စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၄၁) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၆၇၇) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၄၃၀) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၉၃) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နှင့်အမျှ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနှင့် အရပ်သားနေအိမ်များ၊ ဘာသာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိရာ မတ်လ ၁၆ ရက်နေ့က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး အိမ်ခြေ ၃၀၀ ခန့်ရှိသော ဖလံပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၁၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဒေသခံ သုံးဦးကိုလည်း သတ်ဖြတ်ခဲ့သလို၊ ၎င်းကျေးရွာအနီးရှိ ရှားစေးဖိုကျေးရွာကိုလည်း မီးရှို့ခဲ့သဖြင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့သည်။
ထို့ပြင် မတ်လ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် “မဟာလေးထပ်” ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော်များ၊ ကလေးများအပါအဝင် ပြည်သူ အများအပြား သေဆုံးခဲ့သည်။ အလားတူ မတ်လ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သလို ဘုန်းကြီးတပါး ပျံလွန်တော်မူခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

