အေအေပီပီလစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

cover bur

တစ်လအတွင်းသုံးသပ်ချက်

ဧပြီလအတွင်းတွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အရပ်သားတစ်ဦးသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဧပြီလအတွင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် တောင်သူ လေးဦး၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အရပ်သား တစ်ဦးတို့သည် အမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဧပြီလအတွင်းတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ဖြင့် ကျောင်းသား ရှစ်ဦးနှင့် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ရှမ်းတိုင်းရင်းသား ၁၉ ဦးတို့သည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဧပြီလအတွင်း စုစုပေါင်း ၄၇ ဦးလွတ်မြောက်လာခဲ့သည်။ ၎င်းတို့မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၃၆ ဦး၊ လယ်သမား သုံးဦးနှင့် ကျောင်းသား ရှစ်ဦးတို့ဖြစ်ကြသည်။ ဧပြီလအတွင်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် သတင်းသမားတစ်ဦး တရားစွဲဆိုခြင်းခံခဲ့ရပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈(က) ဖြင့် တရားရင်ဆိုင်ခဲ့ရသော ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက်တစ်ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်းနှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေးဆိုးရွားလျှက်ရှိ ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံ၏ နှစ်သစ်ကူးအခါသမယဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးအပါအဝင် အကျဉ်းသား ၈၅၄၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးအနက် ၁၈ ဦးသည် မတရား အသင်းဆက်သွယ်မှုအက်ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်ပြီး ၁၇ ဦးသည် ရာဇသတ်ကြီးပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။ ထို့ပြင် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၃၆ ဦးသည် ပို့ကုန်၊ သွင်းကုန်အက် ဥပဒေ၊ ဖောက်ခွဲမှုအက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေစသည့် ဖိနှိပ်ခံထားရသောဥပဒေများဖြင့် ထပ်တိုးပြစ်ဒဏ် ချမှတ်ခံခဲ့ရသူ များဖြစ်သည်။

ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ဖောက်ခွဲမှုအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မ ၄၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) တို့ဖြင့် ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံထားရသော ဦးလဖိုင်ဂမ်၊ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်ဖြင့်  ဘောလုံးပွဲကျင်းပခဲ့ခြင်း အတွက် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရသော ဆရာ​တော်​ဦးနန္ဒသာရနှင့် ကိုခိုင်​နီမင်း၊ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မုံးကိုးဒေသတိုက်ပွဲများအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို သတင်းပေး ပြုလုပ်၍ ထောက်ပံ့ပေးသည်ဟူသော စွဲချက်အတွက် မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁)၊ ပို့ကုန်၊ သွင်းကုန်အက်ဥပဒေ ပုဒ်မ ၈ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် လေးနှစ် နှင့် သုံးလ ချမှတ်ခံထားရသော ကချင်ဘာသာရေး ခေါင်းဆောင် ဦးဒွယ်ဒေါ့နောင်လတ်၊ မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁)၊ ပို့ကုန်၊ သွင်းကုန်အက်ဥပဒေ ပုဒ်မ ၈ ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရသော ဦးလန်ဂျော်ဂမ်ဆိုင်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ကော်ဖီစိုက်ခင်းပြုလုပ်ရန် သိမ်းဆည်း ခဲ့သော လယ်ယာမြေများအတွင်း ဝင်ရောက် ထွန်ယက်စိုက်ပျိုးခဲ့ခြင်းအတွက် ၂၀၁၇ ခုနှစ် ဧပြီလတွင် ထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရ သော ရှမ်းပြည်နယ်မှ လယ်သမား ခုနှစ်ဦးတို့သည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော အကျဉ်းသားများတွင် ပါဝင်သည်။ တခြားလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ၊ လယ်သမားများ၊ အရပ်သားများဖြစ်ကြသည်။

နိုင်ငံရေးအကျဉ်းသား ၃၆ ဦးလွတ်မြောက်လာခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ အစိုးရသည် အာဏာစတင်လွှဲပြောင်းယူသည့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၀၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများအတွက် တရားရင်ဆိုင်နေရသူ ၁၁၅ ဦးကို  စွဲဆိုထားသော စွဲချက်များကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ရုတ်သိမ်းပေးခဲ့သည်။

ယခင်က နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ထောင်ကြွေးကျန်အဖြစ် သတ်မှတ်၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ဖြင့် စည်းကမ်းချက်များ ထုတ်ပြန်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သော်လည်း ယခုနှစ် လွတ်ငြိမ်း ချမ်းသာခွင့်တွင် ထိုစည်းကမ်းချက်များကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများသည် လွတ်မြောက်လာသောအခါ ၎င်းတို့၏ လူနေမှုဘဝနှင့် ပြန်လည်ထူထောင်ရေးများကို ထိခိုက်လျှက်ရှိသည့် ပြစ်မှုဆိုင်ရာ မှတ်တမ်း များထားရှိခြင်းကို ပယ်ဖျက်ပေးရန်နှင့် အလုပ်ခေါ်စာများတွင် နိုင်ငံရေးပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံဖူးသူများ မပါဝင်ရ ဆိုသည့် စကားစု ကို ဖြုတ်ပေးရန် ထပ်မံတောင်းဆိုပါသည်။

ယခုနှစ် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူများကို ထည့်သွင်း ထားခြင်းမရှိခြင်းသည် ၎င်းတို့ ဆက်လက်တရားရင်ဆိုင်နေရခြင်းကြောင့်ဖြစ်သည်ဟု  အစိုးရမှ ထုတ်ဖော်ပြောကြားခဲ့သည်။  သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် အစိုးရသည် နိုင်ငံရေးလှုပ်ရှားမှုများအတွက် ထောင်တွင်းနှင့် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင် ခဲ့ရသော တက်ကြွလှုပ်ရှားသူများကို စွဲဆိုထားသည့် စွဲချက်များကို ရုတ်သိမ်း၍ ၎င်းတို့ကို လွှတ်ပေးခဲ့သည်။ ယခုနှစ် လွတ်ငြိမ်း ချမ်းသာခွင့်တွင် ထောင်တွင်းနှင့် ထောင်ပြင်မှနေ၍ တရားရင်ဆိုင်နေရသူများကို လွှတ်ပေးခြင်းမရှိပါ။ အထူးသဖြင့် မျှတမှုမရှိစွာ တရားရင်ဆိုင်နေရသော ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး၊ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်နှင့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးတို့ဖြစ်ကြသည်။ အစိုးရသည် ပြည်တွင်း၊ ပြည်ပမှ တောင်းဆိုမှုများကို လျစ်လျူရှုကာ ၎င်းတို့ကို လွှတ်ပေးခဲ့ခြင်း မရှိပါ။ ၎င်းတို့၏အမှုများမှ မျှတမှုမရှိခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်ခြင်းတို့ဖြစ်ပေါ်နေ သည်ကို  ပြသလျှက်ရှိသည်။

ဥပမာအားဖြင့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် သုံးနှစ်အထိပြစ်ဒဏ်ချမှတ်ခံရနိုင်သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ ပုဒ်မ (၇) ဖြင့် တရားရင်ဆိုင်နေရသည်သာမက တရားရုံးမထီမဲ့ပြုမှုအတွက် ၎င်းအား  ထောင်ဒဏ်ချမှတ်ခဲ့သော တရားသူကြီးထံတွင် တရားရင်ဆိုင်နေရခြင်းသည် မျှတမှုမရှိ ပါ။ ထိုအခြင်းအရာသည် မှန်ကန်သော တရားစီရင်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ပြီး ကိုအောင်ကိုထွေး၏ မျှတသောတရားစီရင်မှု ခံယူခွင့် ရှိသည်ကို ရှင်းလင်းစွာချိုးဖောက်ခြင်းဖြစ်သည်။ ထိုမျှသာမက ဧပြီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ရိုက်တာ သတင်းထောက် နှစ်ဦး၏ တရားခွင် ကြားနာစစ်ဆေးမှုအတွင်း တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်မှ ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း  ထွက်ဆိုခဲ့သည့်အပြင် ထိုကဲ့သို့ ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုမှ ဦးစီးကွပ်ကဲခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့ပြင် ဒုရဲမှူးမိုးရန်နိုင်မှ ရဲမှူးချုပ်တင်ကိုကိုသည် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို ဖမ်းဆီးရန် ပျက်ကွက်လျှင် ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုမှုပြီးနောက် ဧပြီလ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ နေပြည်တော် ရဲဝန်ထမ်းအိမ်ယာတွင် နေထိုင်လျှက်ရှိ သော ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုကို ထိုအိမ်ယာမှ ၂၄ နာရီအတွင်း ဖယ်ရှားခိုင်းခဲ့သည်။ ဧပြီလ ၂၅ ရက်နေ့ ရုံးချိန်းတွင် အစိုးရ ရှေ့နေမှ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန်  လျှောက်ထားခဲ့သည်။ လက်ရှိတွင် ဒုရဲမှူးမိုးရန်နိုင်သည် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၁၆(ခ)/၂၂ (အမိန့် တာဝန်မလိုက်နာမှု)ဖြင့် အင်းစိန်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသည်။

အမှန်တရားကို ထုတ်ဖော်ပြောဆိုသူများနှင့် သတင်းသမားများကို ဖိနှိပ်ခြင်းသည် နိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်တွင် အစိုးရမှ ၎င်းအာဏာလွှဲပြောင်းယူလျှင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေး မည်ဟု ကတိပြုခဲ့သော ကတိစကားကို ချိုးဖောက်ရာလည်းရောက်သည်။ ကိုအောင်ကိုထွေး၊ ဒုရဲမှူးမိုးရန်နိုင်၊ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး၊ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့သည် အမှုရင်ဆိုင်ခြင်းမပြုမီနှင့် အမှုရင်ဆိုင်နေစဉ်အတွင်း ချုပ်နှောင်ခြင်း ခံထားကြရသည်။  အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ၎င်းတို့အား ထိန်းသိမ်းထားရန်ဆုံးဖြတ်ခြင်းသည် တရားစီရင်ရေး ဆိုင်ရာတွင် ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် လိုအပ်လျှက်ရှိသေးသည်ကို ပြသခြင်းဖြစ်သည်။ အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထား ခြင်းကို နိုင်ငံအများအပြားတွင် ကျင့်သုံးလျှက်ရှိသော်လည်း နောက်ဆုံးအခြေအနေရောက်ရှိမှသာ အသုံးပြုရမည်ဟု နိုင်ငံတကာမှ သိရှိနားလည်ထားသည်။ AAPP ၏  မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ်ပြုပြင် ပြောင်းလဲရေး အလားအလာ အစီရင်ခံစာ တွင်လည်း ဖတ်ရှုနိုင်သည်။ အခြေခံအခွင့်အရေးများနှင့် မျှတသောတရားစီရင်မှုကို ဖိနှိပ်ရန် အာဏာပိုင် များမှ အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကို အသုံးပြုလျှက်ရှိခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်။
အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းသည် လွဲမှားစွဲအသုံးပြုခြင်းနှင့် အလွန်အကျွံသုံးစွဲခြင်းကို ထိုအမှုများမှ ထင်ရှားစွာ ပြသ နေသည်။ နိုင်ငံရေးလှုပ်ရှားမှုများအတွက် နိုင်ငံသားများကို မတရားဖမ်းဆီးခြင်း၊ ၎င်းတို့၏ တရားခွင်ကြားနာမှုများကို ဖိနှိပ်ခြင်းနှင့် ကြာရှည်စေခြင်းတို့သည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ချိန်တွင် ပြစ်မှုနှင့်ပြစ်ဒဏ်မျှတမှုမရှိသကဲ့သို့ ဖြစ်ပေါ်နေ သည်။ နိုင်ငံသားများကို အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းမှ ကာကွယ်ရန် ကမ္ဘာ့ကုလသမဂ္ဂ၏ အမှုရင်ဆိုင်ခြင်းမပြုမီ ချုပ်နှောင် ထားခြင်းအတွက် အနိမ့်ဆုံး စံနှုန်းများ/တိုကျိုစည်းမျဉ်းများ၊  နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR)နှင့် ထိန်းသိမ်းထားမှုအောက်တွင်ရှိသော လူသားများအားလုံး၏ ကာကွယ်မှုအတွက် စည်းမျဉ်းများစသည့် များစွာ သော နိုင်ငံတကာ စံနှုန်းများရှိသော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေသည် ထိုစံနှုန်းများနှင့် တိုက်ရိုက်ကွဲလွဲလျှက်ရှိသည်။ အမှု ရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကို  ခြွင်းချက်ထားရမည့်အစား စံသတ်မှတ်ချက်တစ်ခုအဖြစ် အသုံးပြုလျှက်ရှိသည်။ ရာဇဝတ် မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၂၀ တွင် အမှုကို စစ်ဆေး စီရင်ခြင်းမရှိမီ၊ ထို့ပြင် စစ်ဆေးစီရင်ဆဲအတွင်း ရာဇဝတ် တရားသူကြီး သည် အာမခံယူရန်အကြောင်းနှင့်စပ်လျဉ်း၍ တရားခံကို ဝရမ်းအမိန့်ဖြင့် အချုပ်တွင် ချုပ်ထားရမည်ဟု ဖော်ပြထားသော်လည်း ရာဇဝတ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၏ အခန်း ၃၉ တွင် မည်သူ့ကိုမဆို ချုပ်နှောင်ထားရန်မလိုဘဲ အာမခံပေးနိုင်သည်ဟု ဖော်ပြထား သည်။    ပြည်တွင်းဥပဒေတွင် တရားရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကို ကာကွယ်ရန် ဥပဒေ ဆိုင်ရာနည်းလမ်းများ မရှိခြင်း၊ တရားစီရင်ရေးဆိုင်ရာတွင် ထိရောက်မှုမရှိခြင်းနှင့် တရားရေးဆိုင်ရာ ဝန်ထမ်းအရေအတွက် နည်းပါးခြင်းတို့ကြောင့် အကျဉ်းထောင် တွင်း  အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းခံထားရသူများသည် ပို၍ များပြားလာပါသည်။ ၂၀၀၉ ခုနှစ် နောက်ဆုံးရရှိသော ကိန်းဂဏန်းများ တွင် အကျဉ်းသား ဆယ်ဦးတွင် တစ်ဦးသည် အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းခံထားရသူများဖြစ်သည်။ အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားသည့် အရေအတွက်များလာခြင်းနှင့် အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကို လွဲမှားစွာ အသုံးပြုခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားစေမှုနှင့် ဆက်စပ်လျှက်ရှိပြီး အကျဉ်းထောင်အတွင်း လူဦးရေ ပြည့်ကျပ် ခြင်းကို ပို၍ဖြစ်ပေါ်စေသည်။ ဧပြီလအတွင်း အိုးဘိုထောင်တွင်း၌ အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းခြင်းခံထားရသော ကိုကျော်မျိုးသူသည် စကားများရန်ဖြစ်ရာမှ အကျဉ်းသား ငါးဦး၏ ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်။ အကျဉ်းထောင် တွင်း လူဦးရေပြည့်သိပ်နေခြင်းသည် အကျဉ်းသားချင်း ပဋိပက္ခများဖြစ်ပွားစေရန် အစပြုသည့် အခြင်းအရာလည်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်မှ အကျဉ်းထောင် ၂၆ ခု၌ အကျဉ်းသား ဦးရေ နှစ်သောင်းကျော်ခန့် ပိုလျှံလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ဆိုးရွားသော အကျဉ်းထောင်တွင်း ပြုမှုဆက်ဆံခံရမှုများသည် ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနှင့် AAPP တို့မှ ပြောကြားခဲ့သည်။ အကျဉ်းထောင်တွင်း အကျဉ်းသားဦးရေ ပြည့်ကျပ်နေခြင်းကြောင့် အကျဉ်းသားများသည် လူမဆန်သော ဆက်ဆံမှုနှင့် နိမ့်ကျသော ပြုမှုဆက်ဆံမှုများကို ခံစားနေကြရသည်။ ထို့ကြောင့် အကျဉ်းထောင်တွင်း လူဦးရေပြည့်ကျပ်နေခြင်းမှ ကာကွယ်ရန် အမှုရင်ဆိုင် ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကို နောက်ဆုံးအခြေအနေရောက်မှသာ အသုံးပြုပါရန်  AAPP မှ အစိုးရအား တိုက်တွန်းပါသည်။

ဖြေရှင်းနိုင်ခြင်းမရှိသေးသော လယ်ယာမြေသိမ်းဆည်းမှုများကြောင့် ဧပြီလအတွင်းတွင်လည်း  လယ်သမားများသည် ဆက်လက်၍ ဆန္ဒ ထုတ်ဖော်တောင်းဆိုလျှက်ရှိပြီး လယ်သမားတချို့သည် အမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ အစိုးရသည် လယ်ယာမြေ သိမ်းဆည်းခြင်း ခံခဲ့ရသော လယ်သမားများကို လျော်ကြေးငွေများ ဆက်လက်ပေးအပ်လျှက်ရှိသော်လည်း များစွာသော လယ်သမားများသည် ၎င်းတို့၏ သိမ်းဆည်းလယ်ယာမြေများနှင့်  နစ်နာကြေးများကို ပြန်လည်ရရှိခြင်းမရှိသေးပါ။

ရခိုင်ပြည်နယ်၊ အမ်းမြို့အတွင်း ဖြတ်သန်းသွားသည့် ဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားခဲ့သော မြေယာနှင့် သီးနှံများအတွက် နစ်နာကြေးများ ရရှိရန် ဧပြီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရဲတပ်ဖွဲ့မှ CNPC ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု (MOGE) တို့ကို ဦးဆောင်၍ ဆန္ဒပြခဲ့သော အမ်းမြို့နယ်မှ တောင်သူလေးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ဖြင့်  ဧပြီလ ၂၈ ရက်နေ့တွင် အမှုဖွင့်ခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာက ဒေသခံလယ်သမားများကို ခရိုင်ကျေးလက်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောကျော်မင်းဦးမှ တရားလိုပြုလုပ်၍ တိုင်ကြားခဲ့သည့်အတွက် အိန္ဒုနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၄၃၁ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။ လယ်ယာသုံးလမ်းကို တရုတ်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရန် လမ်းမြေသား မြှင့်တင်ဆောင်ရွက်ထားသည့်အတွက် စိုက်ပျိုးရာသီအမီ လယ်ယာသုံးစက်များ အသုံးပြုသွားလာနိုင်ရန် ဒေသခံ လယ်သမားများ စုပေါင်းပြီး ပြန်လည်ပြုပြင်ခဲ့၍ အမှုဖွင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ထိုကဲ့သို့ တရားစွဲဆိုမှုများသည် ပြည်သူရွေးကောက်ထားသော အရပ်သားအစိုးရလက်ထက်တွင် ဆက်လက်ဖြစ်ပွားနေခြင်းမှာ သင့်တော်ခြင်းမရှိပါ။ ထိခိုက်နစ်နာမှုများကို ရင်ဆိုင်နေရသော တောင်သူများကို တွေ့ဆုံဆွေးနွေး၍ အဖြေရှာသင့်သော်လည်း ထပ်မံ၍ တရားစွဲဆိုခြင်းသည်  လယ်သမားများအတွက် ပို၍နစ်နာဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ အစိုးရသည် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုံခြုံခွင့်နှင့် အလုပ်လုပ်ခွင့် စသည့် နိုင်ငံသားအခွင့်အရေးများကို ကာကွယ်ပေးရန် တာဝန်ရှိသော်လည်း ထိုအခွင့်အရေးများကို ကာကွယ်ရန် ပျက်ကွက်လျှက်ရှိသည်ကို ထိုအမှုများမှ ပြသလျှက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃၊ အပိုဒ် ၁၉ နှင့် အပိုဒ် ၂၃၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၉ နှင့် အပိုဒ် ၂၁ တို့တွင် ထိုအခွင့်အရေးများကို ကာကွယ်မှုပေးထားသည်။ ထို့ကြောင့် အစိုးရအား လယ်သမားများအပါအဝင် နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် တိုက်တွန်းပါသည်။

ဧပြီလအတွင်း လယ်သများတချို့ တရားစွဲဆိုခံခဲ့ရခြင်းအပြင် ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လယ်ယာမြေသိမ်းဆည်းမှုများနှင့် အငြင်းပွားမှုများကြောင့် လယ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကယားပြည်နယ်

ဒေသကွပ်​ကဲမှု ဌာနချုပ်​(ဒ.က.စ)မှ သိမ်းယူခဲ့သော လွိုင်​​ကော်​မြို့နယ်​၊ မ​ထောခူ​ကျေးရွာအုပ်​စုရှိ တောင်သူ ၈၅ ဦးပိုင် လယ်ယာမြေဧက ၃၅၂ ဧကကို ပြန်လည်ရရှိရေးနှင့် သိမ်းယူခဲ့သော ​မြေဧက​များအနက် ဧက ၁၀၀ ​ကျော်​ကို စရဖတပ်​မှူး  (ငြိမ်း) ဦးထွန်း​ရွှေကို ပြန်​လည်​​ရောင်းချ​ပေးခဲ့ပြီး ​ထိုမြေများကို မြေစာရင်းဦးစီးဌာနမှ ပုံစံ ၇ ထုတ်​​ပေးခဲ့ခြင်းအတွက် ဧပြီလ ၂၃ ရက်နေ့တွင် ဒေသခံတောင်သူ ၄၀၀ ခန့်သည် လွိုင်​​ကော်​မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပဲခူးတိုင်း

ပဲခူးတက္ကသိုလ်မှ သိမ်းဆည်းထားခဲ့သော မြေဧက ၅၉၉ ဧကအနက် ပြန်လည်စွန့်လွှတ်မြေဧက ၁၆၀ အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လယ်သမားများထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ အစိုးရစက်မှုလက်မှုသိပ္ပံစာသင်ကျောင်းအဖြစ် ဆောက်လုပ်ရန် စီစဉ်နေသောကြောင့်  ဧပြီလ ၃ ရက်နေ့တွင် လယ်သမား ၅၀ ကျော် စုပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အောက်ချိုင့်ရပ်ကွက်ရှိ မြေနေရာကို ကုမ္ပဏီများမှ သိမ်းဆည်းထားခြင်းအတွက် ဧပြီလ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ဦးထွန်းထွန်းမှ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖားကန့် ဒေသခံများမှ ဆန္ဒပြတောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိ၍ ယခုကဲ့သို့ ဦးထွန်းထွန်းမှ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်

လယ်ယာမြေအငြင်းပွားမှုအပါအဝင် တောင်သူ​များကို မတရားထောင်ဒဏ်ချမှတ်ခြင်း၊ သံတွဲမြို့နယ် နက်​​မော်​​တောင်​တွင် အငြင်းပွား​နေသော မြေယာကိစ္စနှင့်ပတ်​သက်​၍ သံတွဲမြို့နယ်​​တရားရုံး တရားသူကြီး ​ဦး​ကျော်​ဇံဝင်းမှ တောင်သူ ဦးကျော်စိုးကို ​အလုပ်နှင့် ​ထောင်​ဒဏ်​နှစ်လ ချမှတ်ခဲ့ခြင်းကို ကျေနပ်ခြင်းမရှိသည့်အတွက် ဧပြီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ တောင်သူ ၂၀၀ ခန့်မှ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လယ်သမားများ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသော လယ်ယာမြေများကို အစိုးရအာဏာပိုင်များ၊ စစ်တပ်တို့မှ သိမ်းဆည်းခြင်းသာမက ပုဂ္ဂလိကလုပ်ငန်းများကပါ သိမ်းဆည်းခြင်းကြောင့် လယ်သမားများသည် စိုက်ပျိုးမြေမရှိ၍ စားဝတ်နေရေးအတွက် များစွာ ရုန်းကန်နေကြရသည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မရှိမဖြစ်အရေးပါသော လယ်သမားများကို မတရားဖိနှိပ်၍ ၎င်းတို့၏ လယ်ယာမြေများကို အမျိုးမျိုးသော စီမံကိန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများအတွက် အသုံးပြုခြင်းသည် အနာဂတ်တွင် စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်လာနိုင်ပါသည်။ ထို့ကြောင့်  နှင်ထုတ်ခြင်းနှင့် အိမ်ရာမဲ့ခြင်းတို့အပေါ် အခြေခံထားသော ဖွံ့ဖြိုးရေး ဆိုင်ရာ လမ်းညွှန်မှုများတွင် ပြုမှုဆောင်ရွက်မှုသည် လူ့အခွင့်အရေးနှင့် ကိုက်ညီမှုမရှိလျှင် နိုင်ငံတော်အစိုးရသည် လယ်ယာမြေ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်ရမည်ဟု ပြဋ္ဌာန်းထားသည်ကို အစိုးရမှလိုက်နာ ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထို့ပြင် စီးပွား ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) အပိုဒ် ၆ တွင် ပြဋ္ဌာန်း ထားသည့် အလုပ်လုပ်ခွင့်ကိုလည်း အစိုးရမှ ကာကွယ်မှုပေးပါရန် တိုက်တွန်းပါသည်။

မတရားဖမ်းဆီးခံရခြင်း၊ ပျောက်ဆုံးသွားခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့သည် တိုင်းရင်းသားဒေသများတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး ထိုအခြင်းအရာမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ဖြစ်ပေါ်စေပါသည်။

၂၀၁၃ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင်း KIA ၏ သတင်းပေး အဖြစ် ဆောင်ရွက်ခဲ့သည်ဟူသော သံသယဖြင့် နန်းရှမ်းနီအရပ်ဘက်အဖွဲ့အစည်းကို ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမင်းဆိုင်းသည် ဧပြီလ ၅ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကိုမင်းဆိုင်း ၏ ဆိုးရွားသော ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျှက်ရှိသည်။ လွန်ခဲ့သော ငါးနှစ်က ဖြစ်ပွားခဲ့သောဖြစ်ရပ် အတွက် သံသဖြင့် ဖမ်းဆီး၍ တရားစွဲဆိုခြင်းသည် ကိုမင်းဆိုင်း၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုမင်းဆိုင်းအတွက် တရားမျှတမှုရရှိ ရေးကို  ဆောင်ရွက်ပါရန် တောင်းဆိုပါသည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှ ကချင်စစ်ဘေးရှောင် နှစ်ဦးဖြစ်သည့် ဦးဖေါဂမ်ယော်နှင့် ဦးနခွန်နော်ဆန်းတို့ သတ်ဖြတ်ခံရခြင်းကို စစ်ဆေးနေသည့် ကာလအတွင်း စစ်တပ်မှ ဦးဖေါဂမ်ယော်၏ ချွေးမဖြစ်သူကို မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်လာခြင်းကြောင့် သတ်ဖြတ်ခံရသူနှစ်ဦး၏ မိသားစုဝင်များသည် လုံခြုံရေးအတွက်စိုးရိမ်၍ ရှောင်ပုန်းနေကြရသည်။ စစ်တပ်မှ ဒေါ်ကော့အောင်အား ဖမ်းဆီးရန်အတွက် စစ်ဘေးရှောင်စခန်းရှိ ဒေါ်ကော့အောင်၏ အိမ်သို့ မကြာခဏလာရောက် ရှာဖွေခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ်မြောက်ပိုင်း၊ ဆွမ်ပရာဘွမ်မြို့နယ်၊ လောင်ဝ်ရှယန်းရွာမှ ဝါဒူးခွန်အန်းကို တပ်မတော် ခြေလျှင်တပ်ရင်း ခလရ ၄၂၃ မှ  မတ်လအတွင်း ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ၎င်းနှင့်ပတ်သက်၍ မည်သည့်သတင်းကိုမှ  ရရှိခြင်း မရှိတော့ပါ။ ဝါဒူးခွန်အန်းသည် ၎င်း၏သူငယ်ချင်းနှင့် ဆွမ်ပြည်ယန်ရွာကို သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် မဆွမ်ဇွပ်ရွာနှင့် ထန်းခါး ရွာကြား၌  ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဝါဒူးခွန်အန်းရွာရှိ ရွာသားများမှ ၎င်းသေဆုံးသွားသည်ဟု ယူဆနေကြသည်။

ကချင် စစ်ဘေးရှောင်နှစ်ဦး သတ်ဖြတ်ခြင်းခံရသည်သာမက ၎င်းတို့၏ မိသားစုဝင်များ ရှောင်ပုန်းနေရခြင်း၊ ဝါဒူးခွန်အန်း ဖမ်းဆီး ခြင်း ခံရကာ ပျောက်ဆုံးသွားခြင်းတို့ကို ရှုံ့ချပြီး ထိုကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ဖမ်းဆီးခံရသူ ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိရှိရန် အလွန်ကိုခက်ခဲပြီး တရားမျှတမှုကို ရရှိနိုင်ခြင်းလည်း မရှိသည့်အပြင် ပျောက်ဆုံးမှုများသည် လူထုတွင်းကြောက်ရွံ့မှုနှင့် လုံခြုံမှုမရှိခြင်းတို့ကို ဖြစ်ပေါ်စေသည်။ နိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းတွင် အောင်မြင်မှုရရှိစေရန် အတိတ်ကဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိခိုက်နစ်နာခဲ့ရသူများ၏ ဆုံးရှုံးမှုများကို ပြန်လည်၍ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ အစိုးရသည် အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ် ဆောင်ရွက်ရန် ပျက်ကွက်နေသည်သာမက လက်ရှိကာလတွင်လည်း ထိခိုက်နစ်နာသူများကို ကာကွယ်နိုင်ခြင်းမရှိသေးပါ။ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ရမည့်အစား ထိခိုက်နစ်နာသူများ၏ မိသားစုဝင်များကို ပစ်မှတ်ထားကာ အရေးယူ ဆောင်ရွက် ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက် နေသော အစိုးရနှင့် တိုင်းရင်းသားများကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရာတွင် နှောင့်နှေးသွားစေပါသည်။

ထို့ကြောင့် AAPP မှ အစိုးရအား တိုင်းရင်းသားများ မတရားဖမ်းဆီးခံရခြင်း၊ ပျောက်ဆုံးသွားခြင်း၊ သတ်ဖြတ်ခံရခြင်းတို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပါရန် တိုက်တွန်းပါသည်။ ထို့ပြင် ကျူးလွန်သူများ ပြစ်ဒဏ်မှကင်းလွတ်နေခြင်းကိုလည်း အဆုံးသတ်ပါရန် တောင်းဆိုပါသည်။  ထိုမှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်လှမ်းနိုင်မည်ဖြစ်သည်။

ဧပြီလအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တိုင်းရင်းသားများ ဖိနှိပ်ခံနေရခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်းနှင့် နိုင်ငံသား များ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက် ရှိနေခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်း ပါသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁၇ ၃၄၈

လစဉ်အစီရင်ခံစာဒေါင်းလော့ရယူရန် Burmese Chronology Template for April

တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် Burmese MiR Template for April

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 35 Remaining PP list Updated On May 15, 2018

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 184 facing trial list updated on April 30, 2018 (Updated) 

၆၆ (ဃ) စာရင်း ဒေါင်းလော့ရယူရန် 66 (D) total list(new) Updated