နိုင်ငံရေးလှုပ်ရှားမှုများနှင့်၎င်းတို့ပါဝင်ဆောင်ရွက်ခဲ့မှုများ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ၏ အကျဉ်းကျခံရစဉ်ကတွေ့ကြုံခံစားခဲ့ရမှုများ
အကျဉ်းချုပ်
ကမာ္ဘတစ်ဝန်းတွင် အကျဉ်းချခံထားရမှုနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အကျဉ်းချခံထားရသော အမျိုးသမီးဦးရေသည် ၅၀% အထိ မြင့်တက်ခဲ့သည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းသည် တရားစွဲဆိုခြင်း မပြုမီ ထိန်းသိမ်းထားခြင်းကို အားပေးခြင်းနှင့် ရာဇဝတ်မှုဆိုင်ရာ တရား စီရင်ရေး စနစ်တွင် အကျဉ်းချထားခြင်းကို အဓိက လက်ကိုင်ထားခြင်းစသည့် မူဝါဒဆိုင်ရာ ပြောင်းလဲမှုများ ကြောင့်ဖြစ်သည်။ အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသော အမျိုးသမီး အရေအတွက်သည် တကမာ္ဘလုံးတွင် အကျဉ်းချခံထားရသော ပျှမ်းမျှ အမျိုးသမီးအရေအတွက်ထက် မြင့်မား လျှက်ရှိ သည်။ သို့သော်လည်း အကျဉ်းချခံထားရသော အမျိုးသမီးများကို ပြုမှုဆက်ဆံမှုသည် နိုင်ငံတကာ စံချိန်၊စံညွှန်း များအောက် ကျဆင်းဆဲဖြစ်ပြီး တရားစီရင်ရေးဆိုင်ရာ စနစ်၏ ဖွဲ့စည်းမှုကြောင့် အမျိုးသမီး အကျဉ်းသူများသည် အမျိုးသား အကျဉ်းသားများထက် တရားရင်ဆိုင်ရာတွင်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံရရာတွင် လည်းကောင်း၊ အကျဉ်းကျနေချိန်ကာလများတွင်လည်းကောင်း ခွဲခြားဆက်ဆံခြင်းခံနေရဆဲဖြစ်သည်။ ထိုကဲ့သို့ ခွဲခြားဆက်ဆံ ခံရခြင်းသည် အကျဉ်းချခံထားရစဉ်အတွင်း အမျိုးသမီးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံမှု မရှိခြင်း တို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ၎င်းတို့ လွတ်မြောက်ပြီးနောက် ခွဲခြားဆက်ဆံခံရခြင်းသည် အသက် မွေးဝမ်းကြောင်းဆိုင်ရာ မျှော်လင့်ချက်များကိုလည်း ပို၍ နည်းပါးစေသည်။
မျက်မှောက်ကာလတွင် ထိန်းသိမ်းခံထားရသူများ သို့မဟုတ် အကျဉ်းချခံထားရသူများကို ပြုမှု ဆက်ဆံမှုအတွက် အနည်းငယ်သော နိုင်ငံတကာ သဘောတူစာချုပ်များကို ပြဋ္ဌာန်းထားသည်။ ထို့ပြင် တချို့သော သဘောတူ စာချုပ်များသည် အမျိုးသမီးများအတွက် ပြဋ္ဌာန်းထားသည်။ နိုင်ငံတကာအဆင့်တွင် အဓိက သဘောတူစာချုပ် သုံးခုရှိပြီး ၎င်းတို့မှာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)၊ ကမာ္ဘ့ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်သော သဘောတူစာချုပ် (UNCAT)၊ အမျိုးသမီးများကို ဆန့်ကျင်သော အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားခြင်း သဘောတူစာချုပ် (CEDAW) တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် ICCPR ကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် UNCAT ကိုလည်း လက်မှတ်ရေးထိုးထားခြင်း မရှိခြင်းသည် အကျဉ်းသားများအားလုံးကို ထိခိုက်မှု ဖြစ်စေပြီး အမျိုးသမီး အကျဉ်းသူများအတွက် ပို၍ ကြီးမားသော သက်ရောက်မှုကို ဖြစ်စေပါသည်။ အကျဉ်းသားများကို ပြုမှုဆက်ဆံမှုအတွက် အခြေခံ ဥပဒေသများနှင့် ကမာ္ဘ့ ကုလသမဂ္ဂမှ ချမှတ်ထားသည့် အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများ (SMRs) တို့တွင် အကျဉ်းသားများအတွက် သီးခြား စည်းမျဉ်းများကို ပြဋ္ဌာန်းထားပါသည်။ ကမာ္ဘ့ကုလသမဂ္ဂ၏ အမျိုးသမီး အကျဉ်းသူများကို ပြုမှု ဆက်ဆံမှုအတွက် စည်းမျဉ်းများနှင့် အမျိုးသမီး ပြစ်မှုကျူးလွန်သူများကို ထိန်းသိမ်း ထားခြင်း မပြုသော နည်းလမ်းများ (ဘန်ကောက် စည်းမျဉ်း) တွင် အမျိုးသမီး အကျဉ်းသူများ၏ သီးသန့် လိုအပ်မှုများကို ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဥပဒေရေးဆွဲသူများသည် ဥပဒေကြမ်းများမှ တစ်ဆင့် နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့်အညီ အမျိုးသမီးများကို ပြုမှုဆက်ဆံမှုနှင့် အကျဉ်းသားများကို ကာကွယ်မှုပေးရန် ကြိုးပမ်းလျှက် ရှိသော်လည်း ထိုဥပဒေကြမ်းများသည် အမျိုးသမီး အကျဉ်းသူများအား လုံလောက်သော ကာကွယ်မှုကို ပေးနိုင်ခြင်း မရှိပါ။
အစိုးရမှ အသိအမှတ်ပြုခြင်းမခံရသည့် အကျဉ်းချခံထားရသော အမျိုးသမီးများ၏ ပို၍သေးငယ်သော အခန်းကဏ္ဍ သည် အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများဖြစ်သည်။ အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများ၏ ဖြစ်စဉ်များသည် အမျိုးသမီး ရာဇဝတ်အကျဉ်းသူများ၏ ဖြစ်စဉ်များနှင့် ခြားနားလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် ပြစ်ဒဏ်ကျခံနေရချိန်အတွင်းတွင်လည်းကောင်း၊ လွတ်မြောက်ပြီးနောက် လူမှု အသိုင်း အဝိုင်းနှင့် ပြန်လည် ပေါင်းစပ်ရာတွင်လည်းကောင်း ၎င်းတို့၏ ဆုံးဖြတ်မှုများအတိုင်း၊ ရွေးချယ်မှုများအတိုင်း ပြုမှု ဆောင်ရွက်လေ့ရှိသည်။ ဤအစီရင်ခံစာတွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူဟောင်း ကိုးဦး၏ အတွေ့အကြုံများကို ဖော်ပြပေးထားပြီး အကျဉ်းချခံထားရစဉ်အတွင်းနှင့် လွတ်မြောက်ပြီးနောက် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်ရန်အတွက် ၎င်းတို့ မည်ကဲ့သို့ ကြိုးပမ်း အားထုတ် ခဲ့ရပုံကို ဖော်ပြထားသည်။
အကျဉ်းချခံထားရစဉ်နှင့် လွတ်မြောက်ပြီးနောက် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများသည် စံနစ်တစ်ခုကို နှုတ်ဆိတ်နေကြသည့် သားကောင်များ မဟုတ်ကြချေ။ အကျဉ်းချခံထားရစဉ် အတွင်း ၎င်းတို့သည် နိုင်ငံရေးအကျဉ်းသားများကိုယ်စား ဆက်လက်၍ တောင်းဆိုမှုများ၊ စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့်အပြင် ရာဇဝတ် အကျဉ်းသားများ၏ အခွင့်အရေးများ အတွက်လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြ သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခြင်းနှင့် တိုးတက်သော အကျဉ်းထောင် အခြေအနေများမှတစ်ဆင့် အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများနှင့် ရာဇဝတ် အကျဉ်းသူများသည် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် ၎င်းတို့ အကျဉ်းကျ ခံနေရချိန်နှင့် လွတ်မြောက်ပြီးနောက် ၎င်းတို့၏ ဘဝများကို တည်ဆောက်နေချိန်တွင် ၎င်းတို့၏ ရွေးချယ်မှုနှင့် လွတ်လပ်မှုတို့ကို အသုံးချနိုင်သော်လည်း အစိုးရမှ အကျဉ်းထောင်ဆိုင်ရာ ဖွဲ့စည်းပုံများမှ တစ်ဆင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ရန် တာဝန်ရှိပြီး ၎င်းတို့ လွတ်မြောက်ပြီးနောက် ၎င်းတို့၏ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ ရရှိရန်အတွက်လည်း တာဝန်ရှိသည်။
မိတ်ဆက်
“ အကျဉ်းကျနေချိန်ကာလများတွင် တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုတာမရှိခဲ့ပါ”
မမေမေသန်း၊ နိုင်ငံရေးအကျဉ်းသူ (၁၉၉၀ – ၁၉၉၂)
ကမာ္ဘတစ်ဝန်းတွင် အကျဉ်းချခံထားရမှုနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အကျဉ်းချခံထားရသော အမျိုးသမီးဦးရေသည် ၅၀% အထိ မြင့်တက်ခဲ့သည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းသည် တရားစွဲဆိုခြင်း မပြုမီ ထိန်းသိမ်းထားခြင်းကို အားပေးခြင်းနှင့် ရာဇဝတ်မှုဆိုင်ရာ တရား စီရင်ရေးစနစ်တွင် အကျဉ်းချထားခြင်းကို အဓိက လက်ကိုင်ထားခြင်း စသည့် မူဝါဒဆိုင်ရာ ပြောင်းလဲမှုများ ကြောင့်ဖြစ်သည်။ အကျဉ်းချခံထားရသော အမျိုးသမီးများနှင့် အမျိုးသားများသည် အကျဉ်းကျနေစဉ်အတွင်း အားငယ်စိုးရွံ့မှုများစွာ ရှိသော်လည်း ၎င်းတို့ ကြုံတွေ့ရသော အတွေ့အကြုံများသည် အလွန် ကွာခြားလျှက်ရှိသည်။ အမျိုးသမီးများကို ထိန်းသိမ်းထားသော ထောင်တွင်း နေရာများ အပါအဝင်အကျဉ်းထောင်အတွင်း အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများ အားလုံးသည် အမျိုးသားများတွင် ရင်ဆိုင် ကြုံတွေ့ရခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် အကျဉ်းထောင်များသည် အမျိုးသားများအတွက် ဆောက်ထားခဲ့သည့် အဆောက်အဦးများ ဖြစ်ခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အကျဉ်းထောင်အခြေအနေများသည် အမျိုးသမီး အကျဉ်းသူများ ကို ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ပေးထားခြင်းမရှိပါ။ ထို့ပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာသတ်မှတ်ချက်များကို အတည်ပြု လက်မှတ်ရေးထိုးရန် ပျက်ကွက်လျှက်ရှိသည်။ ဤအစီရင်ခံစာသည် နိုင်ငံတကာနှင့် ပြည်တွင်း ဥပဒေများ အရ အမျိုးသမီးအကျဉ်းသူများအပေါ် မည်သို့ ပြုမှုဆက်ဆံရမည်ဆိုသည်ကိုဖော်ပြထားသည်။ ထို့ပြင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူဟောင်း ကိုးဦး၏မြန်မာနိုင်ငံတွင် အကျဉ်းထားခြင်းခံခဲ့ရစဉ်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ များကို ဖော်ပြသွားမည်ဖြစ်သည်။ ထို့ပြင် ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံ၏ လူမှု အဖွဲ့အစည်း များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့တိုက်တွန်းချက်များကိုလည်း ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အရှေ့တောင်အာရှဒေသအတွင်းတွင် အမျိုးသမီး အကျဉ်းသူအရေအတွက်သည် အကျဉ်းထောင်လူဦးရေစုစုပေါင်း၏ ကြီးမားသော ရာခိုင်နှုန်းအဖြစ် စဉ်ဆက်မပြတ် ရှိလာနေပါသည်။ ကမာ္ဘ့ အကျဉ်းထောင်များ လေ့လာမှုအကျဉ်း (World Prison Brief)၏ အချက်အလက်များအရ ကမာ္ဘ့နိုင်ငံများ၏ ၈၀%တွင် အမျိုးသမီးအကျဉ်းသူဦးရေသည် စုစုပေါင်းအကျဉ်းထောင်လူဦးရေ၏ ၂% နှင့်၉% ကြား ရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် အမျိုးသမီး အကျဉ်းသူ အရေအတွက်သည် တိုးပွားလာနေသည်။ အနည်းဆုံး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံသုံးနိုင်ငံ၏ အမျိုးသမီးအကျဉ်းသူအရေအတွက်သည် ထိုအရေအတွက်ထက် ပိုမို များပြားလျှက်ရှိသည်။ နောက်ဆုံးရမှတ်တမ်းများအရ မြန်မာနိုင်ငံ၏ အမျိုးသမီးအကျဉ်းသူအရေအတွက်သည် စုစုပေါင်း အကျဉ်းသားအရေအတွက်၏ ၁၂.၃% သို့မဟုတ် ၉၈၀ရ ယောက်ရှိခဲ့သည်။ ထိုသို့ ဒေသတွင်း အခြေအနေမှန်များ ရှိနေသော်လည်း နိုင်ငံတကာအတိုင်းအတာတွင် အမျိုးသမီးများကို အကျဉ်းထောင်များ၏ စည်းမျဉ်းများနှင့် ပုံဖော်မှုများ၌ ထည့်သွင်းစဉ်းစားခြင်းမရှိပါ။ ၂၀၁၄ ခုနှစ်တွင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို သုတေသနပြု နှိုင်းယှဉ်ကြည့်မှုအရ မြန်မာနိုင်ငံရှိ အမျိုးသမီး အကျဉ်းသူအရေအတွက်သည် အရှေ့တောင်အာရှဒေသတွင်း အခြားနိုင်ငံများထက် ပိုမိုမြင့်မားလာသော်လည်း အနည်းဆုံး တိုးပွားလာမှုသာ ဖြစ်သည်။ ဆိုလိုသည်မှာ လူဦးရေအားဖြင့် မများသည်ဆိုသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြင့်တက်နေ သည်။
အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကာလရှည်ကြာတည်ရှိနေကြသည့် အကျဉ်းစံ အမျိုးသမီးများ၏ အခန်းကဏ္ဍငယ်တစ်ခု ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဓိပ္ပါယ်သတ်မှတ်ချက်အရ – မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရား မျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံးပါဝင်သည့်နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သည်” ဆိုသည့်စကားရပ်အတိုင်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည်သဘာဝအရ အခြားရာဇဝတ်မှုကျူးလွန်သူ အမျိုးသမီးအကျဉ်းသူများနှင့် ကွာခြားသည်။ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းကျခံရစဉ်နှင့် လွတ်မြောက်ပြီးနောက် လူမှုအသိုင်းအဝိုင်းသို့ ပြန်လည် ဝင်ဆန့်မှုများကို လွတ်လပ်စွာ ပြုမူခြင်းနှင့် ရွေးချယ်ခြင်းတို့ ပြုလုပ်နိုင်ကြသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသူများထဲမှတချို့သည် ၎င်းတို့၏ဖခင်၊ ညီအစ်ကိုမောင်နှမများနှင့် ခင်ပွန်း တို့၏ နိုင်ငံရေးယုံကြည်ချက်များကြောင့် အကျဉ်းချခြင်းခံခဲ့ရသော်လည်းကျန်သူ အများစုသည် တက်ကြွ လှုပ်ရှားသူများနှင့် ကျောင်းသူများဖြစ်ကြပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခဲ့ကြသူများဖြစ်ကြသည်။ နိုင်ငံရေးအကျဉ်းသူ အများစုသည် မြန်မာ့နိုင်ငံရေးတွင် တက်ကြွပြီး ပြောစရာရှိသည်ကို မကွယ်မဝှက် ပွင့်ပွင့် လင်းလင်း ပြောတတ်ခြင်းကြောင့် အကျဉ်းချခံကြရသူများဖြစ်သည်။ ၎င်းတို့၏ ဩဇာရှိမှု၊ လွတ်လပ်မှုနှင့် ဆုံးဖြတ်ချက် ချမှုတို့နှင့် ပတ်သက်၍ ဤအစီရင်ခံစာ၏ နောက်ပိုင်းတွင် ဆက်လက်ဖော်ပြသွားပါမည်။
အမျိုးသမီးအကျဉ်းသူများတွင် ရာဇဝတ်မှု ကျူးလွန်သူနှင့် နိုင်ငံရေးအကျဉ်းသူဟူ၍ ကွဲပြားမှုများ ရှိနေသော်လည်း ၎င်းတို့နှစ်စုအကြား တူညီမှုများလည်း ကျန်ရှိနေပါသေးသည်။ ၎င်းတို့အားလုံး အကျဉ်းကျနေစဉ်ကာလအတွင်း အမျိုးသမီးကိစ္စများ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှု၊ ရောဂါကာကွယ်ရန် တကိုယ်ရည်သန့်ရှင်းရေးနှင့် လွတ်မြောက်ပြီး နောက် လူမှုအသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ဆန့်ရေးအတွက် စိန်ခေါ်မှုများ စသည်တို့ ဖြစ်ကြသည်။ ၂၀၁ရ ခုနှစ်၊ဒီဇင်ဘာလအချက်အလက်များအရ မြန်မာနိုင်ငံတွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ငါးဦးရှိပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလစာရင်းအရ နိုင်ငံရေးဖိနှိပ်မှုနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူအရေအတွက် စုစုပေါင်းမှာ ၂၄ဝ ယောက်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံရေးဖိနှိပ်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမျိုးသမီး ပမာဏ နည်းပါးသော်လည်း လွန်ခဲ့သောကာလကမှု မြန်မာနိုင်ငံတဝှမ်း ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုပမာဏကြီးမားခဲ့သည်။ ၎င်းတို့ ထောင်ကျခဲ့ရသော နှစ်ကာလများအလိုက် ထိုအမျိုးသမီးနိုင်ငံရေးအကျဉ်းသူဟောင်းများသည် ယနေ့တိုင်အခက်အခဲများကို ရင်ဆိုင် ကျော်လွှားနေရဆဲဖြစ်သည်။
အကျဉ်းသားများကို ပြုမှုဆက်ဆံမှုအတွက် ပြဋ္ဌာန်းထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများ
မျက်မှောက်ကာလတွင် ထိန်းသိမ်းခံထားရသူများ သို့မဟုတ် အကျဉ်းချခံထားရသူများကို ပြုမှု ဆက်ဆံမှုအတွက် အနည်းငယ်သော နည်းလမ်းများကို ပြဋ္ဌာန်းထားသည်။ ထို့ပြင် တချို့သော သဘောတူ စာချုပ်များသည် အမျိုးသမီး များအတွက် ပြဋ္ဌာန်းထားသည်။ နိုင်ငံတကာအဆင့်တွင် အဓိက သဘောတူစာချုပ် သုံးခုရှိပြီး ၎င်းတို့မှာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR)၊ ကမာ္ဘ့ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင် သော သဘောတူစာချုပ် (UNCAT)၊ အမျိုးသမီးများကို ဆန့်ကျင်သော အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားခြင်း သဘောတူစာချုပ် (CEDAW) တို့ဖြစ်ကြသည်။ နိုင်ငံတကာ သဘောတူစာချုပ်များကို အတည်ပြု လက်မှတ် ရေးထိုးခြင်းသည် အကျဉ်းသားများ အခြေခံအခွင့်အရေးများ ရရှိရန် ပဏာမ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး အမျိုးသမီး အကျဉ်းသူများနှင့် အမျိုးသား အကျဉ်းသားများ အကျဉ်းချခံထားရစဉ်အတွင်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လူတွေ့မေးမြန်းခြင်းပြုခဲ့သော အမျိုးသမီးများ ကြုံတွေ့ခဲ့ရသော အကျဉ်းထောင် တွင်း ဖြစ်စဉ်များဖြစ်သည့် လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးမရှိခြင်းတို့ကို နိုင်ငံတကာ သဘောတူစာချုပ်များဖြင့် သာ ကိုင်တွယ် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ နိုင်ငံတကာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခြင်း၏ အဓိက အကျိုးကျေးဇူးသည် အစိုးရများမှ ထိုစာချုပ်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိလျှင် နိုင်ငံတကာမှ ကျွင်းကျင်ပညာရှင်များက နည်းလမ်းများဖြင့် ကိုင်တွယ် ဆောင်ရွက်ရန် ပံ့ပိုး ကူညီမည်ဖြစ်သည်။ အတည်ပြု လက်မှတ် ရေးထိုးသည့်အပေါ် အစိုးရများက အပြည့်အဝ လိုက်နာမည်ဟု မျှော်လင့်ထား၍ မရသော်လည်း အစိုးရ များသည် သဘောတူစာချုပ်များတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန် လမ်းညွှန်မှုများကို ရရှိလိမ့်မည်ဖြစ် သည်။
အကျဉ်းသားများကို ပြုမှုဆက်ဆံမှုအတွက် အခြေခံ ဥပဒေသများနှင့် ကမာ္ဘ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများ(SMRs)တွင် အကျဉ်းသားများအတွက် သီးခြား စည်းမျဉ်းများကို ပြဋ္ဌာန်း ထားသည်။ ကမာ္ဘ့ကုလသမဂ္ဂ၏ အမျိုးသမီး အကျဉ်းသူများကို ပြုမှုဆက်ဆံမှုအတွက် စည်းမျဉ်းများနှင့် အမျိုးသမီး ပြစ်မှုကျူးလွန်သူများကို ထိန်းသိမ်းထားခြင်းမပြုသော နည်းလမ်းများ (ဘန်ကောက် စည်းမျဉ်း)တွင် အမျိုးသမီး အကျဉ်းသူများ၏ သီးသန့် လိုအပ်မှုများကို ဖော်ပြထားသည်။ နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူစာချုပ်များတွင် အကျဉ်းထောင်များအတွက် အခြေခံ စံချိန်၊စံညွှန်းများကို ပြဋ္ဌာန်းထားပြီး ထိုသဘောတူ စာချုပ်များသည် နိုင်ငံ၏အကျဉ်းထောင်များကို စည်းမျဉ်း သတ်မှတ်ချက်များဖြင့် ထိန်းထားနိုင်ရန် အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။မြန်မာနိုင်ငံရှိ ဥပဒေရေးဆွဲသူများမှလည်း အမျိုးသမီးများကို ပိုမို သေချာစွာ ကာကွယ်ရန်နှင့် အကျဉ်းထောင်များ စည်းကမ်း ပိုမိုလိုက်နာစေရန် စသည့်လိုအပ်ချက်များကို သိရှိကြကာ ဥပဒေပုဒ်မများအဖြစ်ရေးဆွဲမည့် ဥပဒေကြမ်းများကို ဆွေးနွေးခဲ့ကြသည်။ ဤအစီရင်ခံစာတွင် ပါဝင်သော နိုင်ငံတကာ သဘောတူစာချုပ်များမှ ပို၍ သက်ဆိုင်မှုရှိသည့် ကဏ္ဍများကို အောက်တွင် ဖော်ပြထားသည်။
နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)သည် အကျဉ်းချခံနေရသူများအား ကာကွယ်မှု ပေးသည့်အပြင် နိုင်ငံရေးဆိုင်ရာ စွဲချက်များအတွက် အကျဉ်းကျနေသူများ၏ အခွင့်အရေးများကို ကာကွယ်မှုပေးထား သည်။ လွတ်လပ်ခွင့် ဆုံးရှုံးနေသူများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းသည် အကျဉ်းထောင် စည်းမျဉ်းများတွင် အဓိကဖြစ်ပြီး ထိုစာချုပ်၏ အပိုဒ် ၁ဝ တွင်လည်း ပြဋ္ဌာန်းထားသည်။ ထိုမျှသာမက ထိုစာချုပ်၏ အပိုဒ် ၁ဝ တွင် အကျဉ်းသားများ ၎င်းတို့ လူမှုပတ်ဝန်းကျင်တွင် ပြန်လည် ပေါင်းစည်းနိုင်ရန်အတွက် အကျဉ်းထောင်စနစ်မှ ပြင်ဆင် လုပ်ဆောင်ရန် ဖော်ပြထားသည်။ ထိုစာချုပ်သည် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ၊ တခြား အမျိုးသမီး အကျဉ်းသူ များကို တိုက်ရိုက် ရည်ညွှန်းထားခြင်းမရှိသော်လည်း ၎င်းတို့အတွက် အခြေခံ ကာကွယ်မှုကို ပေးထားသည်။ ထိုစာချုပ်၏ အပိုဒ် ၃ တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသား၊ အမျိုးသမီး ခွဲခြားခြင်းမရှိစေဘဲ စာချုပ်ပါ အခွင့်အရေးများကို ကျား၊မ မရွေး တန်းတူခံစားခွင့်ရှိရမည်ဟု ဖော်ပြထားသည်။ ထိုစာချုပ်၏ အပိုဒ် ၁၉ တွင် ဖော်ပြထားသော လူတိုင်း လွတ်လပ်စွာ စဉ်းစားထုတ်ဖော်ပြောဆိုခွင့် ရှိသည်ဆိုသည်မှာ လူတိုင်း၏ အခြေခံကျသော အခွင့်အရေးဖြစ်ပြီး ထိုစာချုပ်၏ အပိုဒ် ၂၆ တွင် နိုင်ငံရေး ယုံကြည်ချက်များအပေါ်တွင် ခွဲခြားဆက်ဆံမှု လုံးဝမရှိရဟု ဖော်ပြထားသည်။ အထက်တွင် ဖော်ပြထားသော အခွင့်အရေးများကို ကာကွယ်မှုပေးထားကြောင်း သေချာစေရန် နောက်ဆက်တွဲ စောင့်ထိန်းအပ်သော လုပ်ထုံးလုပ်နည်းဖြင့် စောင့်မတ် ကြည့်ရှုသည့် ယန္တရားတစ်ခုကို ထည့်သွင်း ထားသည်။ မြန်မာနိုင်ငံသည် ထိုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့်အတွက် ထိုစာချုပ်ကို လိုက်နာ စောင့်ထိန်းရန် မလိုသောကြောင့် လူတွေ့မေးမြန်းခြင်းပြုခဲ့သော အမျိုးသမီးများ၏ ဂုဏ်သိက္ခာများသည် အကျဉ်းထောင်အတွင်း၌ ချိုးဖောက်ခြင်းခံခဲ့ရသည်။ အစိုးရမှ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းထားခြင်းတို့ကို နိုင်ငံတကာ စံချိန်၊ စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်လျှင် လူတွေ့မေးမြန်း ခြင်းပြုခဲ့သော အမျိုးသမီးများသည် အကျဉ်းချ ခံရမည် မဟုတ်ဘဲ မျက်မှောက်ကာလတွင် တရားစွဲဆိုမှုများကို ရင်ဆိုင်နေရသော အမျိုးသမီးများလည်း လွတ်မြောက် လိမ့်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမာ္ဘ့ကုလသမဂ္ဂ၏ နှိပ်စက်ညှဉ်းပန်းမှုကို ဆန့်ကျင်သော သဘောတူစာချုပ် (UNCAT) ကို လက်မှတ်ရေးထိုးထားခြင်းမရှိပါ။ ထိုသဘောတူစာချုပ်၏ အပိုဒ် ၁ဝ နှင့် အပိုဒ် ၁၁ တို့တွင်အကျဉ်းချခံနေရသူ မည်သူမဆိုအား ထိန်းသိမ်း၊ စစ်ကြောမေးမြန်း သို့မဟုတ် ဆက်ဆံရာတွင်ပါဝင်သည့် အခြားသူများကို သင်တန်း ပေးရာတွင် ညှဉ်းပန်း နှိပ်စက်မှုတားဆီးရေးနှင့် စပ်လျဉ်းသည့် ပညာရေးနှင့် သတင်းအချက် အလက်များကို အပြည့်အဝ ထည့်သွင်းရမည်ဟု ဖော်ပြထားသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းသည် စစ်ဆေးမေးမြန်းခြင်းနှင့် အပြစ်ပေးတို့ အတွက် အသုံးပြုလေ့ရှိသော လက်နက်သဖွယ်ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များသည် ထိုစာချုပ်ပါ အပိုဒ် ၁ဝ နှင့် အပိုဒ် ၁၁ တို့ကို ချိုးဖောက်လျှက်ရှိသည်။ ၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နောက်ဆက်တွဲ စောင့်ထိန်းအပ်သော လုပ်ထုံးလုပ်နည်းများတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြား ရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုများကို ကာကွယ်ရန် အကျဉ်းထောင်များ၊ အချုပ်ခန်းများ၊ ထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားခြင်းခံနေရသော လွတ်လပ်ခွင့် ဆုံးရှုံးနေသူများထံသို့ ပုံမှန်လည်ပတ်ခြင်း စနစ်တစ်ခုအား ထပ်မံ ထည့်သွင်းထားသည်။ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ သို့မဟုတ် ကမာ္ဘ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများမှ အကျဉ်းထောင်များသို့ လာရောက် လည်ပတ်ချိန်တွင် အမျိုးသမီးများသည် ၎င်းတို့ကို ပြုမှု ဆက်ဆံပုံများနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားခဲ့ကြသောကြောင့် ၎င်းတို့၏ ထောင်တွင်း အခြေအနေများသည် အနည်းငယ် တိုးတက်လာခဲ့သည်။ ဥပမာအားဖြင့် ၎င်းတို့သည် တနေ့နှစ်ကြိမ် ရေချိုးခွင့် ရရှိခဲ့ခြင်း၊ ဆေးကုသခံယူခွင့် ရရှိခဲ့ခြင်း၊ ထောင်တွင်းနေထိုင်မှု ပုံစံများ အနည်းငယ် တိုးတက်လာခဲ့ခြင်းတို့ဖြစ်သည်။ ထိုသို့ နိုင်ငံတကာမှ တာဝန်ရှိသူများကို ပြည့်စုံလုံလောက်မှု မရှိသော ထောင်တွင်းအခြေအနေများအား ထုတ်ဖော်ပြောကြားခြင်းသည် အထောက်အထား ဖြစ်စေပြီး ထိုအခြင်းအရာမှ အကျဉ်းချခံထားရသူများ ပို၍ ပြည့်စုံ လုံလောက်သော ပြုမှုဆက်ဆံမှုများကို ရရှိနိုင်မည် ဖြစ်သည်။
၁၉၉ရ ခုနှစ်တွင် မြန်မာနိုင်ငံသည် အမျိုးသမီးများကို ဆန့်ကျင်သည့် အမျိုးမျိုးသော ခွဲခြား ဆက်ဆံမှုများကို ဖယ်ရှားခြင်း သဘောတူစာချုပ် (CEDAW)ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူစာချုပ်သည် အမျိုးသမီး အကျဉ်းသူများကို သီးခြား ညွှန်းဆိုထားခြင်း မရှိသော်လည်း ထိုစာချုပ်သည် လူ့အခွင့်အရေးအဖြစ် အမျိုးသမီး အခွင့်အရေးများကို ကိုင်တွယ် ဆောင်ရွက်ရန် ပဏာမ ခြေလှမ်းများ ဖြစ်ပြီး အမျိုးသမီးများ ၎င်းတို့၏ အခွင့်အရေးများ ကို အပြည့်အဝရရှိနိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုစာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သော်လည်း အမျိုးသမီးများကို ပြုမှုဆက်ဆံမှု အထူးသဖြင့် အကျဉ်းချခြင်းခံထားရသော အမျိုးသမီး များကို ပြုမှုဆက်ဆံမှုသည် နိုင်ငံတကာ စံချိန်၊ စံညွှန်း များအောက် ကျဆင်းနေပြီး အမျိုးသမီး အကျဉ်းသူများ တရားမျှတမှု ရရှိရန် အခွင့်အလမ်း နည်းပါးခြင်း၊ ၎င်းတို့၏ သီးခြား လိုအပ်မှုများအတွက် ထောက်ပံ့ပေးမှု မရှိခြင်းတို့အတွက် ဆွေးနွေး အဖြေရှာရမည် ဖြစ်သည်။
အကျဉ်းသားများကို ပြုမှုဆက်ဆံမှုတွင် အဓိက ဥပဒေသနှစ်ခုသည် အခြေခံ ဥပဒေသများနှင့် ကမာ္ဘ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများ (SMRs) တို့ဖြစ်သည်။ အခြေခံဥပဒေသများသည် ထိခိုက်လွယ်သော အမျိုးသမီး အကျဉ်းသူများအတွက် တိုက်ရိုက် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ထိုဥပဒေ၏ အပိုဒ် ၂ နှင့် အပိုဒ် ၁၁ တို့တွင် လိင်ကွဲပြားမှုကိုအခြေခံသော ခွဲခြားမှုများမရှိဘဲ ဥပဒေသတွင် ပါဝင်သော စည်းမျဉ်းများကို ကျင့်သုံးရမည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံအကျဉ်းထောင်များ၏ လတ်တလော အခြေအနေများကြောင့် ထိုအခြေခံစည်းမျဉ်းအများစုကို လိုက်နာ ကျင့်သုံးခြင်းမရှိသေးပါ။ ထိုအခြင်းအရာသည် အမျိုးသမီးများကို ကြီးမားစွာ ထိခိုက်မှုဖြစ်စေပါသည်။ ဥပမာအားဖြင့် လူတွေ့မေးမြန်းခြင်းပြုခဲ့ သော အမျိုးသမီးများသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိခဲ့ခြင်း၊ အမျိုးသား အကျဉ်းထောင် တွင် ပြုလုပ်သော တရားနာ၊ သီလပေးခြင်းကို လိုက်ပါခွင့် မရရှိခဲ့ခြင်း၊ တို့သည် စည်းမျဉ်း အပိုဒ် ၉၊ စည်းမျဉ်း အပိုဒ် ၆ တို့ကို ဆန့်ကျင်ဖောက်ဖျက်လျှက်ရှိပြီး လက်ရှိတွင် အမျိုးသား အကျဉ်းသားများထက် ဝင်ငွေရသောအလုပ်များ ရရှိရန် အခက်အခဲများရှိသည်မှာလည်း စည်းမျဉ်း အပိုဒ် ၈ နှင့် ကွဲလွဲ ဆန့်ကျင်လျှက်ရှိသည်။
ကမာ္ဘ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများ (SMRs) တွင် အမျိုးသမီး အကျဉ်းသူများကို ကာကွယ်မှုပေးရမည်ဟု ပြဋ္ဌာန်းထားသည်။ ဥပမာအားဖြင့် ထိုစည်းမျဉ်း၏ အပိုဒ် ၈ တွင် လိင်ကွဲပြားမှုနှင့် ၎င်းတို့၏ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းကို အခြေခံ၍ အကျဉ်းသားများကို သီးခြားစီ ထားရှိရမည်ဟု ဖော်ပြထားသည်။ သို့သော်လည်း လူတွေ့မေးမြန်းခြင်းပြုခဲ့သော အမျိုးသမီးများမှ ၎င်းတို့သည် အမြဲတမ်း သီးခြားခွဲ၍ နေထိုင်ရခြင်းမရှိပါဟု ပြောကြားခဲ့ကြသည်။ ထို့ပြင် အမျိုးသမီးများ၏ လိုအပ်မှုများကို ဖြည့်ဆည်းနိုင်ရန် သီးခြား အစီအစဉ်များမရှိပါဟု ပြောကြားခဲ့သည်။ ထိုအခြင်းအရာသည် စည်းမျဉ်း အပိုဒ် ၄ရ နှင့် ဆန့်ကျင် ကွဲလွဲလျှက်ရှိသည်။ ထို့ပြင် တိုင်ကြားရန်အတွက် လုံလောက်သော နည်းလမ်းများ မရှိခြင်းသည် စည်းမျဉ်း အပိုဒ် ၃၆ နှင့် ဆန့်ကျင်လျှက်ရှိသည်။
၂၀၁ဝ ခုနှစ်တွင် ကမာ္ဘ့ကုလသမဂ္ဂအထွေထွေညီလာခံက ဘန်ကောက်စည်းမျဉ်းဟု လူသိများသော အမျိုးသမီး အကျဉ်းသူများကို ပြုမှုဆက်ဆံမှုအတွက် စည်းမျဉ်းများဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို လက်ခံအတည်ပြုခဲ့သည်။ ဘန်ကောက်စည်းမျဉ်းတွင် အဓိကပထမဆုံး အနေဖြင့် ကမာ္ဘ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများ (SMRs)တွင် ပါဝင်သော ပြဌာန်းချက်တစ်ခုချင်းစီသည် ခွဲခြားခြင်း မရှိဘဲ အမျိုးသမီးများနှင့် အကျုံးဝင်သက်ဆိုင်စေရမည်၊ ထို့ပြင် အမျိုးသမီးများ၌ သီးသန့်ဖြစ်သော အားနည်းချက်များ ရှိသည့်အတွက် အကျဉ်းကျခံနေရစဉ်အတွင်း ၎င်းတို့တွင် အကာအကွယ်များ ပိုမိုရှိစေရမည်ဟု အတည်ပြုထားသည်။ သို့သော်လည်း ဤဆုံးဖြတ်ချက်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများကို ရည်ညွှန်းဖော်ပြထားခြင်း မရှိပေ။ ဤအစီရင်ခံစာနှင့် အများဆုံးသက်ဆိုင်သော ဥပဒေ (စည်းမျဉ်း) ခြောက်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
- စည်းမျဉ်း ၅ – အမျိုးသမီးအကျဉ်းသူများ ထားရာနေရာ၌ အမျိုးသမီးတို့အတွက် သီးသန့်တစ်ကိုယ်ရည် သန့်ရှင်းရေးလိုအပ်ချက် ပြည့်မှီမည့် အထောက်အကူပစ္စည်းများ ရှိစေရမည်။ ၎င်းတွင် ရေပုံမှန်ဖြည့်တင်းပေး မှုနှင့် အမျိုးသမီးသုံးပစ္စည်းများကို အဖိုးအခလွတ် စီစဉ်ပေးမှုအပါအဝင်ဖြစ်သည်။
- စည်းမျဉ်း ၂၃ – အကျဉ်းသူအမျိုးသမီးများအတွက် စည်းကမ်းဆိုင်ရာ အရေးယူမှုများတွင် မိသားစုနှင့် အဆက်အသွယ် ဖြတ်ခြင်း၊ အထူးသဖြင့် ကလေးများနှင့် အဆက်အသွယ်ဖြတ်တောက်ခြင်း မပြုရ။
- စည်းမျဉ်း ၂၆ – အမျိုးသမီးအကျဉ်းသူများ၏ မိသားစု၊ ကလေးများ၊ ၎င်းကလေးများကို အုပ်ထိန်းသူများနှင့် ရှေ့နေ စသည်တို့နှင့် တွေ့ဆုံဆက်သွယ်မှုသည် အဆင်ပြေစွာ စီစဉ်ဆောင်ရွက်ပေးရမည်။ နေအိမ်နှင့် ဝေးရာအရပ်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများအတွက် ၎င်းတို့ကြုံတွေ့ရသည့် အဆင်မပြေမှုများ ကို ဖြေလျော့စေရန် သင့်တော်သောစီမံချက်များ ထားရှိရမည်။
- စည်းမျဉ်း ၂၉ – အမျိုးသမီးအကျဉ်းထောင်တွင် အလုပ်ခန့်ထားသည့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသည် အကျဉ်းသူများ လူမှုဘဝတွင်းပြန်လည်ဝင်ရောက်ရေး၊ လုံခြုံရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အထောက်အပံ့များ စီမံဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
- စည်းမျဉ်း ၃၃ (၁) – အကျဉ်းသူအမျိုးသမီးများနှင့် တွဲဖက်အလုပ်လုပ်ရန် တာဝန်ချထားခြင်းခံရသော ဝန်ထမ်းအားလုံး ကျားမဖြစ်တည်မှုဆိုင်ရာ သီးခြားလိုအပ်ချက်များနှင့် အကျဉ်းသူအမျိုးသမီးတို့၏ လူ့အခွင့်အရေးများနှင့်ဆက်နွယ်သော သင်တန်းကို တက်ရောက် ရောက်ရမည်ဖြစ်သည်။
- စည်းမျဉ်း ၄၆ – အကျဉ်းထောင်အာဏာပိုင်များ၊ ခြေချုပ်ဖြင့်လွှတ်ထားမှုများတွင်ပူပေါင်းဆောင်ရွက်ရသူများ (သို့မဟုတ်) လူမှု ဝန်ထမ်းရေးရာကိစ္စရပ်များလုပ်ဆောင်နေသူများ၊ ဒေသတွင်းလူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် အမျိုးသမီးများ၏သီးခြားလိုအပ်ချက်များကို ထည့်သွင်း ဆောင်ရွက်ထားသည့် မလွတ်မြောက်မီနှင့် လွတ်မြောက်ပြီးနောက် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ရောက်ရေးအတွက် ပြည့်စုံသည့်လုပ်ငန်းစဉ်များကို အစီအစဉ်ချမှတ် အကောင်အထည်ဖော် ရမည် ဖြစ်သည်။
အကျဉ်းသူ၊အကျဉ်းသားနှစ်မျိုးစလုံးအပေါ် ပြုမူဆက်ဆံမှုနှင့်ပတ်သက်သည့် နိုင်ငံတကာစည်းမျဉ်းများနှင့် မြန်မာနိုင်ငံ ဥပဒေပညာရပ်များတွင် အကျဉ်းသားများအား အကာအကွယ်ပေးရန် လိုအပ်ချက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေး၊ အမျိုးသမီးများနှင့် အကျဉ်းကျအမျိုးသမီးများအားလုံးအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုများမှ ကာကွယ်ရေးများကို ဖော်ပြထားပြီးဖြစ်သည်။ ၂၀၁ရ ခုနှစ်၊ အောက်တိုဘာလတွင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုအား တားဆီးကာကွယ်ရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဤဥပဒေကြမ်းသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်ပတ်သက်သည်များကို လေးနှစ်ကြာမျှရေးသားပြီးနောက် ပထမဆုံးအကြိမ် အဖြစ် တင်သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ လွှတ်တော်တွင်အတည်ပြုပြီးပါက ဤဥပဒေသည် အမျိုးသမီးများအား အိမ်၌လည်းကောင်း၊ လုပ်ငန်းခွင်၌လည်းကောင်း၊ ပြင်ပနေရာများ၌လည်းကောင်း နှောင့်ယှက်ကျူးလွန်မှုခံရခြင်းမှ အကာအကွယ်ပေးလိမ့်မည်ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ရေးကိစ္စ ယခုအထိတိုင် ပျက်ကွက်နေရခြင်း အကြောင်းအရင်းတစ်ခုမှာ မြန်မာ့ဥပဒေပြုကဏ္ဍနှင့် တရားရေးကဏ္ဍတွင် လုံလောက်သော ကိုယ်စားလှယ်မရှိသောကြောင့်ဖြစ်သည်။ ကိုယ်စားပြုမှုမလုံလောက်ခြင်းသည် အမျိုးသမီးများအနေဖြင့် တရားမျှတမှု ရရှိရေးနှင့် ၎င်းတို့အသံကိုကြားနိုင်စေရေးအတွက် အခက်အခဲဖြစ်စေသည်။ သို့သော်လည်း ယခုဥပဒေကြမ်းသည် အမျိုးသမီးများအပေါ် ကာကွယ်ရေးနှင့် အကျဉ်းသူများကဲ့သို့ လူမြင်ကွင်းမှပျောက်နေပြီး မတော်မတရားခံရမှုများကို ရင်ဆိုင်နေရသည့် အမျိုးသမီးများကို အာရုံစိုက်လာစေရေးအတွက် ပထမအဆင့်ခြေလှမ်းဖြစ်ပေသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း၌ အကျဉ်းထောင်စံနှုန်းများနှင့် အကျဉ်းသားများ၏လူမှုဘဝဖူလုံရေးများ တိုးတက်လာစေ ရန် ရည်ရွယ်ရေးဆွဲထားသော အကျဉ်းထောင်ဥပဒေကြမ်းတစ်ခုရှိသည်။ ဤအကျဉ်းထောင်ဥပဒေကြမ်းသည် ဆိုးရွားသောချိုးဖောက်နေမှုများကို ကိုင်တွယ် ဖြေရှင်းရေးအတွက် ကြိုးပမ်းထားသော်လည်း အကျဉ်းထောင်များကို နိုင်ငံတကာစံချိန်စံနှုန်းမီအောင် မြှင့်တင်ရေးနှင့် အကျဉ်းသူမိန်းမသားများနှင့် ထောင်ကျလူငယ်လူရွယ်များကဲ့သို့သော ခုခံနိုင်စွမ်းအားနည်းသောသူများကို အကာအကွယ်ပေးရေးတို့မှာ အကြီးအကျယ် အားနည်းလျက်ရှိသည်။ မြန်မာနိုင်ငံ တွင် အကျဉ်းထောင်ဥပဒေကို ပြန်လည်ပြုပြင်သင့်သည်မှာ အချိန်ကာလကြာပြီဖြစ်သည်။ သို့သော် နိုင်ငံရေး အခြေအနေများအရ ဤအရေးကိစ္စကို နောက်တန်းသို့ ဆက်လက်ပို့နေဆဲဖြစ်သည်။ လုပ်ဆောင်နိုင်စွမ်းရှိ သည့်နေရာများတွင် အမျိုးသမီးကိုယ်စားလှယ်နည်းပါးခြင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမျိုးသားကြီးစိုးသည့် လူမှုအလေ့အထစံများ လွှမ်းမိုးနေခြင်းကလည်း အမျိုးသမီးများ၏ လိုအပ်ချက်ကို ရှေးရှုကိုင်တွယ်မည့် ပြုပြင် ပြောင်းလဲရေးများကို ဟန့်တားနေလျက်ရှိသည်။ ဤဥပဒေမူကြမ်းတွင် ကျင်္ား၊မမတူကွဲပြားချက် စုစုပေါင်းသုံးကြိမ်ပါဝင် သည်။ အခန်း ၂၂ (ဃ)တွင် အမျိုးသမီး(အကျဉ်းသူ)များကို စစ်ဆေးရှာဖွေရာ၌ ဝန်ထမ်းအမျိုးသမီးများကသာ ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။ အခန်း ၂၄ (က) အမျိုးသမီး၊ အမျိုးသား နေရာခွဲခြားချထားရန်နှင့် အခန်း ၄၂ (ဂ) တွင် ကျားမမတူကွဲပြားမှုကိုအခြေခံ၍ ခွဲခြားဆက်ဆံခြင်းမပြုရန်ဟု ဖော်ပြထားသည်။ နိုင်ငံတကာဥပဒေပြဌာန်းမှု တွင် အမျိုးသမီးများ၏ လိုအပ်ချက်များကို ထင်ထင်ရှားရှားထည့်သွင်းဖော်ပြထားသော်လည်း အကျဉ်းထောင် ဥပဒေမူကြမ်းတွင် အမျိုးသမီးတို့၏သီးသန့်လိုအပ်ချက်အတွက် ဖော်ပြထည့်သွင်းထားမှုနှင့် အသိအမှတ်ပြုမှု မပါဝင်ပေ။ ထို့ပြင်ဤဥပဒေကြမ်းတွင် အကျဉ်းထောင်အတွင်း လူဦးရေထူထပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လိုအပ်သော ကြီးကြပ်ကွပ်ကဲမှု၊ အစီရင်ခံမှုယန္တရား စသည့် အကျဉ်းသူ၊ အကျဉ်းသားများကို ပုံစံတူအကာအကွယ်ပေးမည့် အရေးကိစ္စများကို လုံလောက်စွာထည့်သွင်းပြဆိုထားခြင်းမရှိပေ။
အကျဉ်းသူများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ
ရာဇဝတ်အကျဉ်းသူများနှင့် နိုင်ငံရေးအကျဉ်းသူများအကြားတွင် မြောက်မြားလှစွာသော စိန်ခေါ်မှုများကို မျှဝေခံစား ကြရသည်။ အောက်တွင် နိုင်ငံရေးအကျဉ်းသူများ၏ အတွေ့အကြုံများကိုသာ မှတ်တမ်းတင်ထားလင့်ကစား ရာဇဝတ် အကျဉ်းသူနှင့် နိုင်ငံရေးအကျဉ်းသူ နှစ်မျိုးစလုံး၏ အခြေအနေဆိုင်ရာများ အသွင်သဏ္ဍာန်တူမှုကြောင့် ဤကဏ္ဍတွင် ခွဲခွဲခြားခြားဖော်ပြခြင်းမပြုဘဲ အားလုံးသောရည်ညွှန်းချက်များသည် အကျဉ်းသူအမျိုးအစားနှစ်မျိုးစလုံးကို ရည်ရွယ် ပြောဆိုခြင်းဖြစ်သည်။ အကျဉ်းသူများ ရင်ဆိုင်နေရသည့် အကြီးမားဆုံးသော စိန်ခေါ်မှု သုံးမျိုးမှာ ရုပ်ပိုင်းဆိုင်ရာ အရ ခုခံနိုင်စွမ်းအားနည်းခြင်း၊ မိသားစုတာဝန်ဝတ္တရားများနှင့် နောက်ပိုင်းတွင် ၎င်းတို့ လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်လည် ဝင်ရောက်ရေးဖြစ်သည်။ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအနေဖြင့် အကြီးမားဆုံးရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ အစိုးရ၏ နိုင်ငံရေးအကျဉ်းသားမရှိဟူ၍ ဆက်လက်ငြင်းပယ်နေမှုပင် ဖြစ်သည်။
“၂၀၀၉ ခုနှစ်တွင် အပူလှိုင်းဖြတ်ခဲ့သောကြောင့် အမျိုးသမီးအကျဉ်းသူများ တစ်ပတ်အတွင်း သုံးယောက်၊ လေးယောက် ဆုံးပါးသွားခဲ့သည်။ ထောင်ပိတ်ချိန်အတွင်းဆုံးပါးပါက အပြင်သို့ ထုတ်ခွင့်မရ၍ မိမိ၏တိုက်နှင့် အလှမ်း မဝေးလှသောနေရာတွင် လာရောက်ထားရှိခဲ့သည့် အဖြစ်မျိုး နှင့်လည်း ဖြတ်သန်းခဲ့ဖူးသည်။ ထိုသို့ အသက် ဆုံးရှုံးရ ခြင်းကို လေ့လာပါက ထောင်တွင်းဆေးကုသမှု အင်မတန် ညံ့ဖျင်းခြင်း၊ ဆေးဝါး လုံလုံလောက်လောက် မရှိခြင်း၊ ထောင်ကျအကျဉ်းသူများအား လူသားတစ်ဦးကဲ့သို့ ဆက်ဆံမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်”
- မသက်သက်အောင်၊ နိုင်ငံရေးအကျဉ်းသူ (၂၀၀ရ – ၂၀၁၂)
တရားစီရင်ရေးစနစ်ကြောင့် တရားရင်ဆိုင်ခြင်း၊ အမိန့်ချခြင်းနှင့် ထောင်ကျကာလ စသည့်ကဏ္ဍတိုင်းတွင် အကျဉ်းသူ အမျိုးသမီးများမှာ ၎င်းတို့နှင့်ဘဝတူ အမျိုးသားအကျဉ်းသားများထက် ပို၍ခုခံနိုင်စွမ်းနည်းပါးသော အခြေအနေတွင် ရှိခဲ့ကြသည်။ ရုံးတင်စစ်ဆေးခြင်းမပြုမီ ထိန်းသိမ်းခံထားရစဉ်တွင်လည်းကောင်း၊ နောက်ပိုင်း ထောင်ချခံထားရစဉ်တွင် လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုများနှင့် ပတ်သက်သော အစီရင်ခံ တင်ပြမှုများမှာ အမျိုးသမီးများအတွက် သီးသန့်တမူထူးနေသည်မဟုတ်သော်လည်း အမျိုးသားကြီးစိုးသော အဖွဲ့အစည်းအတွင်း လုပ်ကိုင်နေကြရသည့် အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းသူများ အကြား လုပ်ပိုင်ခွင့် အာဏာ အလွန်အမင်းခြားနားမှုများကြောင့် ထိုသို့သောမဖွယ်မရာပြုမှုများမှာ ထောင်ကျ အကျဉ်းသူများနှင့် အမိန့် မချရသေးသော အကျဉ်းသူများ နှစ်မျိုးစလုံးအား စနစ်တကျဖိနှိပ်ချုပ်ခြယ်ခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း အာဏာ ခွဲဝေမှု မမျှတခြင်းဆိုင်ရာ ပိုမို ကျယ်ပြန့်သော ပြဿနာကို ပြဆိုရာရောက်သည်။ ရုံးတင်စီရင်ချက်မချမီ အချုပ် ကာလအတွင်း၌ အမျိုးသမီးတို့မှာ သိနားလည်သူတို့နှင့် တိုင်ပင်ခွင့်ရလေ့မရှိသဖြင့် ၎င်းတို့မှာလွတ်လပ်မှုနှင့် ထောင်သွင်းအကျဉ်းချခံထားရမှုအကြား အကာအကွယ်မဲ့သည့် မရေမရာသော အခြေအနေတွင် ကျရောက်နေကြရ သည်။ ထို့ကြောင့် ၎င်းတို့ချုပ်နှောင်ခံရပြီဆိုလျှင် အမှန်တကယ် လက်တွေ့ ခံစားရသော မတော်မတရားမှုဖြင့် လည်းကောင်း၊ နောင်တွင် မတော်မတရားခံရရန် ခြိမ်းခြောက်မှုများအားဖြင့် လည်းကောင်း၊ ၎င်းတို့၏ကာယကံမြောက် လုံခြုံရေးမှာ အကြီးအကျယ်လက်လွှတ်ဆုံးရှုံးသွားရသည်။ အမျိုးသမီးတို့သည် အလိုအလျောက်ပင် အမျိုးသားများ ထက် ပို၍ခုခံနိုင်စွမ်းနည်းကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမျိုးသားများအတွက် အထူးတလည် ဖန်တီးထားသော အဖွဲ့အစည်းများထဲတွင် ချုပ်နှောင်ခံနေရသောကြောင့်ဖြစ်သည်။
စိတ်ကြိုက်ဖမ်းဆီးချုပ်နှောင်မှုကို ဆန့်ကျင်သည့်ပြဌာန်းချက်များ (ICCPR အပိုဒ် ၉) သတ်မှတ်ထားသော်လည်း ရုံးတင်စစ်ဆေးမှု ခံနေရဆဲသူများအဖို့မူ ထိုသို့သောအဖြစ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ရိုးဖြစ်စဉ် တစ်ရပ်ဖြစ်လာခဲ့သည်။ အမှုစစ်ဆေးစီရင်ပြီး အမိန့်ချမှတ်ပြီးသောအခါတွင် ခုခံနိုင်မှုအားနည်းခြင်းများက ဆက်၍ ဖြစ်လာသည်။ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ၏ အင်တာဗျူးများတွင် ၎င်းတို့ကို သေဒဏ်ကျ ရာဇဝတ် အကျဉ်းသူ များနှင့်အတူ တိုက်ခန်းများတွင် ထိန်းသိမ်းခံရသည်ဟု ဆိုထားရာ ယင်းမှာ SMR 8 (ကုလသမဂ္ဂမှ ချမှတ် ထားသည့် အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်း) ကို တိုက်ရိုက်ချိုးဖောက်ခြင်း ဖြစ်ပေ သည်။ ထို့ပြင် တွေ့ဆုံမေးမြန်းထားသော အမျိုးသမီးတို့က များစွာသောဝန်ထမ်းများမှာ လေ့ကျင့်သင်ထား ခံထားရသူများ မဟုတ်ကြ ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်ဖြစ်ရာ ထိုသို့သောဖြစ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုသို့ ဦးတည် သွားခြင်းဖြစ်သလို နိုင်ငံတကာစံနှုန်းများ (ဘန်ကောက်စည်းမျဉ်း ၂၉) ကို တိုက်ရိုက် ချိုးဖောက်ခြင်းလည်းဖြစ်သည်။ ထိုမျှမက ကျယ်ပြန့်သော အကျင့်ပျက်ခြစားမှုနှင့် တိုင်ကြားသတင်းပို့သည့် လုပ်ထုံး လုပ်နည်းကင်းမဲ့နေခြင်းက အကျဉ်းသူများအဖို့ ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရပါက တိုင်ကြားစရာနေရာ မရှိသည့် အဖြစ်သို့ ရောက်စေသည်။ ဤအချက်သည် အကျဉ်းသူအကျဉ်းသားနှစ်မျိုးစလုံးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း အကျဉ်းထောင်ဥပဒေကြမ်းတွင် ဤအချက်ကို ဦးတည်ကိုင်တွယ်မည့် အစီအစဉ်လုံးဝ မပါရှိ၍ မတော်မတရားပြုမူမှုကို အကန့်အသတ်မရှိခွင့်ပြုထားဦးမည့် သဘောဖြစ်သည်။ ကျွန်ုပ်တို့၏ လူတွေ့မေးမြန်းမှုများက နိုင်ငံရေး အကျဉ်းသူများ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရမှုများကို ဖွင့်ချပြထားပြီး အတိတ်ကထောင်သွင်း အကျဉ်းချခံထားရစဉ်အတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့်ပတ်သက်သော အစီရင်ခံမှုများကို AAPP က ရရှိထားသည်။ ရာဇဝတ် အကျဉ်းသား၊ အကျဉ်းသူများအဖို့လည်း ဤအဖြစ်သည် အမှန်တကယ်ကြုံတွေ့ရသည့် အခြေအနေဖြစ်သည်။ ရာဇဝတ်အကျဉ်းသူများမှာ အမြဲတစေ ထောင်ဝန်ထမ်းများ၏ ပြောဆိုပြစ်တင်မှုများခံရ၍ နိုင်ငံရေးအကျဉ်းသူများထံ အကြိမ်ကြိမ် အကူအညီတောင်းခံလာခဲ့ကြသည်ဟု အင်တာဗျူးများတွင် ပြောကြသည်။ ဤစနစ်အတွင်း ၎င်းတို့အပေါ် တရားမျှတမှုမရှိခြင်းများ ရှိနေလင့်ကစား အမှီအခိုကင်းမှုနှင့် ဆုံးဖြတ်ချက်ချမှု အလေ့အကျင့်တွင် နိုင်ငံရေး အကျဉ်းသူများ၏ အနေအထားကို သရုပ်ပြနေခြင်းပင်ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် ပူပန်ရသည့်အပြင် အကျဉ်းထောင်စနစ်၏ အမျိုးသားဗဟိုပြုသဘာဝကြောင့် အမျိုးသမီးတို့မှာ အကာအကွယ်မဲ့အားနည်းမှုများနှင့် ရင်ဆိုင်ကြရသည်။ မြန်မာနိုင်ငံအကျဉ်းထောင် စနစ်တွင် ထောင်သားအားလုံးအတွက် နေမှုထိုင်မှုနှင့်သက်ဆိုင်သော အထောက်အပံ့ ညံ့ဖျင်းမှုများမှာ အမှန်တရား တစ်ခု ဖြစ်နေစဉ် အမျိုးသမီးများအတွက် အိမ်သာများမှာ အဆင်မပြေခြင်း၊ ခေါင်းလျှော်ရန် ရေမလုံလောက်ခြင်း၊ ဓမ္မတာ လာချိန်တွင်အသုံးပြုရမည့် သန့်ရှင်းရေးပစ္စည်းစီစဉ်ပေးမှု လုံးဝမရှိခြင်းတို့ကြောင့် ၎င်းတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ ကြီးစွာသောစိုးရိမ်ပူပန်စရာ ဖြစ်လာရသည်ဟု တွေ့ဆုံမေးမြန်းခံရသူများက ဖြေကြားခဲ့ကြသည်။ အမျိုးသမီးများ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သင့်တင့်လျောက်ပတ်သော အခြေခံလိုအပ်ချက်များ မပေးဘဲ ပိတ်ပင်ငြင်းပယ်ထားခြင်းမှာ ဘန်ကောက်စည်းမျဉ်း အမှတ် ၅ ကို ချိုးဖောက်မှုဖြစ်၍ မဆိုင်းမတွ အလေးထား ကိုင်တွယ်ရပေမည်။
“အဆိုးဆုံး စိန်ခေါ်မှုမှာ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဆေးပညာ လောက၊ ဆရာဝန်တို့၏ ကျင့်ဝတ်များနှင့် မညီသော၊ အဆင့်မမှီသော ပေါ့ဆမှုများ၊ များသောအားဖြင့် လျစ်လျူရှုမှုများ ဖြစ်သည်”
- ဒေါက်တာဒေါ်တိုးတိုးတင်၊ နိုင်ငံရေးအကျဉ်းသား (၁၉၈၉ – ၁၉၉၂)
များစွာသော အမျိုးသမီးအကျဉ်းသူများသေဆုံးရခြင်းမှာ မလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆရာဝန် နှင့်ကုသခွင့် မရနိုင်သောကြောင့်ဖြစ်ကြောင်း ပြောကြားကြသည်။ နိုင်ငံရေးအကျဉ်းသားဟူသော အနေအထားကြောင့် နိုင်ငံရေးအကျဉ်းသူတို့အနေဖြင့် ထောင်ပြင်ပတွင် ဆေးဝါးကုသခွင့် တောင်းခံမှုမှာ ငြင်းပယ်ခံရသည်။ ယင်းမှာ ICCPR, SMRs နှင့် ဘန်ကောက်စည်းမျဉ်းများကို ဆန့်ကျင်ဖောက်ဖျက်ခြင်းဖြစ်သည်။ မည်သို့ဆိုစေ အမှီအခိုကင်းပြီး ရွေးချယ်နိုင်သည့်စွမ်းရည်ရှိသော အမျိုးသမီးများလည်းရှိရာ ဆိုးဝါးသော ဆေးဝါးကုသမှုကို မီဒီယာများသို့ သတင်း ပေးပြီး လိုအပ်သောဆေးဝါးကုသမှုကို ရရှိစေရမည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ၎င်းအနေဖြင့် နောက်ပိုင်းတွင် ဆေးကုသမှုခံယူခွင့်ရရှိခဲ့ကြောင်း အမျိုးသမီးတစ်ဦးက အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
အကျဉ်းသူများအနေဖြင့် ပြင်ပဆေးကုသမှုခံယူရန် အမြဲတမ်းလိုအပ်နေရခြင်းမှာ မြန်မာနိုင်ငံမှ ထောင်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေး စံနှုန်းများ ညံ့ဖျင်းသောကြောင့်ဖြစ်သည်။ အညစ်အကြေးစွန့်ရာနေရာနှင့် တိုက်ခန်းမှာ တစ်နေရာတည်းဖြစ်ရာ ယင်းမှာ အကျဉ်းထောင်များတွင် များစွာသောမသန့်ရှင်းမှုများကို ဖြစ်ပေါ်စေပြီး ကူးစက် တတ်သောရောဂါများကို ပိုမိုကျယ်ပြန့်စွာ ကူးစက်စေခြင်းများ ဖြစ်စေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ ထောင်ကျန်းမာရေးမှာ လူထုကျန်းမာရေးကိစ္စတစ်ခုဖြစ်၍ SMRs ၁၉ နှင့် ၂၆ ပြဌာန်းချက် များနှင့်အညီ ပြည့်မီစွာ ကိုင်တွယ်ရမည်ဖြစ်သည်။
“ထောင်တွင်းစစ်ကြောရေးကာလပတ်လုံး ကောင်းစွာအိပ်စက်ခွင့် မရရှိဘဲ နေ့ရော ညပါ စစ်ကြောခြင်း ခံခဲ့ရတယ်၊ မအချုပ်တိုက်သို့ ပို့ပြီးသည့် နောက်ပိုင်းတွင်လည်း သုံးလကျော်ခန့် မိသားစုနှင့်တွေ့ခွင့်မရဘဲ ကြပ်တည်းစွာနေထိုင် စားသောက်ခဲ့ရတယ်”
- မသိဂီ င်္ဦး၊ နိုင်ငံရေးအကျဉ်းသား (၂၀၀၈ – ၂၀၁၁)
မြောက်မြားစွာသော အမျိုးသမီးများ၏ မိသားစုတာဝန်ဝတ္တရားများနှင့်၊ မိသားစုထောင်ဝင်စာငြင်းပယ်ခြင်းကို ပြစ်ဒဏ် ချမှတ်မှု ပုံစံ တစ်မျိုးအဖြစ် အသုံးပြုခြင်းမှာ အမျိုးသမီးတို့အား ထောင်တွင်းနေစဉ်အတွင်း ကြီးမားလှစွာ သောဖိအားအောက်သို့ ကျရောက်စေသည်။ များစွာသော ထောင်ကျအမျိုးသမီးများမှာ အဖမ်းခံရချိန်တွင် သားသည် မိခင်များဖြစ်ကြ၍ စီရင်ချက်ချချိန်တွင် ၎င်းတို့၏ မိသားစုများနှင့် ပုံမှန် တွေ့နိုင်ခဲ့ကြသည် မဟုတ်ပေ။ နိုင်ငံရေး အကျဉ်းသားများအဖို့ မြန်မာနိုင်ငံ၌ ၎င်းတို့အား ထောင်ဝင်စာအတွေ့မစိပ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်းတို့၏ ဇာတိ ပြည်နယ် သို့မဟုတ် တိုင်းဒေသတို့မှ ဝေးရာအရပ်သို့ ပို့ဆောင်ပစ်သည့် ကျင့်စဉ်ကို လုပ်ရိုးလုပ်စဉ်အဖြစ် ကျင့်သုံး နေခဲ့သည်။ ဘန်ကောက်စည်းမျဉ်း အပိုဒ် ၂၆ တွင် အမျိုးသမီးများအား မလိုအပ်ဘဲ မိသားစုနှင့် ဝေးရာအရပ်သို့ ပြစ်ဒဏ်တစ်ရပ် အဖြစ် ပို့ဆောင်ခြင်းကို တားမြစ်ထားသည်။ ထို့ပြင် မိသားစုထောင်ဝင်စာတွေ့ခွင့်မပေးခြင်းသည် ပြစ်ဒဏ်ခတ်ခြင်းနှင့် ဖိစီးနှိပ်စက်သည့် ပုံစံဖြစ်သောကြောင့် ဤသို့ထောင်ဝင်စာပေးမတွေ့ခြင်းမှာ ဘန်ကောက် စည်းမျဉ်းအပိုဒ် ၂၃ အရ ဥပဒေနှင့် မညီပေ။ သို့ဖြစ်သည့်တိုင် ဤ အလေ့အထကို ဆက်လက်ကျင့်သုံးနေပေသည်။
“ကျမတို့ကို စာဖတ်ခွင့်မပေးတာကြောင့် အရင်က ကျမတို့ဖတ်ခဲ့ရတဲ့စာအုပ်တွေအကြောင်း အချင်းချင်း ဝေမျှ ပြောဆိုကြတယ်၊ သီချင်းတွေဆိုကြတယ်၊ စစ်တုရင်ထိုးကြတယ် ပြီးတော့ တရားထိုင်ကြတယ်”
- မမေမေသန်း၊ နိုင်ငံရေးအကျဉ်းသား (၁၉၉ဝ – ၁၉၉၂)
နိုင်ငံတကာဥပဒေက အကျဉ်းထောင်သည် အကျဉ်းသားများအတွက် လူမှုရေးဆိုင်ရာ ပြန်လည်ထူထောင်ရေးကို အထောက်အပံ့ပေးသော စနစ်ဖြစ်သင့်သည်ဟု (ICCPR အပိုဒ် ၁၀) အသေအချာ ဆိုထားစေကာမူ မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ အကျဉ်းသူများ အကျဉ်းခံပြီးနောက် အလုပ်ရရန် ကူညီမည့်အစီအစဉ်ကင်းမဲ့ခြင်းနှင့် ထောင်ကျ နေစဉ်အတွင်း ပညာသင်ကြားရေးဆိုင်ရာကိရိယာများ ယခင်ကတည်းကမရှိခြင်းသည် မျိုးဆက် တစ်ဆက်စာမျှသော အကျဉ်းသားဟောင်းများမှာ ဆက်လက်ပညာသင်ကြားရေးနှင့် ဝင်ငွေရသည့် အလုပ်အကိုင်များ ရရှိရေးအတွက် မတတ်နိုင်သည့်အဖြစ်သို့ ရောက်ရခြင်းတို့ကြောင့် အထက်ပါပြဌာန်းချက်နှင့် မြန်မာနိုင်ငံ အကျဉ်းထောင်တွင်း အခြေအနေတို့မှာ တိုက်ရိုက်အားဖြင့် ကွဲလွဲဆန့်ကျင်လျက်ရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းတွင် နိုင်ငံရေး အမည်းစက်ပါနေသောကြောင့် အလုပ်အကိုင်ရရှိရေးတွင် အခက်အခဲများရှိနေဆဲဖြစ်သည်ဟု များစွာသော အင်တာဗျူးခံရသူများက ဆိုထားသည်။ သို့သော်လည်း နိုဝင်ဘာ ၂၀၁ရ ခုနှစ်တွင် မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးထားခဲ့သည့် စီးပွားရေး၊ လူမှုရေးနှင့်၊ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် (ICESCR) အပိုဒ် ၁ဝ တွင် အလုပ်လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးထားသည်။ ထို့ကြောင့် အကျဉ်းသားဟောင်းများ အလုပ်အကိုင်ရရှိရေးကို အာမခံပေးရေးသည် အစိုးရ၏တာဝန်ဝတ္တရားတစ်ခုအဖြစ် သက်ရောက်ပေသည်။ အကြောင်းမှာ အခြေခံမူ အမှတ် ၅ တွင် ရေးဆွဲသတ်မှတ်ထားသကဲ့သို့ အမှန်တကယ် ပြစ်မှုကျူးလွန်ထားသည့် အကျဉ်းသားများဖြစ်နေစေကာမူ အကျဉ်းသားများ (အထူးသဖြင့် တစ်နေ့တွင် ထောင်မှ လွတ်မည့်သူများ) တွင် နိုင်ငံတကာ စာချုပ်စာတမ်းများအရ အခွင့်အရေးအားလုံး ရပိုင်ခွင့်ရှိသည်ဟူ၍ အကာအကွယ် ပေးထားသည်။ အလုပ်လုပ်ပိုင်ခွင့်မှာ ကန့်သတ်ခံရမည့် အခွင့်အရေးများထဲမှ တစ်ခုမဟုတ်ပေ။ ထို့ကြောင့် ဤအရေးကို မျက်နှာစာနှစ်ခုထား၍ တိုက်ဖျက်ချေမှုန်းရမည်မှာ အစိုးရ၏ တာဝန် ဝတ္တရားတစ်ခု ဖြစ်သည်။ ပထမ မျက်နှာစာမှာ အကျဉ်းသားဟောင်းများ အလုပ်အကိုင်ရရှိရေးအပေါ် ဗဟိုပြုသောအစီအစဉ်များ စီမံ လုပ်ဆောင်ရန် ဖြစ်၍ ဒုတိယမျက်နှာစာမှာ အကျဉ်းသူများ ရင်ဆိုင်နေရဆဲ စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကို အထူး အာရုံ စိုက်လျှက် ရာဇဝတ်မှုနှင့် နိုင်ငံရေးအကျဉ်းသားများအား အလုပ်အကိုင်ရရှိရေးတွင် နက်နဲစွာစွဲကပ်နေသော အမည်းစက် များကို လျော့ပါးသက်သာ စေမည့် လူမှုအသိုက်အဝန်းဆိုင်ရာသင်တန်းများ စီစဉ်ရန်ဖြစ်သည်။
လက်ရှိအကျဉ်းသား၊ အကျဉ်းသူတို့တွင် ပိုမိုကောင်းမွန်သော ပညာရေးနှင့် ပညာရေးဆိုင်ရာအထောက်အပံ့များ ရရှိ လျက်ရှိသည်။ (၎င်းတို့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေနိုင်ကြသည်၊ ကျောင်းတက်ခွင့်ရကြသည်) သို့သော် ဤအခြေအနေမှာ ပုံမှန်ဖြစ်နေကြ မဟုတ်ပေ။ အတိတ်ကာလ၌ အကျဉ်းထောင်တို့ကို နိုင်ငံတကာစံနှင့်အညီ ထိန်းသိမ်းရန်ပျက်ကွက်ခဲ့မှုကြောင့် အများဆုံးထိခိုက်ခံစားခဲ့ရသူများအား နောက် ကြောင်းပြန်အကျိုးသက်ရောက်မှု ရှိရှိ ကူညီရန် လက်ရှိတွင် အပြုသဘောဆောင်သောတာဝန်တစ်ခု အစိုးရထံ၌ ရှိလာပေသည်။ ပညာရေးဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းရရှိရေး ကင်းမဲ့မှု နည်းလမ်းကြောင်းတစ်ခုမှာ စာဖတ်ခြင်းကို ပိတ်ပင်ထားမှုဖြစ်သည်ဟူ၍ မေးဖြေခန်း တွင် ဖြေဆိုသူတို့က ဖြေကြားထားကြသည်။ အမျိုးသမီးများ သတင်းအချက်အလက်များရရှိနိုင်သည့် တစ်ခုတည်း သောနည်းလမ်းမှာ ထောင်မှတားမြစ်ပိတ်ပင်ထားသည့် ပစ္စည်းများမှ တစ်ဆင့်သာ ဖြစ်သည့်အတွက် စာအုပ်များမှာ တားမြစ်ပစ္စည်းများ ဖြစ်နေခဲ့သည်။ ဤအခြေအနေသည် အကျဉ်းသူများ ရရှိနိုင်သော အခွင့်အလမ်း ရင်းမြစ်မျိုးစုံကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ၎င်းရင်းမြစ်များမှာ ဆန်းစစ် ဝေဖန်အကဲဖတ်တတ်မှုစွမ်းရည်ကို ချဲ့ထွင်နိုင်ပြီး ၎င်းတို့ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်ပေးမည်ဖြစ်သလို ၎င်းတို့ ဆက်လက် ပညာသင်ကြားရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အတွက်ပါ အသင့်ဖြစ်နေစေလိမ့်မည်ဖြစ်သည်။ အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် လူမှုအသိုင်းအဝိုင်းနှင့် ပြန်လည်ပေါင်းစည်းရာတွင် စွမ်းပကားရှိသော အမျိုးသမီးများအဖြစ် ပြင်ဆင်ပေးရန် ကူညီမည့် ရည်ရွယ်ချက်လုံးဝမရှိကြောင်းကို စာပေလေ့လာခွင့်တားမြစ်ခြင်း အားဖြင့် မြန်မာ့အကျဉ်းထောင်စနစ်က ပြဆိုနေပါသည်။ ထို့ကြောင့်ပင် ဤဆုံးဖြတ်ချက်၏ ရလဒ်အနေဖြင့် ထောင်ကျ ပြစ်ဒဏ် ကုန်ဆုံးချိန်၌ အမျိုးသမီးများက ဘဝတူအမျိုးသားများထက် ပညာရေးနှင့် အသက်မွေးမှုဆိုင်ရာ အခွင့်အလမ်းများရရှိရေးနယ်ပယ်တွင် ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ကြရပေသည်။ မေးမြန်းဖြေဆိုမှုတွင် ပါဝင်သည့် အမျိုးသမီးတို့က အလုပ်အကိုင်ရှာဖွေရခက်ခဲခြင်းမှာ ၎င်းတို့၏ အညွှန့်ချိုးခံပညာရေးနှင့် ကာလရှည် ထောင်ကျခဲ့ခြင်းကြောင့်ဟူ၍ မှတ်ယူ ကြောင်း ပြောကြားထားကြသည်။
“မြန်မာလူမှုပတ်ဝန်းကျင်တွင် ထောင်ထွက်များအပေါ် ရွံ့ကြောက်သော သဘောဆန္ဒများ ရှိသည့်အတွက် အမျိုးသမီး တစ်ယောက်၊ ထောင်ထွက်တစ်ယောက်အနေဖြင့် ပတ်ဝန်းကျင်၏ အမြင်၊ အကြည့်၊ အပြောအဆိုများကို ရင်ဆိုင်ဖြတ်ကျော်ရခြင်းသည်ပင် နေ့စဉ်ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ဖြစ်သည်။ ကျမရဲ့ ဘဝဟာ တက္ကသိုလ် ကျောင်းသူဘဝကနေ လူတွေရှောင်ကျဉ်ခံရတဲ့ဘဝကို ပြောင်းခဲ့ရပါတယ်”
မမေမေသန်း၊ နိုင်ငံရေးအကျဉ်းသား (၁၉၉ဝ – ၁၉၉၂)
အကျဉ်းသူတို့သည် ထောင်ဒဏ်မှ လွတ်ပြီးနောက် လူ့အသိုင်းအဝိုင်းတွင်း ရှောင်ဖယ်ခံရသောအဖြစ်သို့ ရောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း မရရှိကြပေ။ အကယ်၍ အကျဉ်းထောင်စနစ်သည် ဘန်ကောက်စည်းမျဉ်း အပိုဒ် ၄၅ အတိုင်းလိုက်နာ၍ ပြန်လည်ထူထောင်ရေးဖြင့် ကူညီထောက်ပံ့ရန် ပြည့်စုံလုံလောက်သော ပြင်ပ အစီအစဉ်များ ဖန်တီးထားခဲ့လျှင်ဖြစ်စေ၊ ထိုနည်းတူပင် အပြစ်ပေးအရေးယူခြင်းထက် လူမှုဘဝ ပြန်လည် ထူထောင်ရေးဖြင့် ကူညီနိုင်ရန် အကျဉ်းထောင်စနစ်ကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့လျှင်ဖြစ်စေ အထက်ဖော်ပြပါ အခြေအနေဆိုးကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အပြစ်ပေးရေးကိုသာ အာရုံစိုက်မှုကြောင့် အမျိုးသမီးများမှာ ထောင်မှ လွတ်ပြီးနောက် ၎င်းတို့မိသားစုများ၏ စားဝတ်နေရေးအတွက် ကြည့်ရှုစောင့်ရှောက်ပေးရန် အခက်အခဲများကို ရင်ဆိုင်ကြရပြီး ဘဝကိုခက်ခဲစွာရင်ဆိုင်နေကြရသည်။ ထောင်မကျမီက အမျိုးသမီးများမှာ လုပ်ငန်းပိုင်ရှင်၊ ဝန်ထမ်း စသဖြင့် အလုပ်အကိုင်များ ရှိခဲ့ကြသော်လည်း ထောင်သွင်းအကျဉ်းချခံရမှုကြောင့် မူလအလုပ်အကိုင်များ ပြန်ရရေးကို မဖြစ်နိုင်သလောက် အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ၎င်းတို့နှင့် ၎င်းတို့၏မိသားစုများအတွက် ငွေကြေးနှင့်ဆေးဝါးအထောက်အပံ့များ စီစဉ်ပေးခြင်းတို့ဖြင့် ကူညီခဲ့သည် ဟူ၍လည်း အင်တာဗျူးတွင် ဖြေကြား ထားကြသည်။ ထိုမျှမက လွတ်လွတ်လပ်လပ်နှင့် ဆုံးဖြတ်ချက် ချမှတ်လေ့ရှိသော အမျိုးသမီးများပင်လျှင် ၎င်းတို့၏ နေရာတွင် အောင်မြင်မှု မရခဲ့လျှင်တောင်မှ အခြားသူများအတွက် မတရားမှုကို ကျော်လွှားနိုင်ရန် ကူညီနေဆဲ ဖြစ်သည့်အပြင် အဆင်မပြေသည့်နေရာတစ်ခုသို့ ပြောင်းရွှေ့နေရမှုများအပေါ် ထိုသူတို့ကိုယ်စား ရပ်တည်စည်းရုံးမှု များ လုပ်နိုင်နေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူတစ်ဦးက ဖြေကြားခဲ့ပါသည်။
“ဒီနေ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုဟာ နိုင်ငံရေး အကျဉ်းသား ရှိနေမှုကို လက်ရှိအစိုးရက ဆက်လက်ငြင်းဆိုနေခြင်းပဲဖြစ်ပါတယ်”
- မသက်သက်အောင်၊ နိုင်ငံရေးအကျဉ်းသား (၂၀၀ရ – ၂၀၁၂)
နိုင်ငံရေးအကျဉ်းသူများအနေဖြင့် များစွာသော စိန်ခေါ်မှုများ ရင်ဆိုင်ဝေမျှနေကြစေကာမူ ဤအမျိုးသမီးထု ရင်ဆိုင် နေရသော အကြီးမားဆုံး ကိစ္စရပ်သည် မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားမရှိဟူသော အချက်ပင်ဖြစ် သည်။ သို့သော်လည်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတို့သည် ၎င်းတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ရာဇဝတ် အကျဉ်းသားများအတွက်လည်းကောင်း ကူညီမှုများပြုလုပ်နိုင်ရန် အမှီအခိုကင်းသော လွတ်လပ်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုတို့တွင် စိတ်ဓာတ်ရေးရာအရ မြှင့်တင်ထားလျက်ရှိကြသည်။ ဤအကျဉ်းထောင်စနစ်ထဲရှိ အစုတစ်စုဖြစ်သော အမျိုးသမီးအကျဉ်းသူတို့သည် အသံတိတ်နေကြသည်မဟုတ် ၎င်းတို့သည် နှုတ်ဆိတ်နေသည့် သားကောင်များ မဟုတ်ကြချေ။
“ရာဇဝတ်အကျဉ်းသူတွေက နိုင်ငံရေးအကျဉ်းသူတွေဟာ သူတို့ကိုအကူအညီပေးတတ်ကြတာကို သိတာကြောင့် ကျန်းမာရေး၊ လူမှုရေး နဲ့ အတင်းအကျပ်အလုပ်စေခိုင်းတဲ့ကိစ္စတွေ ဖြစ်လာတဲ့အခါ ကျမတို့ကို ပြောပြကြတယ်။ ကျမတို့က စည်းမျဉ်းဥပဒေနဲ့အညီ အကူအညီ ပေးခဲ့ကြတယ်”
- မသရဖီသိမ့်သိမ့်ထွန်း၊ နိုင်ငံရေးအကျဉ်းသား (၂၀၀ရ – ၂၀၁၂)
မည်သို့ပင်ဆိုစေကာမူ ဤအမှီအခိုကင်းမှုနှင့် ဆုံးဖြတ်ချက်ချမှုတို့ရှိလင့်ကစား အကျဉ်းထောင်စနစ်၏ မမျှတမှုများမှာ နိုင်ငံတကာစံနှုန်းများအတိုင်း လက်ခံနိုင်လောက်သော စနစ်တစ်ခုဖန်တီးရန် ပျက်ကွက်နေပေသည်။ ထို့ကြောင့် အတိတ်တွင် ယခင်အကျဉ်းသူဟောင်းများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို အနာဂတ်အကျဉ်းသူများ အတွက် ဆက်လက်တည်ရှိမနေစေရန်အလို့ငှာ အကျဉ်းထောင်စနစ်ကို မဖြစ်မနေပြင်ရမည်ဖြစ်သည်။
နိဂုံးချုပ်
အကျဉ်းကျနေစဉ်နှင့် လွတ်မြောက်ပြီးနောက် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်တွန်းလှန်ခဲ့ကြရသော် လည်း အမျိုးသမီးအကျဉ်းသူများသည်စံနစ်ကို နှုတ်ဆိတ်မနေခဲ့ကြပါ။ အကျဉ်းကျနေစဉ်နှင့် လွတ်မြောက်ပြီး ကာလတလျှောက်လုံးတွင် နိုင်ငံရေးအကျဉ်းသားများကိုယ်စား လှုံ့ဆော်စည်းရုံးခြင်းအပြင် အခြားသောအမျိုးသမီး ရာဇဝတ်အကျဉ်းသူများအတွက်ပါ ဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်ပါသည်။ အကျဉ်းထောင်များသည် အမျိုးသား များက ယောက်ျားများအတွက် တည်ဆောက်ထားခြင်းဖြစ်သဖြင့် ပင်ကိုယ်အားဖြင့် ခွဲခြားခံရမှုများကို ရင်ဆိုင်နေကြရ သည်။ အကျဉ်းထောင်အခြေအနေ တိုးတက်လာပြီး နိုင်ငံတကာ စာချုပ်စာတမ်းများနှင့်အညီ အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများနှင့် အခြားရာဇဝတ်မှုအမျိုးသမီးအကျဉ်းသူများ၏ အခြေအနေတိုးတက်ရန်လိုပါ သည်။ နိုင်ငံရေး အကျဉ်းသူများသည် အကျဉ်းကျခံနေရသောကာလနှင့် လွတ်မြောက်ပြီးနောက်ဘဝသစ်ကို ပြန်လည် တည်ဆောက် သောကာလများတွင် မိမိတိုု့၏ လွတ်လပ်မှုနှင့် ဆုံးဖြတ်မှုများအတွက် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင် ကြသော် လည်း အကျဉ်းကျနေစဉ် ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်ရန်ပေးရန်နှင့် လွတ်မြောက်ပြီးနောက် ၎င်းတို့၏ သက်မွေးဝမ်းကျောင်းမှုကိုလည်း သေချာစွာရရှိစေရန် အစိုးရတွင်တာဝန်ရှိပေသည်။ အမျိုးသမီး နိုင်ငံရေး အကျဉ်းသူဟောင်းများ၏အကြောင်းများကို လေ့လာသုံးသပ်ချက်အရ “သူတို့အကြောင်းများကို ပြောရမည်” “သူတု့ိအသံများကိုကြားစေရမည်”
အကြံပြုတိုက်တွန်းချက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
- မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများရှိနေမှု၊ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ထောင်သွင်းအကျဉ်းချမှုများ ဆက်လက်လုပ်ဆောင်နေခြင်းတို့ကို အသိအမှတ်ပြုရန်။ ဤအစီရင်ခံစာကို ရေးနေချိန်တွင် နိုင်ငံရေးလှုပ်ရှား မှုများကြောင့် အမှုရင်ဆိုင်နေရသူ ၂၄ဝ ယောက်ရှိပြီး ငါးယောက်သည်အမျိုးသမီးများဖြစ်ကြသည်။
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လက်ခံပြီးမူဝါဒအဖြစ်ထည့်သွင်းရန်။
- နိုင်ငံတကာစာချုပ်စာတမ်းတစ်ခုဖြစ်သောနိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးအတည်ပြုရန်နှင့် ၎င်း၏နောက်ဆက်တွဲစာချုပ်များအရ နိုင်ငံသားများနှင့် အကျဉ်းသားများ၏ အခွင့်အရေးများက ိုနိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးရန်။
- နိုင်ငံသားများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေးစာချုပ်နှင့် အခြား ပြင်းထန်သော နာကျင်စေမှုများ၊ လူသားမဆန်စွာ သို့မဟုတ် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော ပြုမူဆက်ဆံမှု သို့မဟုတ် အပြစ်ပေးမှု နှင့် ၎င်း၏ နောက်ဆက်တွဲစာချုပ်များကို အတည်ပြုရန်နှင့် ၎င်းတို့ကို အကောင် အထည်ဖော်မှုအတွက် စောင့်ကြည့်မှုယန္တရား ထားရှိရန်။
- အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်ဆံခြင်း၊ အကျဉ်းထောင်ဝန်ထမ်းများကို လူ့အခွင့်အရေး သင်တန်းများ ထိရောက်စွာပို့ချပေးခြင်းဖြင့် အမျိုးသမီးအကျဉ်းသူများ၏ အထူးလိုအပ်ချက်များကို ဘန်ကောက်စည်းမျဉ်းနှင့် အနိမ့်ဆုံးစံနှုန်းများနှင့်အညီ သေချာစွာ ဆောင်ရွက်နိုင်ရန်ပြုလုပ်ပေးရန်။
- အကျဉ်းသားများအား ဆက်ဆံထားရှိရမည့် အနိမ့်ဆုံးစံချိန်စံညွှန်းများ အမှတ် ၈ အရ နိုင်ငံရေး အကျဉ်းသားများနှင့် အခြားရာဇဝတ်အကျဉ်းသားများကို သီးခြား စီထားရှိရန်
- နိုင်ငံတကာဥပဒေနှင့် မကိုက်ညီသော ကျန်းမာရေးချို့ယွင်းမှုဖြစ်စေသည့် နေထိုင်မှုစံနှုန်းများအတွက် အကျဉ်းထောင်ပြန်လည်ပြုပြင်ရေးလုပ်ရန်
- အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ ပြန်လည်လွတ်မြောက်လာပြီးနောက် ကြုံတွေ့ရသည့် လူ့အသိုင်း အဝိုင်းသို့ ပြန်လည်ဝင်ဆန့်နိုင်ရန် အခက်အခဲများကို ပြေလည်စေရန် အလုပ်အကိုင် အခွင့်အလမ်းများရရှိ စေသည့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို ဖန်တီးပေးရန်
လူမှုအဖွဲ့အစည်းများ
- သက်ဆိုင်ရာတာဝန်ရှိသူများကို လူ့အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးအကျဉ်းသူများ၏ အားနည်းမှု လိုအပ်ချက်များကို သိရှိနားလည်စေနိုင်သော သင်တန်းများ ပေးရန်
- အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများနှင့် ၎င်းတို့၏ မိသားစုများကို ငွေကြေးနှင့် ဆေးဝါး အကူအညီပေးခြင်းဖြင့် ပံ့ပိုးပေးရန်
နိုင်ငံတကာ အသိုင်းအဝိုင်း
- လက်ကျန်နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးအတွက် မြန်မာနိုင်ငံအစိုးရကို ဖိအား ပေးရန်
- အကျဉ်းကျနေစဉ်အမျိုးသမီးများ၏ မညီမျှမှုနှင့် လိင်ကွဲပြားမှုအရ အားနည်းမှုလိုအပ်ချက်များကို အရေးယူ ဆောင်ရွက်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးရန်။
[1]”More than 700,000 women and girls are in prison around the world, new report shows.” World Prison Brief. September 22, 2015. Accessed February 17, 2018. http://www.prisonstudies.org/news/more-700000-women-and-girls-are-prison-around-world-new-report-shows.
[1]Gainsborough, Jenni. “Women in Prison: International Problems and Human Rights Based Approaches to Reform.” William & Mary Journal of Women and the Law 14, no. 2 (2008): 271-304. Accessed February 2018.
[1] Ibid, 271
[1]See appendix 1.
[1] Jeffries, Samantha. “The Imprisonment of Women in Southeast Asia: Trends, Patterns, Comparisons and the Need for Further Research.” Asian Journal of Criminology, 2014, 1-34. Accessed February 2018. https://research-repository.griffith.edu.au/bitstream/handle/10072/63413/97410_1.pdf?sequence=1.
[1]Walmsley, Roy. World Female Imprisonment List (third edition). Report. July 31, 2015. Accessed February 2018.http://www.prisonstudies.org/sites/default/files/resources/downloads/world_female_imprisonment_list_third_edition_0.pdf.
[1] “Myanmar (formerly Burma).” World Prison Brief. January 01, 1993. Accessed February 2018. http://www.prisonstudies.org/country/myanmar-formerly-burma.
[1]Chesney-Lind, Meda.”Women in prison: from partial justice to vengeful equity.”The Free Library.Accessed February 2018.https://www.thefreelibrary.com/Women in prison%3A from partial justice to vengeful equity.-a053520076.
[1] Jeffries, Samantha.
[1]Assistance Association for Political Prisoners (Burma).”Political Prisoner Definition.”AAPP Assistance Association for Political Prisoners Burma RSS. January 2018. Accessed February 2018. https://aappb.org/political-prisoner-definition/.
[1]Assistance Association for Political Prisoners (Burma), and Burmese Women’s Union. Women Political Prisoners in Burma. Report. March 2014. https://aappb.org/wp-content/uploads/2014/03/Women-Political-Prisoners-in-Burma.pdf.
[1]”2017 Political Prisoner Lists.”AAPP Assistance Association for Political Prisoners Burma RSS.Accessed February 22, 2018. https://aappb.org/2018/01/2017-political-prisoner-lists/.
[1]”Monthly Chronology of January and Current Political Prisoners list.”AAPP Assistance Association for Political Prisoners Burma RSS. February 16, 2018. Accessed February 2018. https://aappb.org/2018/02/6986/.
[1]UNODC.”The Bangkok Rules.”Accessed February 2018. https://www.unodc.org/documents/justice-and-prison-reform/Bangkok_Rules_ENG_22032015.pdf.
[1] Ibid.
[1] Ibid.
[1] Ibid.
[1] Ibid.
[1] Ibid
[1]San Yamin Aung. “New Law to Protect Women, Girls Against Violence.” The Irrawaddy, October 17, 2017. Accessed February 2018. https://www.irrawaddy.com/news/burma/new-law-protect-women-girls-violence.html.
[1] UN Women, and Justice Base. Voices from the Intersection: Women’s Access to Justice in the Plural Legal System of Myanmar. Report. 2016. Accessed February 2018. http://www.burmalibrary.org/docs22/Justice_Base-2016-04-22-Women_in%20Myanmar-Plural_legal_systems.pdf.
[1] Reuters. “Prison reform put on the back burner.” Democratic Voice of Burma, January 21, 2018. Accessed February 2018. http://www.dvb.no/news/prison-reform-put-back-burner/79326.
[1]2015 Union Parliamentary Prisons Draft Law: An Unofficial Translation by the Assistance Association for Political Prisoners
[1]Ibid
[1]Ibid
[1]ThetThet Aung interview.
[1]Human Rights Watch. “Abuses Against Women In Custody.” Accessed February 22, 2018. https://www.hrw.org/legacy/about/projects/womrep/General-84.htm.
[1]Than ThanHtay interview.
[1]TharaphiTheintTheintTun interview.
[1]ThetThet Aung interview.
[1]Cho Mar Htwe interview.
[1]TharaphiTheintTheintTun interview.
[1]ThawtarTun interview. E-mail interview by author. February 2018.
[1]Than ThanHtay interview.
[1] Doctor Toe Toe Tin. E-mail interview by author. February 2018.
[1]ThetThet Aung interview.
[1]TheingiOo interview.
[1]Cho Mar Htwe.interview.
[1]Aye Thida. E-mail interview by author. February 2018.
[1]Brenda van den Bergh, Alex Gatherer, Andrew Fraser, and Lars Moller. Imprisonment and women’s health: concerns about gender sensitivity, human rights and public health. Report. September 2010. Accessed February 2018. http://www.who.int/bulletin/volumes/89/9/10-082842/en/.
[1]TheingiOo interview.
[1]Gainsborough. “Women in Prison, 279
[1]ThetThet Aung interview.
[1]May May Than interview.
[1]Doctor Toe Toe Tin interview.
[1]May May Than interview.
[1] El Shwe Phyu, and MaungZaw. “88 inmates to sit for matriculation exam.” Myanmar Times, February 15, 2018. Accessed February 2018. https://www.mmtimes.com/news/88-inmates-sit-matriculation-exam.html.
[1]MaungZaw. “Male inmates at Ohbo to get new school building in January.” Myanmar Times, December 12, 2017. Accessed February 2018. https://www.mmtimes.com/news/male-inmates-ohbo-get-new-school-building-january.html.
[1]Doctor Toe Toe Tin interview.
[1]Ibid.
[1]May May Than interview.
[1]TheingiOo interview.
[1]May May Than interview.
[1]Than ThanHtay interview.
[1]TharaphiTheintTheintTun interview.
[1]TheingiOo interview.
[1]May May Than interview.
[1]ThetThet Aung interview.
[1]TharaphiTheintTheintTun interview.
အစီရင်ခံစာအပြည့်အစုံကိုဒေါင်းလော့ရယူရန် FINAL women’s day paper BURMESE (3)
