အေအေပီပီ၏ ဇန်နဝါရီလအတွက် လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဇန်နဝါရီလအတွင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနှစ်ဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ ကချင် တက်ကြွလှုပ်ရှားသူ တစ်ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ ၁၉ ဖြင့် စွဲချက်တင်ခြင်းကို ခံခဲ့ရသည်။ 

ဇန်နဝါရီလအတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ အဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဇန်နဝါရီလအတွင်း စုစုပေါင်း ၃၇ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၃၇ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀၊ လယ်သမားတစ်ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀၊ စာရေးဆရာတစ်ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ တို့ဖြင့် ငွေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့မှ ဒေသခံ ၃၁ ဦးကို စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။ 

ဇန်နဝါရီလအတွင်း စုစုပေါင်း ၃၅ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ မနေဇာထွန်းနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလအတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှ အရပ်သား ၁၉ ဦးကို လွှတ်ပေးခဲ့ပြီး အရပ်သား ၁၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

၂၀၂၀ ခုနှစ်တွင် လက်ရှိအစိုးရအာဏာလွှဲပြောင်းရယူခဲ့သည်မှာ ငါးနှစ်နီးပါးရှိခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ပြောင်းလဲ တိုးတက်လာခြင်းမရှိဘဲ ခြိမ်းခြောက်မှုများကိုသာ ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်နိုင်ခြင်း မရှိသေးခြင်းသည် တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများကို စိန်ခေါ်မှု ဖြစ်စေသည်။ ဇန်နဝါရီလတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနစ်ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့သည် စွဲချက်တင်ခြင်းခံခဲ့ရသည်။  ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ဗကသ အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(MICS) လက်ထောက်အတွင်းရေးမှူး (၂) ဦးတင့်ရှိန်စိုး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ  ကချင်လူမျိုး စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ ဆက်ဆံရေး တာဝန်ခံ ဇုပ်ဒေါ့စောမ်နော် နှင့် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ စာရေးဆရာ မာန် (တောင်လုံးပြန်) တို့သည် ပြစ်ဒဏ် အသီးသီး ချမှတ်ခြင်းခံခဲ့ရသည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးစံနှုန်းတစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း ထိုအခွင့်အရေးသည် ထိန်းချုပ်မှုများအောက်တွင် ကျရောက်နေပြီး စနစ်ကျစွာဖြင့် ချိုးဖောက်ခြင်းခံထားရသည်။ နိုင်ငံရေး အကျဉ်းသားများဆက်လက်ရှိနေခြင်းမှလည်း မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အခြေခံ အခွင့်အရေးများ ဆုံးရှုံးနေကြရဆဲဖြစ်သည်ကို ထုတ်ဖော်ပြသနေသော သင်္ကေတတစ်ရပ်ပင်ဖြစ်သည်။ နိုင်ငံရေး                အကျဉ်းသားများရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ထားသော ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်ခြင်း၊ ထိုအခွင့်အရေးကို ကျင့်သုံး ခဲ့ခြင်းအတွက် မတရား ပြစ်ဒဏ်ချမှတ်ခြင်းခံထားကြရသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ တရားရင်ဆိုင်နေ ကြရသူများအားလုံးကို စွဲဆိုထားသော စွဲချက်များကို ပယ်ဖျက်ပေးခြင်း၊ နိုင်ငံတကာ စံနှုန်းများကို လေးစားလိုက်နာခြင်း အားဖြင့် လွတ်လပ်၍ တရားမျှတမှုကို တည်ဆောက်ပါရန် တိုက်တွန်းအပ်ပါသည်။ 

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး 

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများ တိုးတက်လာစေရန် ဆောင်ရွက်ရာတွင် အကျဉ်းထောင်ပြုပြင် ပြောင်းလဲ ရေးလုပ်ငန်းစဉ်ကိုလည်း ဦးစားပေး လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ဇန်နဝါရီလ အတွင်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး၌ အပြုသဘောဆောင်သော တိုးတက်မှုအနေဖြင့် မန္တလေး ဗဟို အကျဉ်းထောင်(အိုးဘို) အတွင်း၌ သက်မွေးသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပြီဖြစ်၍ သင်ကြားမှုများကို ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ပြီး လွတ်မြောက်တော့မည့် အကျဉ်းသားများအား စက်မှုပိုင်းဆိုင်ရာနှင့် လျှပ်စစ်ပိုင်း ဆိုင်ရာ သက်မွေးပညာရပ်များကို ဦးစားပေး သင်ကြားပေးမည်ဖြစ်သည်၊ ထို့ပြင် ယခုစာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားဦးရေ ၁၇၅ ဦးအထိ ရှိသည်ဟုလည်း သိရှိရသည်။ ထိုအခြင်းအရာများသည် အပြုသဘောဆောင်သော တိုးတက်မှုများဖြစ်သည့်အတွက် ကြိုဆိုသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသားများ သက်မွေးပညာရပ်များ သင်ကြားနိုင်ရေးကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့ လွတ်မြောက်ပြီးနောက် ပြန်လည်ထူထောင်ရေးတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ ထို့ပြင် အကျဉ်းထောင်တွင်း အကျဉ်းသားဉီးရေ ပြည့်သိပ်ခြင်းစသည့် အမျိုးမျိုးသော ကိစ္စရပ်များ ကိုလည်း အမြန်ဆုံးကိုင်တွယ် ဆောင်ရွက်ရမည် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ အကျဉ်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

လယ်ယာမြေရေးရာကိစ္စရပ်များ

မြန်မာနိုင်ငံတွင်း လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများ၊ လယ်ယာမြေအငြင်းပွားမှုများသည် လျော့ကျသွားခြင်း မရှိဘဲ ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။ သို့ဖြစ်၍ လယ်သမားများသည် ဆက်လက်၍ ဖိနှိပ်မှုများကို ရင်ဆိုင် နေကြရဆဲဖြစ်သည်။ ဇန်နဝါရီလအတွင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပလောင်ကျေးရွာမှ လယ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးငြိမ်းမောင်သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တောင်သူ ၁၀၀ ကျော်၊ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ တောင်သူ ၁ဝဝ ခန့်၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ တောင်သူ ၃၀ ကျော်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တို့မှ တောင်သူများသည် ၎င်းတို့၏ သိမ်းဆည်းခြင်းခံထားကြရသော လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် သတင်းစာ ရှင်းလင်းပွဲများ၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်၍ တောင်းဆိုခဲ့ကြသည်။ 

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အလျှောက် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးရမည်ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ သည် နှစ်ပေါင်းများ စွာတိုင် လယ်ယာမြေသိမ်းဆည်းမှုများ၊ လယ်ယာမြေအငြင်းပွားမှုများကို ရင်ဆိုင်နေကြရသော ကြောင့် ၎င်းတို့ နေ့စဉ်ရှင်သန် ရပ်တည်ရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ရုန်းကန်နေကြရဆဲ ဖြစ်သည်။ ဇန်နဝါရီလကုန်တွင် သိမ်းဆည်း လယ်ယာမြေနှင့် လယ်ယာမြေအငြင်းပွားမှုများကြောင့် လယ်သမား ၁၅ ဦးသည် ပြစ်ဒဏ်ချမှတ်ခြင်းခံထားကြရပြီး လယ်သမား ၁၂၃ ဦးသည် ထောင်ပြင်ပမှ တရားရင်ဆိုင်နေကြရကာ လယ်သမား ၂၁ ဦးသည် ထောင်တွင်းမှ တရား ရင်ဆိုင်နေကြရသည်။ ထိုအခြင်းအရာသည် မြန်မာနိုင်ငံတွင်း တောင်သူ လယ်သမားများ မည်ရွေ့၊မည်မျှဖိနှိပ်ခြင်းခံထားကြရသည်ကို ထုတ်ဖော်ပြသနေသော အခြင်းအရာတစ်ရပ်ပင် ဖြစ်သည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံထားကြရသော၊ ထောင်တွင်းနှင့် ထောင်ပြင်ပ တရားရင်ဆိုင် နေကြရသော လယ်သမားများကို လွှတ်ပေးခြင်း၊ စွဲဆိုထားသော စွဲချက်များကို ပယ်ဖျက်ပေးခြင်း စသည်တို့အား လုပ်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။ ၎င်းပြင် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ၎င်းလက်မှတ်ရေးထိုး အတည်ပြု ထားသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တို့နှင့်အညီ လိုက်နာဆောင်ရွက်၍ တောင်သူ လယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်မှုပြုပေးပါရန် တောင်းဆို အပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

မြန်မာနိုင်ငံတွင်း ချုပ်ငြိမ်းနိုင်ခြင်းမရှိသေးသော လက်နက်ကိုင်ပဋိပက္ခများတွင် ဌာနေတိုင်းရင်းသားများသည် နှစ်ဘက် လက်နက်ကိုင်အဖွဲ့များ၏ အဓိက ဦးတည်ရာ ပစ်မှတ်သဖွယ်ဖြစ်နေပြီး ခြိမ်းခြောက်မှုများကို ဆက်လက်ရင်ဆိုင်နေကြရ သည်။ ဇန်နဝါရီလအတွင်း ရခိုင်ဒေသ၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခြင်းနှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများသည်လည်း ဆက်လက်ဖြစ်ပွားလာလျက်ရှိသည်။ ဇန်နဝါရီလအတွင်း နှစ်ဘက်လက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်ခဲ့သော ဖြစ်စဉ်များမှလည်း ထင်ရှင်းစွာ ထုတ်ဖော် ပြသလျက်ရှိသည်။ 

ဖမ်းဆီးခံရခြင်းများ

  • တပ်မတော် စစ်ကြောင်းတစ်ခုမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာမှ အရပ်သား ၁၆ ဦးအား လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက်မှ ၁၄ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကာ ကျန်ရွာသား နှစ်ဦးအား ဆက်လက်ဖမ်းဆီးထားသည်ဟု ကျေးရွာသားများမှ ပြောကြားခဲ့သည်။ 
  • ရက္ခိုင့်တပ်တော်(AA)မှ ချင်းပြည်နယ်၊ ပလက်ဝမြို့ ကျီးလေကျေးရွာရှိ ရွာသား ၁၃၀ ကျော်အား စားနပ်ရိက္ခာ ထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် AA မှ မော်တော်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။  

ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ

  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ ခမောင်းတောကျေးရွာမှ ဒေါ်မလှ၏ ခန္ဓာကိုယ်အား တပ်မတော်သားများမှ ရေပူဖြင့်လောင်း၍ ခြေထောက်ကို ဓားဖြင့်လှီးခဲ့၍ ဒဏ်ရာများရရှိခဲ့ခြင်း (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးမှ ယင်းဖြစ်စဉ်မှာ မဟုတ်မှန်ဟု တုန့်ပြန်ခဲ့သည်)
  • တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ဒေသခံ လူငယ် နှစ်ဦးအနက် တစ်ဦးတွင် ရိုက်နှက်ဒဏ်ရာများရရှိခဲ့၍ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရခြင်း 
  • ရက္ခိုင့်တပ်တော်(AA) အဖွဲ့ဝင်တစ်ဦးမှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေးကျေးရွာရှိ အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ဝင်ရောက်တားဆီးခဲ့သော ကျေးရွာလူကြီးနှင့် မိဘများအား ရိုက်နှက်နှိပ်စက်မှုပြုခဲ့ခြင်း၊ လူငယ်များအား နေပူထဲ၌ ချုပ်နှောင်ခဲ့ခြင်း၊ ဆန်နှင့် ရိက္ခာများကို သယ်ယူခိုင်း ခြင်းများ ပြုလုပ်ခဲ့ခြင်း

သတ်ဖြတ်ခံရခြင်းများ

  • လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သော  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆီးဖလောင်း ကျေးရွာ မှ ကျောင်းဆရာ ဦးအာဗေလ၊ ကြက်ဥဝရွာမှ ဦးလှစိန်နှင့် ဦးချစ်စု တို့ကို  တောအုပ်အတွင်း၌ လက်ပြန်ကြိုးတုပ်နှောင်လျက် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်း  (အဆိုပါ ဒေသခံသုံးဦးကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခေါ်ဆောင်သွားဖြစ်သည်ဟု ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးစောမြမှ ပြောကြားခဲ့သည်)
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် လှည့်လည်ဈေးရောင်းချနေစဉ် ပျောက်ဆုံးသွားခဲ့သော  စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊  ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာမှ  မောင်ရာဇာထွန်းနှင့် ဦးစိုးနိုင် (ခ) ကိုရင်ကြီးတို့ ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခံရခြင်းသည် ရက္ခိုင့်တပ်တော် (AA)၏ လက်ချက်ဖြစ်သည်ဟု တပ်မတော်မှ စွပ်စွဲခဲ့သည်။ (AA မှ ၎င်းတို့ ကျူးလွန်ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်) 

ကျည်ထိမှန်၍ သေဆုံး/ဒဏ်ရာရရှိမှုများ

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပစ်ခတ်မှုများကြောင့် ကလေးငယ် တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လက်နက်ကြီးကျည်နှင့် ဗုံးဆန် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် မြောက်ဦးမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့မှ အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် လေးဦးအပါအဝင် ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့နယ်တွင် တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ကြောင့် သားအမိ နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။ 

လွတ်မြောက်မှုများ

  • ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်နွယ်မှုရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းခံထားရသော ရခိုင် ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ အရပ်သား ၃၀ ဦးကို စွဲချက်တင်နိုင်ရန် လုံလောက်သော သက်သေအထောက်အထား တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိသောကြောင့် သက်ဆိုင်ရာတရားရုံးအသီးသီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ 
  • ရခိုင့်တပ်တော် (AA) မှ ၎င်းတို့ ဖမ်းဆီးထားသည့် ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ယာဉ်မောင်း ၁၆ ဦး၊ ချင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင် နှင့် ယာဉ်မောင်း ဦးစိုးသိမ်းမောင် တို့ကို ပြန်လည် လွှတ်ပေးခဲ့သည်။ 

မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း နှောင့်နှေးမှုများရှိခြင်းကြောင့် ထိခိုက်ခံစားကြရသူအများစုမှာ ဒေသခံဌာနေ တိုင်းရင်းသားများဖြစ်ကြသည်။ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သည့်အဖွဲ့အစည်းမျှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြဘဲ တစ်ဘက်နှင့် တစ်ဘက် စွပ်စွဲမှုများဖြင့်သာ အဆုံးသတ်သွားခဲ့သည်။  ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)မှ အပြီးသတ် အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ တပ်မတော် အနေဖြင့် ကွပ်ကဲမှု အဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံစမ်း စစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးရေးခုံရုံး၏ တွေ့ရှိချက်အရ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေ အထောက်အထားတွေ့ရှိခဲ့ပါက စစ်ဘက်တရား စီရင်ရေး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်ဟု ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတော် သမ္မတရုံးမှလည်း နိုင်ငံတော်သမ္မတမှ ကော်မရှင်၏ အကြံပြုချက်   အတိုင်း စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားစေရန်နှင့် အထောက်အထား များ ခိုင်လုံပါက တရားစွဲဆိုမှုများ ဆက်လက် ပြုလုပ်သွားစေရန် သဘောတူသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှ  ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်  (Genocide Convention) အပိုဒ်(၂) တွင် ဖော်ပြ ထားသည့် ကျူးလွန်မှုများ ဖြစ်မလာရန် မြန်မာနိုင်ငံက အကာအကွယ်ပေးရေး အစီအမံများဆောင်ရွက်ရန်၊ မြန်မာ နိုင်ငံရှိ တပ်မတော်၊ တပ်မတော်အား အထောက်အကူပြုသည့် လက်နက်ကိုင်အဖွဲ့အစည်း၊ ပြည်သူ့စစ် (သို့မဟုတ်) အမြဲတမ်းမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများသာမက အခြားသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံစည်ခြင်းများ မပြုလုပ်ရန် စသည်တို့ အပါအဝင် အချက် (၄) ချက်ကို  ဆုံးဖြတ်ခဲ့သည်။ 

ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်း၊စစ်ဆေးမှုများ ပြုလုပ်ခြင်းကို ကြိုဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသော ဌာနေ တိုင်းရင်းသားများအတွက် တရားမျှတမှုကို ဖော်ဆောင်မှုပြုပေးရန် တိုက်တွန်းအပ်ပါသည်။ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးနိုင်ရန်နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ရရှိစေရန် အစိုးရမှ ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်(UNCAT) နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်(ICCPR) တို့ကို လက်မှတ်ရေးထိုး အတည်ပြုပါရန်လည်း တိုက်တွန်းအပ်ပါသည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                              +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး                   +၉၅() ၉၄၂  ၅၀၃  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ             +၉၅() ၉၄၂  ၈၈၁  ၇၃၄၈

တလအတွင်းသတင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် Burmese MiR for January

လစဉ်သတင်းစုစည်းမှု ဒေါင်းလော့ရယူရန် Burmese Chronology for January

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 73 Remaining PP final list (Updated On 31 January 2020) (Burmese)

အမှုရင်ဆိုင်ဆဲစာရင်း ဒေါင်းလော့ရယူရန် 574 Facing Trial final List (Updated on 31 January 2020)

၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated