အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့ ထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျရာက်သော အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့၌ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကမာ္ဘ့အနှံ့အပြားတွင်ရှိသော နိုင်ငံရေးအကျဉ်းသားများ နှင့်ထပ်တူ ရပ်တည်ပြီး အစိုးရအား ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာဆောင်ရွက် ရမည့် အနိမ့်ဆုံး စံနှုန်းများ(SMRs)ဟုခေါ်တွင်သော နယ်လ်ဆင်မန်ဒဲလားစည်းမျဉ်းများအား လိုက်နာ ဆောင်ရွက် ပါရန် တိုက်တွန်းအပ်ပါသည်။
အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာဆောင်ရွက်ရမည့် အနိမ့်ဆုံး စံနှုန်းများ(SMRs)တွင် အကျဉ်းသားများကို မည်ကဲ့သို့ ပြုမှုဆက်ဆံရမည်ကို လမ်းညွှန်မှုပေးထားပြီး ထိုစည်းမျဉ်းများအား လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အကျဉ်းသားများ၏ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းခံရမည် မဟုတ်ပေ။
အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာဆောင်ရွက်ရမည့် အနိမ့်ဆုံး စံနှုန်းများ(SMRs)သည် အောက်ပါ စံနှုန်းများနှင့် ဆက်စပ်လျှက်ရှိသည်၊
- အကျဉ်းသားများ၏ မွေးရာပါ လူ့ဂုဏ်သိက္ခာကို လေးစားခြင်း
- ထိခိုက်လွယ်သူများကို ကာကွယ်မှုပေးခြင်း
- ဥပဒေဆိုင်ရာ ခံစားခွင့်ကို ရရှိခြင်း
- အကျဉ်းထောင်များကို လွတ်လပ်စွာ စစ်ဆေးခွင့်ရှိသည့် နည်းလမ်းများ ထားရှိခြင်း
မကြာသေးမီက အင်းစိန်ဗဟိုအကျဉ်းထောင်၌ ထောင်ဝင်စာဧည့်တွေ့ခန်းနှင့် ထောင်ဝင်စာဧည့်သည် နားနေဆောင် သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားဦးရေ စုစုပေါင်း ၂၃၀၀ဝ ဦး လွတ်မြောက်လာခဲ့သည်။ သို့သော်လည်း အကျဉ်းထောင်စံနှုန်းများသည် ဆက်လက်၍ ကျဆင်းဆဲဖြစ်သည်။ အကျဉ်းထောင်တွင်း လွန်မင်းစွာ အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်းနှင့် ဆိုးရွားသော အကျဉ်းထောင်တွင်း အခြေအနေများသည် အကျဉ်းသားများအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ ယခုလက်ရှိတွင်ဖြစ်ပေါ်နေ သော အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်းသည် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုးဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ သုံးသပ်ပါသည်။
ယနေ့ကျရာက်သော အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့၌ ကျွန်ုပ်တို့သည် နယ်လ်ဆင်မန်ဒဲလား တစ်ဦးတည်းကိုသာမက နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမှတ်ရနေမည်ဖြစ်သည့်ပြင် ၎င်းတို့၏ အတိတ်ကာလ ၌ စွန့်လွှတ်အနစ်နာခံခဲ့မှုများကို အမှတ်ရနေဦးမည်ဖြစ်သည်။ ထို့ပြင် ပစ္စုပ္ပန်ကာလ၌ ဒီမိုကရေစီရေးအတွက် ဆက်လက်၍ တိုက်ပွဲဝင်နေသူများအားလုံးနှင့် အကျဉ်းသားရေးရာ ကိစ္စရပ်များတိုးတက်မှုရှိစေရန် ဆောင်ရွက် နေသူများအားလုံးနှင့်အတူလည်း ရပ်တည်လျက်ရှိဦးမည်ဖြစ်သည်။ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို ကျင့်သုံးခဲ့ခြင်းအတွက် အကျဉ်းကျခြင်းခံရသူများကို မေ့လျော့ခြင်းမပြုသင့်ပေ။
အကျဉ်းထောင်အတွင်းတွင်ဖြစ်စေ သို့မဟုတ် အကျဉ်းထောင်ပြင်ပတွင်ဖြစ်စေ လူ့အခွင့်အရေးသည် လူသားအားလုံး နှင့်သက်ဆိုင်သည်ဆိုသည်ကို အစိုးရအနေဖြင့် သိရှိရမည်ဖြစ်သည်။ ၎င်းပြင် အစိုးရမှ အကျဉ်းထောင်တွင်းအပါအဝင် ၎င်း၏ နိုင်ငံသားများ၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာ ဆောင်ရွက်ရမည့် အနိမ့်ဆုံး စံနှုန်းများ(SMRs)ကဲ့သို့သော စည်းမျဉ်းများကို အမြန်ဆုံး အကောင်အထည်ဖော်၍ လိုက်နာကျင့်သုံးရမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃
ဒေါင်းလော့ရယူရန် Nelson Mandela International Day (Burmese)
