၂၀၂၆၊ ဇန်နဝါရီ တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၆၊ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ
ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၆ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၁၃) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၈၇) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၂) ဦး ပါဝင်သည်။
ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၈၂) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံရဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်စစ်တပ်ဟာ အကြောင်းမဲ့ လေကြောင်းက ဗုံးကြဲမှုတွေ၊ စစ်ကြောင်းများက ရပ်ရွာနေအိမ်တွေကို မီးရှို့၊ သတ်ဖြတ်မှု၊ လုယက်မှု၊ မုဒိန်းမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်နေတယ်၊ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုတွေ ပိုပြင်းထန်လာတယ်၊ တခြားသော လူမဆန်တဲ့ ရာဇဝတ်မှုတွေလည်း တိုးလာတယ်။ ဒါဟာ ပြည်သူတွေကို ရန်သူလိုသဘောထားပြီး အရက်စက်ဆုံး အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာ ဖြစ်တယ်၊ ဒီကျူးလွန်မှုတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက ဆက်ပြီးလက်ပိုက်ကြည့်နေဦးမယ်ဆိုရင် ဖက်ဆစ်စစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အဆုံးစွန်ထိ ဆက်ပြီးကျူးလွန်နေမှာပဲ ဖြစ်တယ်။ ဒါကို အမြန်ဆုံး ဝိုင်းဝန်း အရေးယူဖို့ မဖြစ်မနေ လိုအပ်လာနေပါပြီ။
ကိုတိတ်နိုင်၊ အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)