruel, Inhuman or Degrading Treatment or Punishment)  အား အတည်ပြုခဲ့သည်။ ထိုစာချုပ်သည် ၁၉၈၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စတင်၍ အသက်ဝင်ခဲ့သည်။

ထိုသဘောတူညီချက်တွင် ညှဉ်းပန်းနှိပ်စက်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အချုပ်အားဖြင့် ဖြောင့်ချက်တခု သို့မဟုတ် သတင်းအချက်အလက်ကိုရရန် ကျူးလွန်သူ သို့မဟုတ် သံသယရှိသူကို အပြစ်ပေးရန်အတွက် ခြိမ်းခြောက်ခြင်း၊ အတင်းအကြပ်ပြုခြင်း၊ ခွဲခြားဆက်ဆံခြင်းကို အခြေခံ၍ ရုပ်ပိုင်းအရဖြစ်စေ၊ စိတ်ပိုင်းအရဖြစ်စေပြင်းထန်စွာ နာကျင်စေအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဟု ဖေါ်ပြထားသည်။

ထိုသဘောတူညီမှုစာချုပ်အား ပြဌာန်းလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာနှိပ်စက်ညှဉ်းပန်းခြင်းနှင့် အခြားသော ရက်စက်၊ ကြမ်းကြုတ်၊ လူမဆန်သည့် ပြုကျင့်မှုတို့အား ဆန့်ကျင်ရေး မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

ထိုစာချုပ်အား အတည်ပြုလက်မှတ်ရေးထိုးထားသော နိုင်ငံများသည် ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာတမ်းတွင် ထုတ်ပြန်ထားသည့် မူဝါဒများအရ လူတိုင်း မွေးရာပါအခွင့်အရေးဖြစ်သည့် တူညီမျှတသည့်အခွင့်အရေးကို အသိအမှတ်ပြုခြင်းသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်းတို့၏ အခြေခံအဖြစ် မှတ်ယူ၍လည်းကောင်း၊ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်များကို လူတိုင်းလေးစားလိုက်နာရေးနှင့် မြှင့်တင်ပေးရန် အစိုးရများတွင် တာဝန်ရှိသည်ဟု မှတ်ယူ၍လည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပိုမိုထိရောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လက်မှတ်ရေးထိုး ကြခြင်းဖြစ်သည်။

ထိုစာချုပ်တွင် အပိုဒ် ၃၃ ပိုဒ်ပါဝင်ပြီး အပိုင်း (၃) ပိုင်းပါဝင်ရေးဆွဲပြဌာန်းထားသည်။ အပိုင်း(၁) တွင် ကျူးလွန်သူများကို ထိရောက်စွာ ဟန့်တားနိုင်ရေး ဥပဒေကြောင်းအရ အထောက်အကူများ ပြင်ဆင်ပံ့ပိုးပေးမှု၊ ကျူးလွန်ခံရသူများကို လုံလောက်မျှတသည့် အစားထိုးပြင်ဆင်မှုများ၊ ကုစားမှုများရရှိလာရန် အထောက်အကူပြုချက်များ ထည့်သွင်းရေးဆွဲထားသည်။ ထို့အပြင် အစိုးရများအား ညှဉ်းပန်းနှိပ်စက်မှုကို ထိရောက်စွာ ပိတ်ပင်နိုင်ရန်အတွက် အသေးစိတ်ပြင်ဆင်ချက် များ၊ တားဆီးခြင်းများကို လုပ်ဆောင်နိုင်ရန်အတွက် များစွာ အထောက်အကူပြုသည့်အချက်များ ထည့်သွင်း  ရေးဆွဲထားသည်။ အပိုင်း(၂) တွင် ထိုသို့ စီမံဆောင်ရွက်ရာတွင်လည်း သေချာစေရန်နှင့်လိုအပ်သည့် ပံ့ပိုး လမ်းညွှန်မှုများပြုလုပ်နိုင်အတွက် ကော်မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းယန္တယားများ၊ လုပ်ပိုင်ခွင့်များ စသည့်အချက်များထည့်သွင်းရေးဆွဲထားပြီး  အပိုင်း (၃) တွင် အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်နှင့်ဝတ္တရားများကို ထည့်သွင်းရေးဆွဲထားသည်။

ထို့အပြင် စာချုပ်ပါ တားမြစ်ပိတ်ပင်ထားသော လုပ်ရပ်များသည် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ခြင်းကို ထပ်လောင်းအတည်ပြု၍ ကျူးလွန်ခံရသူများကို ပိုမိုခိုင်မာစွာ ကာကွယ်ရှောက်ရေး သေချာစေရန်အတွက် နောက်ဆက်တွဲ သဘောတူစာချုပ်ကို ဒီဇင်ဘာလ ၁၈ ရက် ၂၀၂၀ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည်။ ထိုနောက်ဆက်တွဲ စာချုပ်တွင် အပိုဒ်(၃၇) ပိုဒ်ပါပြီး အပိုင်း (၇) ပိုင်းခွဲကာ ပြဌာန်းခဲ့သည်။

အတည်ပြုလက်မှတ်ထိုးပါဝင်ခြင်းနှင့်အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း

၂၀၂၀ ခုနှစ် မတ်လ အထိ နောက်ဆုံးမှတ်တမ်းအရ အဖွဲ့ဝင် ၁၆၃ နိုင်ငံရှိပြီး အတည်ပြုလက်မှတ်ထိုး ပါဝင်ခဲ့သည့် နိုင်ငံ ၈၃ နိုင်ငံရှိပြီဖြစ်သည်။  အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့က ထိုစာချုပ်အပေါ် အတည်ပြုလက်မှတ်ရေးထိုးခြင်း (သို့) အဖွဲ့ဝင်အဖြစ် သဘောတူ ပါဝင်ခြင်းကို ပြုလုပ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများနှင့် UNCAT သဘောတူစာချုပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးအချိန်မှစ၍ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းပဋိပက္ခများမှ အစပြု၍ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် စစ်မီး တောက်လောင်ခဲ့သည်မှာ ယနေ့ထက်ထိတိုင် ဖြစ်သည်။ ထိုအခြေခံပေါ်မူတည်၍ နိုင်ငံအနှံ့အပြားတွင် အားကြီးတဲ့သူများက အားနည်းသူများအပေါ် အာဏာအားကိုးဖြင့်လည်းကောင်း၊ လက်နက်အားကိုးဖြင့်လည်းကောင်း၊ ဓနအားကိုးဖြင့်လည်းကောင်း အနိုင်ကျင့်စော်ကားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာခဲ့သည်ကို တွေ့မြင်လာခဲ့ရသည်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများသည် နေရာအနှံအပြားတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပေသည်။

တဆက်တည်းတွင် ကျူးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ရစေခြင်းများမှာလည်း ဆက်လက်ကျူးလွန်ရန် တွန်းအားတခု ဖြစ်ခဲ့သည်။

၂၀၂၀ ခုနှစ် မေလထဲတွင် ရခိုင်ဒေသတွင် ကျောင်းဆရာမတဦးအား တပ်မတော်သားတဦးမှ သမီးရည်းစားဖြစ်ခွင့် ငြင်းပယ်၍ ဆိုင်ကယ်ဖြင့်သွားလာနေစဉ်   လက်ပစ်ဗုံးနှင့် ပစ်ပေါက်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ကြီးလေးသောပြစ်မှုကျူးလွန်ခဲ့ခြင်းကို နယ်ပြောင်းတာဝန်ထမ်းဆောင်ရန် ပြစ်ဒဏ်သာပေးခြင်း၊[1] နေပြည်တော် သက်ငယ်မုဒိန်းမှုတွင် တာဝန်အလွဲသုံးစား ကျုးလွန်ခဲ့သည့် အရာရှိကြီးများကို ဆိုင်ငံ့ရာထူးတိုး ပြစ်ဒဏ်သာ ချမှတ်ခြင်း[2] တို့သည် ပြစ်ဒဏ်မှကင်းလွတ်ခွင့် ရနေသည့် သာဓက များပင်ဖြစ်သည်။ လတ်တလောအခြေအနေတွင်ပင် များစွာသောသာဓကများက ထိုအခြေအနေများကို ညွှန်းဆိုနေပေသည်။

UNCAT အပိုဒ် (၄) တွင် ညှဉ်းပန်းနှိပ်စက်မှုအားလုံးအား ၎င်း၏ရာဇဝတ် ဥပဒေအရ ပြစ်မှုမြောက်ကြောင်း သတ်မှတ်ရမည်။ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ရန် အားထုတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုတွင် ကြံရာပါဖြစ်သည့် သို့မဟုတ် ပါဝင်သည့်မည်သူမဆို၏ လုပ်ရပ်ကိုလည်း အလားတူသတ်မှတ်ရမည်ဟု ဖေါ်ပြထားသည်။

ပြီးခဲ့သည့် မေလတွင် ရခိုင်ဒေသအတွင်း စက်လှေပေါ်တွင် အာဏာပိုင်များက အရပ်သားများကို မတရား ညှဉ်းပန်းနှိပ်စက်နေသည့် ရုပ်သံဖိုင်[3]  ပေါ်ထွက်လာခဲ့သလို တဖက်တွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများက ရပ်ရွာအတွင်း နေအိမ်အထိလာရောက်ဖမ်းဆီးပြီး သတ်ဖြတ်မှုများ[4] ဖြစ်ပေါ်နေခဲ့သည်။ ထို့ပြင် ရပ်ရွာမီးရှို့မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားများ သေကြေခြင်း၊ အိုးအိမ်များ ပျက်စီးဆုံရှုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသများတွင်လည်း အရပ်သားများကို မတရားဖမ်းဆီးခြင်း၊ လက်နက်ကိုင်တပ်သားများ နှစ်ဖက်ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက် သေကြေပျက်စီးမှုများ ရှိနေခဲ့သည်။ ထိုဖြစ်စဉ်များသည် မျက်မှောက် လတ်တလောကာလ ဖြစ်စဉ်များဖြစ်သည်။

ထိုသို့သော ဖြစ်စဉ်များအောက်တွင် တိုင်းသူပြည်သားများအနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဘဝများသာမက တစ်ဦးချင်းဘဝလုံခြုံရေးကိုပါ ခြိမ်းခြောက်လာခဲ့သည်။ လွတ်လပ်မှု၊ တန်းတူမှု၊ ညီမျှမှုတို့ ပျက်သုန်းလာခဲ့သည်။ ထိုသို့ အဖက်ဖက်မှ မလုံခြုံမှုများ ခံစားလာရသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး၊ အုပ်စုတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်အတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်လာခဲ့ကြရသည်။ ကျူးလွန်ခံရသူများအနေနှင့်လည်း ဝေဒနာများ၊ အမုန်းများမှတဆင့် အငြိုးများ၊ အာဃာတများ ကိန်းကောင်းလာခဲ့ကြသည်။ ထိုသို့သော ခံစားဝေဒနာများကို အတိုင်းအတာတခုထိ ဖြေ‌ှေလျှာ့ပေးမှသာလျှင် ပြန်လည်သင့်မြတ်ရေးသို့ ဦးတည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များ အနေနှင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရစေရန်နှင့် လုံလောက်မျှတသည့် အစားထိုးပြင်ဆင်မှုများ၊ ကုစားမှုများ ရရှိလာရန် အထောက်အကူပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေပေးကြရမည်ဖြစ်သည်။ UNCAT အပိုဒ် (၁၃) တွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူ မည်သူမဆို တိုင်တန်းနိုင်ရန် အစီအမံများနှင့် အခွင့်အာဏာရှိသူမှ ဘက်လိုက်မှုကင်းသော စုံစမ်းစစ်ဆေးမှု ချက်ချင်း ဆောင်ရွက်ပေးနိုင်စေရန်နှင့် ကျူးလွန်ခံရသူအား အကာအကွယ်ပေးရန်၊ အပိုဒ် (၁၄) တွင် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရှိစေရန် မျှတ၍ လုံလောက်သော လျော်ကြေးငွေရရှိခံစားစေနိင်ရေး (ထိုသူ သေဆုံးခဲ့လျှင် မိသားစုများခံစားစေရန်) အပါအဝင် ပြန်လည်ထူထောင်ရေးအစီအမံများကို တရားရေးစနစ်တွင် မဖြစ်မနေထည့်သွင်း ရေးဆွဲရမည်ဟု ရေးဆွဲပြဌာန်းထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ထက်စီနင်းပြုကျင့်မှုများ နေရာတိုင်းတွင် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရဆဲပင်ဖြစ်သည်။ ထိုသို့သောအခြေအနေများကို ကျော်ဖြတ်ဖို့ရန်အတွက် တိုင်းသူပြည်သားများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန်မှာ အရေးကြီးဆုံး အချက်ပင်ဖြစ်နေသည်။ UNCAT အပိုဒ်(၂) တွင် မည်သည့်ဒေသတွင်မဆို ညှဉ်းပန်းနှိပ်စက်ခြင်းကို ကာကွယ်တားဆီးရန် ထိရောက်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရး၊ တရားစီရင်ရေး သို့မဟုတ် အခြားသော အစီအမံများ ထားရှိဆောင်ရွက်ရမည်။ မည်သည့်အခြေအနေမျိုးတွင်မှ ညှဉ်းပန်းနှိပ်စက်မှုကို မကျင့်သုံးရဆိုသည်ကို ပြဌာန်းထားသည့်အပြင် အထက်အမိန့်အရ သို့မဟုတ် တာဝန်ရှိသူတဉီး၏ ညွှန်ကြားချက်ဟုအကြောင်းပြ၍ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရ ဟုအတိအကျ ပြဌာန်းချက်ပါရှိပါသည်။

ယနေ့ကြုံတွေ့နေရသော လူလူချင်း ညှဉ်းပန်းနှိပ်စက်မှု၊ ရက်စက် ကြမ်းကြုတ်စွာ မတရား ပြုကျင့်မှု၊ မလျော်ဩဇာအသုံးပြုပြီး ပြစ်ဒဏ်ပေးမှု စသည်တို့ကို ဟန့်တားနိုင်ရေး၊ ကာကွယ်နိုင်ရေး အစီအမံများကိုလည်း လုပ်ဆောင်ရန်လိုအပ်ပေသည်။ တနည်းအားဖြင့် ကျူးလွန်သူများအား ဟန့်တားနိင်ရေအတွက် ဥပဒေကြောင်းအရ အထောက်အကူများ၊ ပြင်ဆင်ပံ့ပိုးမှုများလိုအပ်ပါသည်။ UNCAT အပိုဒ် (၁၀) တွင် အကျဉ်းကျခံရသူ မည်သူမဆိုအား ထိန်းသိမ်း စစ်ကြောမေးမြန်း ဆက်ဆံရာတွင် ပါဝင်သည့်မည်သူမဆိုအား သင်တန်းပေးရာတွင် ညှည်းပန်းနှိပ်စက်မှုတားဆီးရေး နှင့်စပ်လျဉ်းသည့် ပညာရေးနှင့် သတင်းအချက်အလက်များကို အပြည့်အဝ ထည့်သွင်းရမည်။ ထိုသူများကို တာဝန်နှင့် ဝတ္တရားများဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဤတားမြစ်ချက်ကို ထည့်သွင်းရမည်ဟု ထပ်မံဖေါ်ပြထားသည်။ ထို့ပြင် ပိုမိုသေချာစေရန် အပိုဒ် (၁၁) တွင် စစ်ကြောမေးမြန်းမှု အစီအမံများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ နည်းစနစ်များနှင့် လုပ်နည်းလုပ်ဟန်များအား စနစ်တကျ ပြန်လည်သုံးသပ်ရမည်ဟု ပါရှိသည်။ အချိန်မီ အရေးယူဆောင်ရွက်နိုင်ရန်နှင့် တရားမျှတမှုရရှိစေရန်အတွက် အပိုဒ် (၁၂) တွင် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် အခွင့်အာဏာရှိသူမှ စုံစမ်းစစ်ဆေးမှုကို ချက်ချင်းဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။

ထို့ကြောင့် UNCAT သဘောတူစာချုပ်သည် အစိုးရအား ညှဉ်းပန်းနှိပ်စက်မှုကို ထိရောက်စွာ ပိတ်ပင်နိုင်ရန်အတွက် အသေးစိတ်ပြင်ဆင်ချက်များ၊ တားဆီးခြင်းများကို လုပ်ဆောင်နိုင်ရန်အတွက် များစွာအထောက်အကူ ပြုမည်ဖြစ်သည်။ ခေတ်နှင့်မလျှော်ညီသည့် ပြည်တွင်းဥပဒေပြောင်းလဲခြင်းနှင့် ထိုသို့လုပ်ဆောင်ရန် အထူးသဖြင့် UNCAT ကဲ့သို့သော နိုင်ငံတကာ သဘောတူစာချုပ်များကို အတည်ပြုလက်မှတ်ရေးထားရန်လည်း မလွှဲမသွေလိုအပ်ပါသည်။

ယနေ့ကာလသည် အဖက်ဖက်တွင် နောက်ကျကျန်နေခဲ့သော မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံးဖြစ်သည့် နိုင်ငံရေးတည်ငြိမ်မှုနှင့် တိုင်းရင်းသားအချင်းချင်း သင့်မြတ်စွာ အတူနေထိုင်ရေးကို ဦးစွာ ရယူတည်ဆောက်ရန် လိုအပ်နေ‌ပေသည်။ ဖွံ့ဖြိုးတက်တက်ရေးနှင့် ငြိမ်းချမ်းရေးသည် အပြန်အလှန်ဆက်စပ်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသို့ အာဏာလွှဲပေးပြီးသည့်တိုင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်များ လက်မှတ်ရေးထိုးမည့် ကတိကဝတ်နှင့် အခြေခံ လူ့အခွင့်အရေးအာမခံမှုတို့ကို မဖြည့်ဆည်းနိုင်သေးဘဲ နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေမှာ နိုင်ငံတကာစံနှုန်းများအောက် သိသာစွာ နိမ့်ပါးလျှက်ရှိသည်။

အမြှော်အမြင်ကြီးသော သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ရှိသူများက အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးအတွက် အဖက်ဖက်မှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်နေသော်လည်း များစွာသော စိန်ခေါ်မှုများ၊ အဟန့်အတားများနှင့် ရင်ဆိုင်နေရသည်မှာ ငြင်းပယ်၍မရပေ။

မြန်မာနိုင်ငံသည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပြီး အပြည်ပြည်ဆိုင်ရာ မိသားစုအလယ်တွင် ထိုက်တန်သောနေရာတခု ရရှိရန် ဒီမိုကရေစီနိုင်ငံရေးကျင့်စဉ်နှင့် ဥပဒေစိုးမိုးရေးသည် မရှိမဖြစ် အရေးပါသောကြောင့် တရားဥပဒေစိုးမိုးရေးကို လူ့အခွင့်အရေး နယ်ပယ်မှတဆင့် စတင်သင့်ကြောင်းနှင့် UNCAT နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို (လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်) မှ အဆိုတင်သွင်းသည်။  လွှတ်တော်မှ ထောက်ခံ အတည်ပြု ပေးခဲ့ပြီး သမ္မတ ဦးသိန်းစိန်အစိုးရမှလည်း လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် အစိုးရသက်တမ်းကုန်ဆုံးသည်အထိ လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်း မရှိပါ။ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းတွင်လည်း UNCAT သဘောတူစာချုပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ အကြား ညှိနှိုင်း အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်နေကြောင်း သိရှိရသော်လည်း လက်မှတ်ထိုးနိုင် သည့်အဆင့်သို့ ရောက်ရှိမလာသေးပါ။

ထိုကဲသို့ လက်မှတ်ထိုးပါဝင်ရန် နှောင့်နှေးကြန့်ကြာမှုသည် နိုင်ငံအတွင်း ညှဉ်းပန်းနှိပ်စက်မှုများကို မတားဆီးနိုင်ပဲ အားနည်းသူများအနေဖြင့် ပြင်းထန်စွာ ဆက်လက် ကျူးလွန်ခံနေရဆဲဖြစ်ပြီး ကျူးလွန်သူများလည်း ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေဆဲပင်ဖြစ်သည်။

UNCAT သဘောတူစာချပ်အား လက်မှတ်ရေးထိုး လိုက်နာခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

သဘောတူစာချုပ် ၉ ခု အနက် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် (United Nations Convention against Torture-UNCAT) သည် လူသားတိုင်းနှင့်တိုက်ရိုက်သက်ဆိုင်ပြီး အခြေခံလွတ်လပ်ခွင့်များ၊ လူသားဂုဏ်သိက္ခာ လေးစားသမှုပြုသည့် အရေးပါသော သတ်မှတ်ချက်တရပ်ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုအား အထိရောက်ဆုံး တားဆီး၊ ကာကွယ်၍ ကျူးလွန်ခံရသူမျာအားလည်း ထိရောက်စွာ အထောက်အကူပြုနိုင်သည့် စာချုပ်တခုဖြစ်သည်။

  • အစိုးရအား ယုံကြည်စိတ်ချမှု တိုးပွားလာစေခြင်း။

UNCAT သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းလိုသည့် အစိုးရ၏ သံဓိဌာန်ကို ဖေါ်ပြရာရောက်သည့်အပြင် အစိုးရ၏ ကတိကဝတ်နှင့် နိုင်ငံတကာစံ များအပေါ် တာဝန်ယူ၊ တာဝန်ခံလိုသည့် ဆန္ဒကိုပြသရာရောက်ပြီး နိုင်ငံတကာ၏မျက်နှာစာ၌ ယုံကြည်မှု တိုးပွားစေမည်ဖြစ်သည်။

  • ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို ဖြစ်ထွန်းစေခြင်း

UNCAT သည် ဥပဒေ၊ မူဝါဒ၊ အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေးလုပ်ရန်အတွက် ရှင်းလင်းသော ဥပဒေရေးရာဖွဲ့စည်းမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ပေါ်ထွန်းရေးအတွက် အထောက်အကူ၊ ဒီမိုကရေစီ၊ လုံခြုံရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသောစနစ် နှင့် နိုင်ငံတကာမှ သုံးသပ်မှု၊ အကြံပြုမှုများ ရှိစေသည်။

  • ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူခြင်း

UNCAT သည် ကျူးလွန်သူများကို အရေးယူနိုင်ရန် ဥပဒေအရ လုပ်ပိုင်ခွင့်၊ ပြီးဆုံးသည်အထိ တရားစွဲဆိုမှု ရစေရန်အတွက် မရှိမဖြစ်လိုအပ်သော ပြန်လည်ခေါ်ယူခွင့်နှင့် အပြန်အလှန် ဥပဒေကြောင်းအရ အထောက်အကူများ လုပ်ဆောင်ခွင့် ရရှိအောင် ပြင်ဆင်ပံ့ပိုးပေးသည်။

  • ညှဉ်းပန်းနှိပ်စက် ခံရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း လုပ်ဆောင်ပေးခြင်း

ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပြီးနောက်တွင် ခံရသူများ၏ အသံကို များသောအားဖြင့် မကြားရပေ။ ဤသဘောတူညီချက်မှ ကျူးလွန်ခံရသူမျာအတွက် တရားမျှတမှုရှိစေရန် လုံလောက်မျှတသည့် လျှော်ကြေးငွေ ရရှိခံစားစေနိုင်ရေး အပါအဝင် နစ်နာမှုများ ကုစားမှုရရှိစေရန်နှင့် ပြန်လည်ထူးထောင်ရေးအစီအမံများကို လုပ်ဆောင်ရန် ညွှန်ကြားထားသည်။

  • နိုင်ငံတကာ အကူအညီများရရှိခြင်း

UNCAT ကို အတည်ပြုလက်မှတ်ထိုးခြင်းအားဖြင့် အစိုးရအား ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးကော်မတီမှ ပြင်ဆင်ပေးသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် အခြား ရက်စက်၍ လူမဆန်သော ဆက်ဆံပြုမူမှုများအား အလုံးစုံ ဟန့်တားရေးအတွက် ထိရောက်ပြီး အရေးပါသောလမ်းညွှန်ချက်များကို ရရှိမည်ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးခြင်း၊ မူဝါဒနှင့် ဥပဒေများကို နိုင်ငံတကာ အဆင့်နှင့် ကိုက်ညီအောင် ပြင်ဆင်ပေးခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရသူများ၏ ထိခိုက်နစ်နာစေမည့် အချက်များကို ဖေါ်ပြပေးခြင်းနှင့် မှန်ကန်သော ဖမ်းဆီးထိန်းသိမ်းခြင်း အလေ့အကျင့်များကို မြှင့်တင် လေ့ကျင့်ပေးခြင်း၊ ကျူးလွန်သူများမှ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် သေချာအောင် လုပ်ဆောင်ပေးခြင်းနှင့် ကျူးလွန်ခံရသူများကို လုံလောက်သည့် နစ်နာကြေးများ ရရှိစေခြင်း စသည့် ကူညီပံ့ပိုးမှုများ ရရှိမည်ဖြစ်သည်။

အချုပ်အားဖြင့်

ထိုသို့သော အကျိုးကျေးဇူးများကြောင့် UNCAT ကို လက်မှတ်ထိုး၊ လိုက်နာခြင်းအားဖြင့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံပြုမူမှုများ ဟန့်တားနိုင်ရေးအတွက် ထိရောက်၍ အရေးပါသော လမ်းညွှန်ချက်များကို အကောင်အထည်ဖေါ်နိုင်မည် ဖြစ်ပေသည်။

ဤသဘောတူစာချုပ်တွင်ပါရှိသော နှုန်းစံများကို လက်ခံခြင်းသည် အစိုးရအား လူ့အခွင့်အရေးကို အထူးအလေးထားကြောင်း ယုံကြည်မှုရရှိစေခြင်းအပြင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကို လည်း ရရှိနိုင်မည်ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစံနစ်ဖြစ်ရန်အတွက် များစွာ အထောက်အကူဖြစ်မည်ဖြစ်ပြီး ဒီမိုကရေစီရေး၊ လုံခြုံရေးကိုလည်း ကောင်းစွာ ဖြစ်ထွန်းစေမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိူးစီးပွားကို ကာကွယ်ပေးနိုင်ရန် အလို့ငှာ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် ( United Nation Convention Against Torture- UNCAT) အား အစောတလျင် အကောင်ထည်ဖေါ် ဆောင်ရွက်သင့်ကြောင်း ထပ်မံ တိုက်တွန်း လိုက်ရပါသည်။

ဒေါင်းလော့ရယူရန် Government Need to be sign on UNCAT

ဆက်သွယ်မေးမြန်းနိုင်ရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင်              အတွင်းရေးမှူး        +၉၅(၀) ၉၄၂၈၀ ၂၃၈၂၈

ဘိုကြည်     တွဲဖက်အတွင်းရေးမှူး        +၉၅(၀)၉၅၂၅၃၀ ၈၈၄၀

အောင်မျိုးကျော်  (ရန်ကုန်ရုံးတာဝန်ခံ)   +၉၅(၀) ၄၂၈၁၁ ၇၃၄၈

[1] https://khitthit.net/archives/2878

[3] https://burma.irrawaddy.com/news/2020/05/30/223677.html

[3] https://www.youtube.com/watch?v=sve-y4hx5EQ

[4] https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/stw-assn.html