⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မေ ၄ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေ ၄ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၀၃) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၉၂၄) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၁၇၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၄) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် (ကဆုန်လပြည့်နေ့) တွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့ သတ်မှတ်ထားသည့် နေအိမ်တွင် ဆက်လက်ထိန်းသိမ်းချုပ်နှောင်ထားမည်ဟု ကြေညာခဲ့သော်လည်း မည်သည့်နေရာတွင် မည်သို့သောပုံစံဖြင့် ထားရှိထားသည်ကို အတည်ပြုပြောကြားခြင်း မရှိသကဲ့သို့ မိသားစုနှင့် တွေ့ဆုံခွင့်ကိုလည်း ကန့်သတ်ထားသည်။ အဆိုပါ လုပ်ဆောင်ချက်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အတင်းအကျပ် အစအနပျောက်ဆုံးအောင် ပြုလုပ်ထားသည့် အခြေအနေတရပ်ဖြစ်ပြီး အကျဉ်းသားတဦး ရရှိသင့်သော အခြေခံအခွင့်အရေးများကိုပါ ခံစားခွင့်မရစေဘဲ ပိတ်ပင်ထားမှုဖြစ်သည်။ ထို့အပြင် အဆိုပါနေ့ ထောင်လွှတ်ပေးမှု၌ နိုင်ငံရေးအကျဉ်းသား ပြန်လည်လွတ်မြောက်မှုမှာ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ (၅) ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း အေအေပီပီက အတည်ပြုနိုင်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် နေ့စဉ်နီးပါး တိုက်ခိုက်လျက်ရှိရာ အေအေပီပီ၏ မှတ်တမ်းဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်ဧပြီလအတွင်း လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၁၈) ဦးခန့် သေဆုံးခဲ့သည်။ ဧပြီလ ၂၇ ရက်နေ့က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဗဟန်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သဖြင့် လသားအရွယ်ကလေး အပါအဝင် ပြည်သူခြောက်ဦး သေဆုံးခဲ့သလို၊ ဧပြီ ၂၉ ရက်နေ့က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ကိုးဦးထက်မနည်း သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩