သတင်းထောက်များအပေါ် ဖိနှိပ်မှုများအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှ သဘောထားထုတ်ပြန်ချက်
ထုတ်ပြန်ကြေညာချက်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၁၆ရက်၊
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့ (ကြာသာပတေးနေ့) တွင် “နိုင်ငံတော်အစိုးရ၏ လျှို့ဝှက်ချက် အားဖေါက်ဖျက်ကျူးလွန်သည်”ဟုဆိုကာ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်၊ အယ်ဒီတာချုပ်နှင့် သတင်းထောက် ၄ ဦးတို့အားထောင်ဒဏ် ၁ဝ နှစ်စီအသီးသီးချမှတ်ခဲ့ပါသည်။ အစိုးရမှ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်များအား ခွင့်ပြုပါမည်ဟုကတိကဝတ်များ ပြုခဲ့ပါသော်လည်း ထိုကဲ့သို့နိုင်ငံရေးအရှိန်အဝါ ဩဇာအာဏာဖြင့် ချမှတ်လိုက်သည့် ထောင်ဒဏ်သည် လွတ်လပ်စွာသတင်းထုတ်ဖေါ်ခွင့်အား ကာကွယ်ပါမည် ဆိုသော အစိုးရ၏ထုတ်ဖေါ်ပြောကြားမှုများနှင့် များစွာဆန့်ကျင်လျှက်ရှိပါသည်။
ယူနတီဂျာနယ်မှ ဝန်ထမ်းများသည် ဓါတုလက်နံစက်ရုံဟုထင်ရသော အဆောက်အဦးအားစုံစမ်းရန် ကြိုးပမ်း ခဲ့ပြီးနောက် ၎င်းတို့အား၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ ဖြင့် တရားစွဲဆြိုခင်းကိုခံခဲ့ရကာ ဇူလိုင်လ ၁ဝ ရက်နေ့တွင် ထိုစွဲဆိုထားသောအမှုဖြင့် အထက်ပါ ၅ ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ယူနတီဂျာနယ်သတင်းထောက်များ၏ ထောင်ဒဏ်သည် မြန်မာနိုင်ငံအတွင်းတွင် အစိုးရမှ သတင်းရေးသား ထုတ်ဖေါ်မှု၏ လွတ်လပ်ခွင့်အပေါ် လတ်တလောဖိနှိပ်မှုပင် ဖြစ်သည်။ ပြီးခဲ့သည့် အပတ်တွင် မွန်းတည့်နေနှင့် Bi မွန်းတည့်နေထုတ်ဝေသော ဂျာနယ်တိုက်မှ သတင်းထောက်များနှင့် ဝန်ထမ်းများစုစုပေါင်း ၅ ဦးသည်လည်း မြန်မာ့ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) ၏ ပြောဆိုချက်ကို ၎င်းတို့၏ဂျာနယ်တွင် ထုတ်ပြန် ရေးသားခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါသည်။ Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် ထိုသတင်းဂျာနယ်တိုက်မှ ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းမှုသည် သတင်းဂျာနယ်တိုက်၏လုပ်ငန်းများ ဆက်လက်ပုံနှိပ်၊ ထုတ်ဝေ ဖြန့်ချီမှုများကို များစွာအခက်အခဲဖြစ်စေခဲ့သည်။ မွန်းတည့်နေဂျာနယ်တိုက် လည်းပိတ်လိုက်ရသည့်အထိ ဖြစ်စေခဲ့ပါသည်။
သတင်းသမားတစ်ဦးမှစုံစမ်းဖေါ်ထုတ်ပြီး သတင်းထုတ်ပြန် ရေးသားခြင်းကြောင့် ထိုကဲ့သို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရခြင်းဆိုသည့် အချက်သည်လည်း နိုင်ငံ၏ လွတ်လပ်စွာသတင်းထုတ်ဖေါ်ခွင့် အားနည်းလျှော့ရဲမှုကို ပြသနေပါသည်။ မြန်မာပြည်သူတို့အား သတင်းမှန်များကိုအသိပေးနိုင်ရန် သတင်းထုတ်ပြန်မှုကို ထိုကဲ့သို့ထောင် သွင်းအကျဉ်းချဖိနှိပ်မှုကြောင့် မိမိတို့အေအေပီပီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိသတင်းထောက်များနှင့် သတင်းလွတ်လပ်မှုအတွက် လွန်စွာပင် စိုးရိမ်ပူပန်မိပါသည်။ လွတ်လပ်စွာသတင်းထုတ်ဖေါ်စုံစမ်းခွင့်နှင့် လွတ်လပ်စွာသတင်းထုတ်ပြန်ခွင့်များကို မကာကွယ်သရွေ့ မြန်မာနိုင်ငံရှိသတင်းထောက်များသည် နှောက်ယှက်ခံရမှု နှင့် ဖမ်းဆီးခံရခြင်းများအား ကြောက်ရွံ့နေရခြင်းမရှိပဲ ၎င်းတို့၏ အလုပ်များကို လုပ်ဆောင် နိုင်မည် မဟုတ်ပါ။
ထို့အပြင် ယူနတီသတင်းထောက်များအား ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် မြန်မာအစိုးရမှ ပြည်သူလူထု၏ လွတ်လပ်မှုကိုကာကွယ်ရာတွင် မည်ကဲ့သို့မှ ပြောင်းလည်းတိုးတက်ခြင်းများ မလုပ်ဆောင်ပေးနိုင်ကြောင်းကို ပြသရာလည်းရောက်ပေသည်။ အစိုးရမှ ယူနတီဂျာနယ်၏ သတင်းထောက်များအပေါ် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ အသုံးပြု၍ ထောင်ဒဏ်ချမှတ်ခြင်းနှင့် Bi မွန်းတည့်နေဂျာနယ်မှ သတင်းထောက်များနှင့် ဝန်ထမ်းများအပေါ် ၁၉၅ဝ ခုနှစ် အရေးပေါ်အက်ဥပဒေအသုံးပြုပြီး ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် စစ်အာဏာရှင်အစိုးရလက်ထက်အတွင်း သတင်းလွတ်လပ်ခွင့်များအား ဖိနှိပ်မှုအပေါ် ပြန်လည်အမှတ်ရစေပါသည်။ ထိုကဲ့သို့စစ်အာဏာရှင် အစိုးရလက်ထက်မှာကဲ့သို့ ပြုလုပ်နေမှုများသည် မြန်မာနိုင်ငံတွင် သတင်းထုတ်ဖေါ်ခွင့်/သတင်းလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းမှုအတွက် မျှော်လင့်ချက်မရှိ သလောက် နည်းပါးလှသည်ဆိုသည့် အနာဂတ်ကိုသတိပေးနေသလို လူထုအခြေပြုအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ ခြိမ်းခြောက်နေပါသည်။
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်မှုနှင့်ပတ်သက်၍ နိုင်ငံတကာမှ စောင့်ကြည့်လျှက်ရှိပြီးအသိအမှတ်ပြု ချီးကျူးခံ နေရချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်မှုများသည် အသိအမှတ်ပြုချီးကျူးခဲ့သည့် နိုင်ငံများမှ ယုံကြည်မှု တဖန်ပြန်၍ လျော့နည်းလာမည်လည်း ဖြစ်ပေသည်။
အေအေပီပီမှ ယူနတီဂျာနယ်မှ သတင်းထောက်များအားလုံးအား ခြွင်းချက်မရှိအမြန်ဆုံး ပြန်လွတ်ပေးသင့် ကြောင်း တောင်းဆိုလိုက်ပါသည်။ မိမိတို့မှ ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းထောက်များကိုယ်စား ထောက်ခံပြောဆိုသွားမည်ဖြစ်သလို လက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီသို့လည်း ၎င်းတို့၏ အမည်များအား တင်သွင်းကာ ၎င်းတို့လွတ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင် +၉၅ (၀) ၉၄ ၂၈၀၂ ၃၈၂၈
ကိုဘိုကြည် +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃
ဒေါင်းလော့ရယူရန်—-Statement regarding Unity Journal (Bur)
