အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး အေအေပီပီ၏ သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ရ ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စစ်တပ်၏အကျဉ်းစခန်းအတွင်း အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးသွားခြင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံသားများအပေါ် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုအား ဆက်လက်အသုံးပြုကာ တရားမဲ့သက်ဖြတ်ခြင်းများကို အမှတ်ရစေသည့် ထိတ်လန့် တုန်လှုပ် ဖွယ်ရာ ကိစ္စတစ်ခုဖြစ်ပါသည်။
ကိုပါကြီးသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကာလကြီးအတွင်းတွင် ဖွဲ့စည်းခဲ့သည့် သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာပြီး ထိုကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် လုပ်ဆောင် ခဲ့ပါသည်။ ထို့နောက် ကိုပါကြီးသည် အလွတ်သတင်းထောက် တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး လတ်တစ်လောဖြစ်ပွါးခဲ့သည့် မြန်မာစစ်တပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျုိုးသားတပ်မတော် (DKBA) တို့၏ ဆက်လက်ဖြစ်ပွါးနေခဲ့သည့် တိုက်ပွဲများအကြောင်း သတင်းယူခဲ့ကာ၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဓါတ်ပုံရိုက်ကူးရေး ပြီးဆုံးပြီးနောက် ပျောက်ဆုံးသွားခဲ့ပါသည်။
ထိုကဲ့သို့သတင်းယူခဲ့ပြီး စက်တင်ဘာလ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံစစ်တပ် လက်အောက်ခံ အမှတ် (၂၀၄) ခြေမြန်တပ်ရင်း၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကာ အမှတ် (၂၀၈) ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းခဲ့ပြီး အောက်တိုဘာလ (၄) ရက်နေ့တွင် သေဆုံးသွားကြောင်း သိရှိခဲ့ရပါသည်။ အစိုးရအာဏာပိုင်တို့မှ ကိုပါကြီးသည် ဖမ်းဆီးထားစဉ်အတွင်း လုံခြုံရေးယူနေသော စစ်သားတစ်ဦး၏ လက်နက်ကို လုယူကာ ထွက်ပြေးရန် ကြိုးစားခဲ့သည့်အတွက် ပစ်ခတ်ဖမ်းဆီး ရသောကြောင့် သေဆုံးကြောင်း ပြောကြားခဲ့ပါသည်။ ယခုအချိန်အထိ မိမိတို့အနေဖြင့် ထိုကဲ့သို့ စွပ်စွဲမှုနှင့်ပတ်သက်ပြီး မည်သည့်သက်သေမှ မတွေ့ရှိရပဲ အာဏာပိုင်တို့မှ သေဆုံးသည့်အလောင်းအား မိသားစုဝင်များသို့ ပြန်လည် ပေးအပ်ရန်လည်း ပျက်ကွက်ခဲ့ပါသည်။ ကိုပါကြီးအား ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ထိုကဲ့သို့ သတ်ဖြတ်ခံရခြင်းသည် မည်သို့မှ လက်ခံနိုင်ဖွယ်ရာမရှိသော နိုင်ငံသားတစ်ဦး၏ အခြေခံလူ့အခွင့်အရေးများအား ချိုးဖေါက်ခြင်းပင်ဖြစ်သည်။
ကိုပါကြီး သေဆုံးခြင်းသည် မြန်မာနိုင်ငံရှိ နိုင်ငံသားတို့၏ အခွင့်အရေးများကို မည်သို့မျှ လေးစားလိုက်နာခြင်း မရှိကြောင်းနှင့် ထိုနိုင်ငံသားများအပေါ် မည်မျှခြိမ်းခြောက် အကြမ်းဖက်မှုများ အသုံးပြုနေခြင်းကို အလွန်ဆိုးရွားစွာ ပြသလိုက်ခြင်းပင်ဖြစ်သည်။ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း များသည် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသည့် အခြေခံလူ့အခွင့်အရေးများအား ချိုးဖေါက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းရှိ လူထုအားဖိနှိပ်ရန်နှင့် ၎င်းတို့၏အခွင့်အရေးများအား ငြင်းဆန်ရန်အတွက် ထိုကဲ့သို့ နည်းလမ်းများအား မည်မျှ စနစ်တကျသုံးစွဲနေသည်ကို ကိုပါကြီးသေဆုံးခဲ့သည်ဖြစ်ရပ်မှ သိသာထင်ရှားစေပါသည်။ အစိုးရအနေဖြင့် ကိုပါကြီး အမှန်တကယ် ဖြစ်ပျက်ကြုံတွေ့ခဲ့ရသည်တို့ကို ဖေါ်ထုတ်ရန်လိုအပ်ပြီး သူသေဆုံးခြင်းကိစ္စ သာမက မည်သည့် ဥပဒေ၏ပြင်ပတွင် သတ်ဖြတ်ခြင်းမျိုးကိုမဆို စုံစမ်းစစ်ဆေးပေးရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ထိုကဲ့သို့သော ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း နှိပ်စက်ခြင်းများကို အပြင်းအထန်ရှုတ်ချလိုက်ပြီး ကိုပါကြီးကဲ့သို့သော အမှုနှင့် မြန်မာနိုင်ငံအတွင်းရှိ ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် မည်သည့်အမှုမျိုးတို့အတွက်မဆို လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။ အကယ်၍ အစိုးရအနေဖြင့် လွတ်လပ်သည့် ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်ကို တွေ့မြင်လိုပါက ၎င်းတို့အနေဖြင့် ယခု ကိုပါကြီးကိစ္စအတွက် လေးလေးနက်နက်လုပ်ဆောင်ရန် လိုအပ်ပြီး၊ ထိုကဲ့သို့ စနစ်တကျဖြစ်ပျက်နေသည့် လူမဆန်သည့်ကိစ္စရပ်များအားလည်း အဆုံးသတ်ပေးရန် လိုအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင် +၆၆(၀)၈၁ ၂၈ရ ၈၇၅၁
ကိုဘိုကြည် +၉၅(၀)၉၄ ၂၅၃ဝ ၈၈၄၀
