၂၀၂၆၊ ဧပြီ တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၆၊ ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ

မေလ ၃ ရက်၊ ၂၀၂၆ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၁) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၃၇) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၇) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၂၀) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

နှစ်ဆန်း ၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတကို ထောင်တွင်းမှ အလွတ်ပြခဲ့ပြီး အိမ်တွင်းမှာ တင်းကြပ်တဲ့ စည်းနှောင်မှုတွေနဲ့ အကျယ်ချုပ်ချထားသည်ဟု တရားဝင်မကြေညာဘဲ ချုပ်နှောင်ထားသည်။ ထို့အပြင် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦများ၊ ဆေးရုံများကို ဆက်လက်ဗုံးကြဲပြီး ကလေးသူငယ်များ၊ အမျိုးသမီးများပါ သတ်ဖြတ်ခံနေရပါတယ်။ အဲဒီလိုဗုံးကြဲသတ်ဖြတ်မှုတွေက အရင်ကထက်ပိုဆိုးလာပါတယ်။ ထိုကျူးလွန်မှုတွေက စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်ပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ်မတရားသဖြင့် သတ်ဖြတ်နေခြင်းများ ရပ်တန့်စေဖို့ ဆောင်ရွက်ရန် အရေးကြီးပါတယ်။

ဦးတိတ်နိုင်၊ အတွင်းရေးမှူး (အေအေပီပီ)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩