ညှဉ်းပန်းနှိပ်စက်မှုနှင့်အခြားရက်စက်၍လူမဆန်သော(သို့မဟုတ်) လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေးနိုင်ငံတကာ သဘောတူစာချုပ်

 

အမှာစာ

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများသည် နေရာအနှံ့အပြားတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်လာခဲ့ပေသည်။ လူအချင်းချင်းအနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်မှုများသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်နေပါသည်။ ထိုသို့ဖြစ်နေရခြင်းမှာ တိုင်းပြည်နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းပဋိပက္ခများမှ အစပြု၍ ပြည်တွင်းစစ်များဖြစ်နေခြင်းသည် အခြေခံအကြောင်းတရားများပင်ဖြစ်သည်။
ထိုညှဉ်ပန်းနှိပ်စက်မှုများအား လက်နက်ကိုင်အင်အားစုများ၊ ဉစ္စာဓန အင်အားကြီးသူများ၊ အာဏာရှိသူများမှ အများဆုံးကျုးလွန်ခဲ့ကြပေသည်။ တဆက်တည်းတွင် ကျူးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရစေခြင်းမှာလည်း ဆက်လက်ကျူးလွန်ရန်တွန်းအားပေးသလို ဖြစ်စေခဲ့ပါသည်။ အကျိုးဆက်အားဖြင့် အမုန်းတရားများ၊ အာဃာတတရားများ၊ လက်တုန့်ပြန်လိုမှုများ ပိုမိုလာစေခဲ့ပါသည်။
ယနေ့အချိန်ကာလသည် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးအတွက် အဖက်ဖက်မှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်နေသော အချိန်ကာလပင်ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ညှဉ်းပန်းနှိပ်စက်မှုများအား ဟန့်တားနိုင်ရန်၊ ကာကွယ်နိုင်ရန် အထူးအားထုတ်ရန် အရေးတကြီး လိုအပ်နေပေသည်။ သို့မှသာ ကျူးလွန်ခံရသူများ၏ ဝေဒနာများ၊ အမုန်းများ၊ အငြိုးများကို ကုစားပေးနိုင်မည်သာဖြစ်သည်။
ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှုများကို ကာကွယ်၊ ကုစားနိုင်ရန်အတွက် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးသဘောတူစာချုပ်(United Nation Convention Against Torture – UNCAT) အားလက်မှတ်ရေးထိုးရန် အတွက် မဖြစ်မနေလိုအပ်နေသော ကာလပင်ဖြစ်သည်။
UNCATသည် အစိုးရအား ညှဉ်းပန်းနှိပ်စက်မှုကို ထိရောက်စွာ ပိတ်ပင်နိုင်ရန်အတွက် အသေးစိတ်ပြင်ဆင်ချက်များ၊ တားဆီးခြင်းများကို လုပ်ဆောင်နိုင်ရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။
UNCAT အားအစိုးရမှ လက်မှတ်ရေးထိုးရန်အတွက် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို (လက်ရှိမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုတင်သွင်းရာ လွှတ်တော်မှထောက်ခံအတည်ပြုပေးခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရမှလည်း လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် အစိုးရသက်တမ်းကုန်ဆုံးသည်အထိ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါ။
ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံ၏ အစိုးရအသစ်အနေဖြင့် ထိုစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။
ဤသဘောတူစာချုပ်တွင်ပါရှိသော နှုန်းစံများကို လက်ခံခြင်းသည် အစိုးရအားလူ့အခွင့်အရေးကို အထူးအ‌ေလေးထားကြောင်း ယုံကြည်မှုရရှိစေခြင်းအပြင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ရန်အတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ပြီး ဒီမိုကရေစီရေး၊ လုံခြုံရေးကိုလည်းကောင်းစွာဖြစ်ထွန်းစေမည်ဖြစ်သည်။ UNCAT သည်ကျူးလွန်သူများအား ဟန့်တားနိုင်ရေးအတွက် ဉပဒေကြောင်းအရ အထောက်အကူများ ပြင်ဆင်ပံ့ပိုးပေးမှု ပါဝင်ပါသည်။ ထို့အပြင် ကျူးလွန်ခံရသူများအား လုံလောက်မျှတသည့် အစားထိုးပြင်ဆင်မှုများ၊ ကုစားမှုများ ရရှိလာရန်အတွက်လည်း အထောက်အကူပြုထားပါသည်။ အချုပ်အားဖြင့် UNCATကို လက်မှတ်ထိုး လိုက်နာခြင်းအားဖြင့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော (သို့မဟုတ်) လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံပြုမူများ ဟန့်တားနိုင်ရေးအတွက် ထိရောက်၍ အရေးပါသော လမ်းညွှန်ချက်များကို အကောင်အထည်ဖော်မည် ဖြစ်ပေသည်။
ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန် အလို့ငှာ ကုလသမဂ္ဂ ညှဉ်ပန်းနှိပ်စက်မှု ဆန့်ကျင်ရေးသဘောတူစာချုပ် (United Nation Convention Against Torture – UNCAT)အားလက်မှတ်ရေးထိုးနိုင်ရန်အတွက် သက်ဆိုင်သူအားလုံးအား အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ မိမိတို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ထိုစာချုပ်အား မြန်မာဘာသာသို့ ပြန်ဆို၍ ထုတ်ဝေဖြန့်ချီလိုက်ပါသည်။

အပြည့်အစုံကိုဒေါင်းလော့ရယူရန် UNCat-mm(graph)