အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းများတွင် COVID 19 ကူးစက်ရောဂါ အား ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုတိုက်တွန်းခြင်း

 

အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းများတွင် COVID 19 ကူးစက်ရောဂါ အား ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုတိုက်တွန်းခြင်း 

ရက်စွဲ။ ။ မတ်လ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်

            COVID 19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအား ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကြေညာခဲ့ပြီး အဆိုပါ ကပ်ရောဂါအား ကာကွယ်ထိန်းချုပ်ရန်အတွက် ကမ္ဘာတဝှမ်းရှိ အစိုးရများအနေဖြင့် အရေးယူဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုမရှိစေရန်နှင့်ကြိုတင်ကာကွယ်မှုများ ဘက်ပေါင်းစုံမှ ကြိုးစားလုပ်ဆောင် နေကြသည်ကို တွေ့ရပေသည်။

အေအေပီပီအနေဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ထို COVID 19 ရောဂါ ကူးစက်ပြန့်ပွားလာမည်ကို အထူးစိုးရိမ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ ထူထပ်လျှက်ရှိခြင်းသည် အထူးစိုးရိမ်ရသော အချက်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရခြင်း၊ အာဟာရ မပြည့်ဝခြင်း၊ တကိုယ်ရေသန့်ရှင်းမှုအတွက် လုံလောက်သည့် ဝန်းကျင်မရှိခြင်းတို့ကြောင့် တစုံတဦး ကူးစက်ခံရပါက အခြားသူများ မကူးစက်ရန်အတွက် ကာကွယ်ရန်အတွက် လွန်စွာခဲယဉ်းမည်ဖြစ်သကဲ့သို့ တဦးထံမှ တဦးသို့ တမဟုတ်ချင်း ကူးစက်ပြန့်ပွား သွားမည်ဖြစ်ပါသည်။

ထို့ကြောင့် အကျဉ်းထောင်၊ အကျဉ်းစခန်းများနှင့် အချုပ်ခန်းများတွင် ထိုသို့ ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်မှုသည်သာ အရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းတခုဖြစ်ပါသည်။

အေအေပီပီအနေဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းများမှ ကြိုတင်ကာကွယ်ရာတွင် လုပ်ဆောင်ရမည့် အောက်ပါဆောင်ရွက်ချက်များကို လုပ်ဆောင်ပေးပါရန် အလေးအနက် တိုက်တွန်း လိုက်ပါသည်။

  • အသစ်ရောက်ရှိလာသည့် မည်သည့် အချုပ်သား၊ အကျဉ်းသားကိုမဆို ထောင်ဗူးဝတွင် ကူးစက်ရောဂါ လက္ခဏာများ ရှိ၊ မရှိကို သေချာစွာ စစ်ဆေးခြင်းနှင့် သတ်မှတ်ကာလတခုအထိ သီးခြားထားရှိပြီး စောင့်ကြည့် အဆင့်ဖြစ်ထားရှိရန်၊
  • သံသယရှိ အကျဉ်းသား၊ အချုပ်သားများကို ပြင်ပသီးသန့်ဆေးရုံသို့ ပို့ဆောင်၍ စောင့်ကြည့် ကုသခွင့်ပေးရန်၊
  • အကျဉ်းထောင်များမှ တရားရုံးထုတ်ပြီး ပြန်လာသူများကို သီးခြားထားရှိပြီး စောင့်ကြည့်ရန်၊
  • ထောင်ဝင်စာ တွေ့ရာတွင် အကျဉ်းသားနှင့် မိသားစုများကိုပါ ကြိုတင်ကာကွယ်ရန်အတွက် လိုအပ်သည့် အစီအမံများ ထားရှိဆောင်ရွက်ပေးရန်၊
  • ထောင်ဝင်စာထုတ်များအား ကူးစက်ရောဂါများ ကပ်ပါမလာရန် သေချာသည့် စစ်ဆေးမှုများ ပြုလုပ်ပေးရန်၊
  • အကျဉ်းထောင်များရှိ အကျဉ်းသား အချုပ်သားများအား ကျန်းမာရေးနှင့် ပတ်သက်၍ ယခင်ထက်ပို၍ သတိထား စောင့်ကြည့်ရန်၊
  • တရားရုံး နှင့် ရဲစခန်းရှိ အချုပ်ခန်းများတွင် အချုပ်သားများအား လက်ဆေးရည်များ ထားရှိပေးရန်၊ နေ့စဉ် ပုံမှန်ကူးစက်ရောဂါ လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးရန်နှင့် စစ်ဆေးရန် လိုအပ်သည့် အထောက်အကူပစ္စည်းများ ထားရှိပေးရန်၊
  • လွတ်မြောက်မည့် အကျဉ်းသား၊ အချုပ်သားများကို မလွှတ်ပေးခင် ကူးစက်ရောဂါ လက္ခဏာ ရှိ၊ မရှိ စစ်ဆေးပေးရန်၊
  • ဝန်ထမ်းများအားလည်း အကျဉ်းထောင်၊ အချုပ်ခန်းများသို့ သွားရောက်သည့်အခါတိုင်း အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်းနှင့် ကူးစက်ရောဂါ လက္ခဏာ များရှိ၊ မရှိ ပုံမှန် စစ်ဆေးရန်
  • အရေးပေါ် အခြေအနေများအတွက် လိုအပ်သည့် အစီအမံများ ကြိုတင် ဆောင်ရွက်ထားရှိရန် တို့ဖြစ်ပါသည်။

ထို့အပြင် အကျဉ်းသား ဦးရေလျှော့ချရေးအစီအစဉ်သည်လည်း ကြိုတင်ကာကွယ်ရေးတွင် အရေးပါသည့် လုပ်ငန်းစဉ်တခု ဖြစ်ပါသဖြင့် အာမခံပေးနိုင်သောအမှုများအားအာမခံပေးခြင်း၊ လွတ်ငြိမ်းသက်သာ ခွင့်ပြုနိုင်မည့် အကျဉ်းသားများကို စိစစ်၍ လွှတ်ပေးခြင်းများ ပြုလုပ်ပေးပါရန်လည်း နိုင်ငံတော်အစိုးရအား အလေးအနက် အကြံပြုတိုက်တွန်းပါသည်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင်ရှောက်ရေးအသင်း

 ဆက်သွယ်ရန်

  • ကိုတိတ်နိုင် ၊ အတွင်းရေးမှူး    ဖုန်း – ၀၉၄၂၈၀၂၃၈၂၈
  • ကိုအောင်မျိုးကျော်၊ ပြည်တွင်းတာဝန်ခံ    ဖုန်း – ၀၉၄၂၈၁၁၇၃၄၈

ဒေါင်းလော့ရယူရန် Statement for covid 19 and Prison condition (18 Mar 2020)