⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ် ၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၈၅၆) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၅၈၁) ဦးရှိပြီး ထိုအထဲမှ (၂၂၅၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၃၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အဖွဲ့မှ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ သွားရောက်ချိန် နိုင်ငံရေးအကျဉ်းသားများက ထောင်တွင်း လိုအပ်ချက်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြခဲ့မှုကြောင့် ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားသုံးဦးကို ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အခြားနိုင်ငံရေးအကျဉ်းသားများကိုပါ ထောင်ဝန်ထမ်းများနှင့် ၎င်းတို့၏ လက်အောက်ခံ အကျဉ်းသားများက လေးခွများ၊ တုတ်များဖြင့် အဆောင်အတွင်းထဲအထိ ဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ပြည်သူသေဆုံးမှုနှုန်းမှာ ပိုမိုမြင့်တက်လျက်ရှိရာ အေအေပီပီ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ မတ်လ ပထမအပတ်အတွင်း အရပ်သား အနည်းဆုံး (၈၆) ဦးဝန်းကျင် သေဆုံးခဲ့သည်။ မတ်လ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် ပြည်သူ ဆယ်ဦးဝန်းကျင် သေဆုံးခဲ့သလို၊ မတ်လ ၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပိ‌တောက်ကုန်းကျေးရွာနှင့် မရိုးတုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးအဘိုးအဘွားများအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းများက ဆိုသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩